News @ M-Media

အာရပ်ကမ္ဘာ၏ အကြီးဆုံးစာကြည့်တိုက် ဒူဘိုင်းတွင်ဆောက်မည်

နိုဝင်ဘာ ၂၁၊ ၂၀၁၆
M-Media

dubai
‘မိုဟာမက် ဘင် ရာရှစ် စာကြည့်တိုက်’ ပုံစံငယ်

– အာရပ်ကမ္ဘာတွင် အကြီးဆုံးစာကြည့်တိုက် ဖြစ်လာမည့် စာကြည့်တိုက်တစ်ခုကို ဆောက်လုပ်ရန်အတွက် အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး) ၏ ဒုတိယသမ္မဖြစ်ပြီး ဒူဘိုင်းအုပ်ချုပ်ရေးမှူး ရှိခ် မိုဟာမက် ဘင် ရာရှစ်က အမိန့်ထုတ်ပြန်လိုက်သည်ဟု သိရသည်။

‘မိုဟာမက် ဘင် ရာရှစ် စာကြည့်တိုက်’ ဟု အမည်ပေးမည့် အဆိုပါစာကြည့်တိုက်မှာ စုစုပေါင်း ဒီရ်ဟမ် ၁ ဘီလီယံ ကုန်ကျမည်ဖြစ်ပြီး စာအုပ်ပေါင်း ၁.၅ သန်း၊ အသံစာအုပ် (Audio book) ၁ သန်း၊ အီလက်ထရောနစ်စာအုပ် (e-book) ၂ သန်း ပါဝင်မည်ဖြစ်သည်။

အဆိုပါ စာကြည့်တိုက်မှာ အာရပ်ကမ္ဘာတွင် အကြီးဆုံး စာကြည့်တိုက်နှင့် အကြီးဆုံး အီလက်ထရောနစ်စာအုပ်များရှိရာ နေရာ ဖြစ်လာမည်ဖြစ်သည်။

“ဒီစာကြည့်တိုက်ကြီးက ပေးမယ့် အသိပညာတွေဟာ ကျမ်းပြုမှုတွေ၊ ဘာသာပြန်မှုတွေလုပ်ဖို့၊ နက်နက်နဲနဲ စဉ်းစားတွေးခေါ်ဖို့၊ မတူညီတဲ့ယဉ်ကျေးမှုတွေအကြား သည်းခံမှု၊ တစ်ဦးကိုတစ်ဦးလက်ခံမှုနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ပြန့်နှံ့စေဖို့၊ အသိပညာတွေဆောင်ကျဉ်းပေးဖို့ စတာတွေအတွက် တွန်းအားဖြစ်စေမှာ ဖြစ်ပါတယ်” ဟု ရှိခ် မိုဟာမက် ဘင် ရာရှစ်က ပြောကြားခဲ့သည်။

အဆိုပါ စာကြည့်တိုက်ကို ဒူဘိုင်း၏ အလ် ဂျဒ်ဒက်ဖ်ဒေသရှိ မြေနေရာ ၉၂၀၀၀ စကွဲယားမီတာ အကျယ်အ၀န်းတွင် တည်ဆောက်သွားမည်ဖြစ်ပြီး အထပ်ပေါင်း ၇ ထပ် ပါဝင်မည်ဖြစ်သည်။ စာကြည့်တိုက်တွင် ကလေးကဏ္ဍ၊ အာရဘီကဏ္ဍ၊ နိုင်ငံတကာကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ မီဒီကဏ္ဍ စသည့် ကဏ္ဍများခွဲ၍ စာအုပ်များ ထားရှိသွားမည်ဖြစ်သည်။

ထို့ပြင် သမိုင်းဝင်လက်ရေးမှုများ ထိန်းသိမ်းစောင့်ရှောက်ရေးဌာန တစ်ခု၊ ယူအေအီး အုပ်ချုပ်သူမိသားစုမှ စုဆောင်ထားသည့် ရှားပါး အနုပညာလက်ရာများကို ပြသသော ပြတိုက်ငယ်တစ်ခုတို့လည်း ပါဝင်မည်ဖြစ်သည်။

တစ်နှစ်လျှင် ထိုစာကြည့်တိုက်တွင် ယဉ်ကျေးမှုနှင့် အသိပညာဆိုင်ရာ အခမ်းအနားပေါင်း ၁၀၀ ကျော် ပြုလုပ်ရန်လည်း စီစဉ်ထားပြီး တစ်နှစ်လျှင် လူပေါင်း ၄၂ သန်း လာရောက်လည်ပတ်နိုင်မည်ဖြစ်သည်။

အုပ်ချုပ်ရေးမှူး၏ အမိန့်တွင် အာရပ်ကမ္ဘာ၏ အကြီးဆုံး အသိပညာမျှဝေရာ ထိုစာကြည့်တိုက်အား လည်ပတ်ရန်၊ ဖွံ့ဖြိုးအောင်ဆောင်ရွက်ရန်အတွက် ‘MBR စာကြည့်တိုက် ဖောင်ဒေးရှင်း’ တည်ထောင်ရန်လည်း ပါဝင်သည်။

ယူအေအီးသမ္မတ ရှိခ် ခါလီဖာက ‘စာဖတ်ခြင်းနှစ်’ အဖြစ် သတ်မှတ်ကြေငြာခဲ့သည့် ဖေဖော်ဝါရီလကတည်းက ရှိခ် မိုဟာမက် ဘင် ရာရှစ်မှာ ထိုစာကြည့်တိုက်ဆောက်လုပ်ရန် အစီအစဉ်ကို ဖွင့်ဟခဲ့ခြင်းဖြစ်သည်။ စာကြည့်တိုက်ကိုမူ လာမည့် နှစ်ကုန်ပိုင်းတွင် ဖွင့်လှစ်နိုင်ရန် စီစဉ်ထားသည်။

Ref: The National