စက်တင်ဘာ ၂၀၊ ၂၀၁၆
M-Media
– အိုးထရက်ဖို့ဒ်တွင် အောင်မြင်လိုပါက မော်ရင်ဟိုအနေဖြင့် အသင်းသားများအား မယုံကြည်စိတ် ထည့်ပေး၍ မရဟု မန်ယူနည်းပြဟောင်း ရွန် အတ်ကင်ဆန်က ပြောကြားလိုက်သည်။
မော်ရင်ဟိုကိုင်တွယ်သည့် မန်ယူမှာ ရာသီအစ ၄ ပွဲဆက်တိုက် အနိုင်ရရှိခဲ့သော်လည်း ပြီးခဲ့သည့် ၁၀ ရက်အတွင်း မြို့ခံပြိုင်ဘက် မန်စီးတီး၊ အသင်းငယ် ၀က်ဖို့ဒ်တို့ အပါအ၀င် ၃ ပွဲဆက်တိုက် ရှုံးနိမ့်ခဲ့သည်။ မော်ရင်ဟိုကမူ ၎င်း၏ ယခင်ပေါ်လစီအတိုင်း မန်စီးတီးနှင့် ၀က်ဖို့ဒ်တို့အား ရှုံးနိမ့်မှုအတွက် ဒိုင်လူကြီးများကို အပြစ်တင်ခဲ့သည်။
သို့သော်လည်း ၁၉၈၃ နှင့် ၁၉၈၅ ခုနှစ်များတွင် မန်ယူအသင်းအတွက် FA ဖလားများရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည့် နည်းပြဟောင်း အတ်ကင်ဆန်ကမူ မော်ရင်ဟို၏ အသင်းအား စီမံခန့်ခွဲမှုမှာ အလုပ်ဖြစ်မည်ဟု မယုံကြည်ကြောင်း ပြောကြားခဲ့သည်။
“သူကိုင်တဲ့အသင်းတွေမှာ မယုံကြည်စိတ်ထည့်ပေးထားမျိုးကို ကျွန်တော် သဘောမကျပါဘူး။ အသင်းသားတွေကို ထိထိရောက်ရောက် ကာကွယ်လိုတာက အပြစ်မဟုတ်ပေမယ့် လူတိုင်းကို ရန်သူလို့ သဘောထားရမှာမျိုးတော့ မဟုတ်ပါဘူး။ ဒီလိုချဉ်းကပ်မှုမျိုးဟာ မန်ယူမှာ အလုပ်ဖြစ်မယ်လို့ ကျွန်တော် မထင်ပါဘူး။ ဘာ့ကြောင့်လည်းဆိုတော့ ဒါမျိုးဟာ အသင်းမှာအကြပ်အတည်း ဖြစ်လာနိုင်လို့ပါ”
ထို့ပြင် မန်ယူမှာ အသင်းကြီးတစ်သင်းဖြစ်သောကြောင့် အားလုံးကို ရန်သူကဲ့သို့ သဘောထားနေခြင်းမှာ အသင်းအတွက် မိတ်ဆွေများ ဆုံးရှုံးသွားစေနိုင်ကြောင်း အတ်ကင်ဆန်က ထည့်သွင်းပြောကြားခဲ့သည်။
Ref : Goal


Leave a Reply
You must be logged in to post a comment.