စက်တင်ဘာ ၁၉၊ ၂၀၁၆
M-Media
– စနေနေ့က နယူးယောက်မြို့ မြို့လယ်ကောင် မန်ဟက်တန်တွင် ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုနှင့် ဆက်စပ်သည်ဟု ယူဆရသူတစ်ဦးကို ရဲတပ်ဖွဲ့က ရှာဖွေနေသည်ဟု သိရသည်။
အဆိုပါ သံသယရှိသူမှာ အသက် ၂၈ နှစ်အရွယ်ရှိ အဟ်မဒ် ခန်း ရဟ်မာနီဆိုသူဖြစ်ပြီး အာဖဂန်နွယ်ဖွား အမေရိကန်နိုင်ငံသားအဖြစ် ရရှိထားသူဖြစ်သည်။ ၎င်းမှာ နယူးဂျာစီတွင် နေထိုင်သူဖြစ်ပြီး ရဲတပ်ဖွဲ့ကမူ လက်နက်ဖြင့် အန္တရာယ်ရှိနိုင်သည်ဟု သတိပေးချက် ထုတ်ပြန်ထားသည်။
ယမန်နေ့တွင် နယူးယောက်အုပ်ချုပ်ရေးမှူး အန်ဒရူး ကူအိုမိုက ထိုပေါက်ကွဲမှုမှာ အကြမ်းဖက်ဝါဒနှင့် ဆက်နွယ်မှုရှိသော အထောက်အထားမျိုး မတွေ့ရဟု ပြောကြားခဲ့သော်လည်း ယနေ့ထုတ်ပြန်သော ကြေငြာချက်တွင် စုံစမ်းစစ်ဆေးမှုများအရ ထိုပေါက်ကွဲမှုမှာ နိုင်ငံရပ်ခြားနှင့် ဆက်စက်မှု ရှိနိုင်သည်ဟု အုပ်ချုပ်ရေးမှူးက ပြောကြားခဲ့သည်။
မန်ဟက်တန်ရှိ ချယ်ဆီးရပ်ကွက်တွင် ဖြစ်ပွားခဲ့သော ပေါက်ကွဲမှု၌ ဒဏ်ရာရသူ ၂၉ ဦးရှိခဲ့ပြီး၊ နောက်ပိုင်းတွင် ဆေးရုံမှ ဆင်းသွားခဲ့ကြသည်။
ပြည်ထဲရေးတာဝန်ရှိသူတစ်ဦးကမူ မိမိတို့မှာ တနင်္ဂနွေနေ့ ညနေပိုင်းက နယူးဂျာဆီတွင် ပေါက်ကွဲစေတတ်သော ပစ္စည်း ၅ ခုကို တွ့ရှိခဲ့ရပြီး ၎င်းတို့မှာ မန်ဟက်တန် ပေါက်ကွဲမှုနှင့် ဆက်စပ်နေသည်ဟု ပြောကြားခဲ့သည်။ ညဥ့်နက်ပိုင်းတွင်လည်း နောက်ထပ် ပေါက်ကွဲစေတတ်သည့် ပစ္စည်း ၅ ခုကို နယူးဂျာဆီရှိ ရထားဘူတာတွင် တွေ့ခဲ့ရပြီး ထိုအထဲမှတစ်ခုကို အာဏာပိုင်များက စနက်တံဖြုတ်နေစဉ် ယနေ့မနက်ပိုင်းက ပေါက်ကွဲခဲ့သည်။
မန်ဟက်တန်ပေါက်ကွဲမှုနှင့်ပတ်သက်၍ ဆိုရှယ်မီဒီယာတစ်ခုဖြစ်သော Tumblr တွင် လူတစ်ဦးက I Am The NY Bomber (ကျွန်တော်နယူးယောက်ဗုံးခွဲသမားပါ) ဆိုသည့် ခေါင်းစဉ်ဖြင့် ကြေငြာစာတမ်းတစ်ခုကို လွှင့်တင်ခဲ့ပြီး မိမိက ထိုဖောက်ခွဲမှုကို ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ မိမိမှားယွင်းသည်ကို သိသော်လည်း လိင်တူချစ်သူနှင့် အခြားသော LGBTQ လူ့အဖွဲ့အစည်းအား ပတ်ဝန်းကျင်၏ နှိမ့်ချဆက်ဆံမှုကို မခံနိုင်တော့၍ ထိုကဲ့သို့ ဖောက်ခွဲခြင်းကြောင်း ရေးသားဖော်ပြခဲ့သည်။
အဆိုပါပို့စ်၏ စစ်မှန်မှုနှင့်ပတ်သက်၍ အတိအကျ မပြောနိုင်သော်လည်း ထိုအတွက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်ဟု အာဏာပိုင်များက ပြောကြားခဲ့သည်။
Ref: Aljazeera,Independent
Leave a Reply
You must be logged in to post a comment.