သြဂုတ် ၁၇၊ ၂၀၁၆
M-Media
– မလေးရှားနိုင်ငံရှိ အစ္စလာမ့်နည်းကျ ဘဏ်လုပ်ငန်းများမှာ သိသိသာသာ တိုးတက်လာနေပြီး လက်ရှိတွင် နိုင်ငံ ဘဏ်လုပ်ငန်း၏ ၂၇ ရာခိုင်နှုန်းအထိ ရှိနေကာ မလေးရှားဗဟိုဘဏ်၏ ဘဏ္ဍာရေးစီမံကိန်းအောက် ရည်မှန်းချက်ဖြစ်သော ၂၀ ရာခိုင်နှုန်းကိုပင် ကျော်လွန်သွားခဲ့ခြင်းဖြစ်သည်။
ဗဟိုဘဏ်၏ ယမန်နေ့ထုတ်ပြန်ချက်တွင် ထိုကဲ့သို့ ဖော်ပြထားခြင်းဖြစ်ပြီး အစ္စလာမ့်ဘဏ္ဍာရေးလုပ်ငန်းမှာ မလေးရှား ဘဏ္ဍာရေးနစ်၏ အဓိကအစိတ်အပိုင်း ဖြစ်နေသည်ဟုလည်း ဆိုသည်။
“ဒီလိုဖြစ်လာတာဟာ အခြေခံအဆောက်အဦး၊ အသင်းအဖွဲ့ဆိုင်ရာနဲ့ စွမ်းရည်မြှင့်တင်ရေးလုပ်ငန်းတွေ၊ ပြီးတော့ ခိုင်မာတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ ကြပ်မတ်ထားတဲ့မူဘောင်တွေအပေါ် ဦးတည်ပြီး အခြေခိုင်ခိုင်တည်ဆောက်ဖို့ စဉ်ဆက်မပြတ်စီမံကိန်းတွေ ပြုလုပ်ခဲ့ခြင်းရဲ့ အကျိုးဆက်တွေပါပဲ” ဟု New Straits Times သတင်းစာက ဖော်ပြခဲ့သည်။
ဗဟိုဘဏ်အကြီးအကဲ ဒါတွတ် မိုဟာမက် အီဘရာဟင်ကလည်း “ဒီသတ်မှတ်ချက်တွေဟာ အစ္စလာမ့်နည်းကျ ဘဏ္ဍာရေးလုပ်ငန်းရဲ့ အဓိက အစိတ်အပိုင်းတွေပါပဲ” ဟု မူရာဘာဟာစည်းမျဉ်းနှင့်ပတ်သက်၍ အဓိကထားပြုလုပ်သော ‘ပညာရှင်များ၏ ရှရီအသ်လမ်းညွှန်နှင့် လက်တွေ့ဆောင်ရွက်ခြင်းဆိုင်ရာ စံသတ်မှတ်ချက်များ’ အခမ်းအနားဖွင့်ပွဲ၌ ပြောကြားခဲ့သည်။
မလေးရှားတွင် ၂၀၀၀ ခုနှစ်က အစ္စလာမ့်နည်းကျ ဘဏ်လုပ်ငန်းနှင့် ငွေချေးလုပ်ငန်း ၄ ခုသာ ရှိရာမှ ယခုအချိန်တွင် ၂၇ ခုအထိ ရှိလာခဲ့ပြီး ငွေကြေးဆိုင်ရာ ၀န်ဆာင်မှုပေါင်း ၁၀၀ ကျော်ကို ဆောင်ရွက်ပေးနေသည်။
မကြာသေးမီက Reuters မှ ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတွင် ပြီးခဲ့သည့်နှစ် ကမ္ဘာ့အစ္စလာမ့်ဘဏ္ဍာရေးလုပ်ငန်း၏ ၆၅ ရာခိုင်နှုန်းကို မလေးရှား၊ ဆော်ဒီအာရေဗျ၊ အီရန်တို့က စိုးမိုးထားသည်ဟု ဖော်ပြခဲ့သည်။
Ref; IINA
Leave a Reply
You must be logged in to post a comment.