အောက်တိုဘာ ၁၊ ၂၀၁၂
သတင်း – ဇာဏီ
မန္တလေး ။ ။ မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်သော တိုင်းရင်းသား မြန်မာမွတ်စလင်မ် (ခေါ်) ပသီအမျိုးသားတို့၏ ဂုဏ်ရောင်ပြောင်မြောက်သော သမိုင်းဝင် အမျိုးသားနေ့အခမ်းအနားကို ယခင်က နှစ်စဉ် ကျင်းပခဲ့သည့် အတိုင်း ယခုနှစ်တွင်လည်း (၅၁)နှစ်မြောက်အခမ်းအနားကို မန္တလေးမြို့၊ အမရပူရမြို့နယ်၊ ဘုန်းအိုးကျေးရွာတွင် ၂၀၁၂-ခု အောက်တိုဘာလ (၁)ရက်နေ့ နံနက်(၉)နာရီတွင် ကျင်းပခဲ့ပြီး လူ(၁၀၀)ခန့်တက်ရောက်၍ ကျောက်ဆည်နှင့် ပြင်ဦးလွင်မြို့များမှပါ လာရောက်ခဲ့သည်။
ယင်းအခမ်းအနား၌ ပသီဦးမောင်မောင်စိုးမှ အမှာစကားပြောကြားတွင် ပသီကွန်ဂရက်သည် ဗမာမွတ်စလင်ကွန်ဂရက်(ဗ.မ.က)မှ ဆင်းသက်လာကြောင်း၊ ပသီဆိုတာ မြန်မာဘုရင်တွေလက်ထက်ကတည်းက ရှိခဲ့ပြီးသားဖြစ်ကြောင်း၊ ဒီမိုကရေစီခေတ်မှ လူ့အစုအဝေးတွေဟာ မိမိတို့ရဲ့ အမျိုးသားရေးကို ဆောင်ရွက်နိုင်လာပြီဖြစ်ကြောင်း၊ တပြည်ထောင်မူနဲ့ ပြည်ထောင်စုမူကွာခြားမှုရှိကြောင်း၊ မြန်မာနိုင်ငံမှာ ဖက်ဒရယ်နဲ့ ပတ်သက်ပြီး ၀ိဓူရသခင်ချစ်မောင် ပြောခဲ့တဲ့ ပြည်နယ်(၈)ခုနဲ့ မြန်မာပြည်ဆိုတာနဲ့ ပတ်သက်ပြီး ရှင်းလင်းစွာ သိထားဖို့လိုကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ကလည်း လူမျိုး(တိုင်းရင်းသား)ဆိုတဲ့အဓိပ္ပါယ်ကို တိကျတဲ့ ဖွင့်ဆိုချက်မရှိသေးဟု ပြောကြားထားကြောင်း၊ ယခုအခါ လူမျိုးပေါင်း (၁၃၅)မျိုးပဲဆိုပြီးဖော်ပြတာဟာ အလွန်ဝမ်းနည်းစရာကောင်းကြောင်း၊ မြန်မာနိုင်ငံမှာ ပျောက်ကွယ်သွားတဲ့ လူမျိုးတွေရှိခဲ့သလို အသစ်ပေါ်လာတဲ့ လူမျိုးတွေလည်း ရှိခဲ့ကြောင်းများကို ရှင်းလင်းပြောပြပြီး နိဂုံးချုပ်အနေနဲ့ ‘မိမိကိုယ်မိမိ ဘာလူမျိုးလဲဆိုတာ စဉ်းစားပါ။ ထိုင်နေရင် ကုလားတွေပဲဖြစ်မယ်၊ လုပ်သင့်တာကိုလုပ်မှ တိုင်းရင်းသားဖြစ်မယ်’ လို့ ပြောကြားခဲ့ပါတယ်။
ထို့နောက် အမျိုးသားရေးဝါဒမှလူမျိုးစုံများအကြောင်းကို စာတမ်းဖတ်ကြားခဲ့ကြပြီး အမျိုးသားညီညွတ်ရေး ကွန်ဂရက် (ရန်ကုန်)အမှုဆောင်အဖွဲ့ဝင် H.ဦးမျိုးအောင်ပေးပို့သော စာတမ်းကို ဖတ်ကြားပြီး၊ တက်ရောက်လာသူတချို့မှ ဆွေးနွေးမှုများ၊ မေးမြန်းချက်များကို ပြန်လည်ဖြေကြားကြပြီး နေ့လည် ၁၂-နာရီခွဲတွင် အခမ်းအနားကို ရုပ်သိမ်းခဲ့ပါတယ်။၎င်းနောက် ပသီအမျိုးသားနေ့ အခမ်းအနားသို့ တက်ရောက်လာကြသူများအား နေ့လည်စာထမင်းဖြင့် ဧည့်ခံကျွေးမွေးပြီးနောက် နေ့ခင်းပိုင်းတွင်မူ ၀မ်းအိုဝမ်းဦးကျော်ဝင်းမောင်အတွက် ဆုတောင်းခြင်း အခမ်းအနားကို ဆက်လက်ပြုလုပ်ခဲ့ကြောင်းလည်း သိရပါတယ်။
Leave a Reply
You must be logged in to post a comment.