News @ M-Media

တရုတ် ဆောက်လုပ်ရေးလုပ်ငန်းခွင် ပြိုကျမှု ၆၀ ကျော် သေဆုံး

နိုဝင်ဘာ ၂၄၊ ၂၀၁၆
M-Media

china-3

– စက်မှုလုပ်ငန်းဆိုင်ရာ မတော်တဆမှုများ အဖြစ်များသော တရုတ်နိုင်ငံတွင် ဆောက်လုပ်ဆဲ ဓာတ်အားပေးစက်ရုံ၏ အစိတ်အပိုင်းတစ်ခု ပြိုကျမှုကြောင့် အနည်းဆုံး လူ ၆၇ ဦးသေဆုံးခဲ့သည်ဟု သိရသည်။

နိုင်ငံအလယ်ပိုင်း ကျန်ရှီပြည်နယ် ဖုန်ချန်းမြို့တွင် ယနေ့မနက်ပိုင်းက ဓာတ်အားပေးစက်ရုံ၏ အအေးခံမျှော်စင် ပြိုကျခဲ့ခြင်းဖြစ်ပြီး အပျက်အဆီးများအောက်တွင် ပိတ်မိနေသူများလည်း ရှိနေသည်။

လက်ရှိတွယ် ကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်နေပြီး မီးသတ်ကားများ၊ စစ်သားများကိုလည်း တပ်ဖြန့်ချထားသည်ဟု ပြည်နယ် မီးသတ်ဌာနက ပြောကြားခဲ့သည်။

စောစောပိုင်းတွင် သေဆုံးသူ ၄၀ ရှိသည်ဟု ရှင်ဟွာသတင်းဌာနက သတင်းထုတ်ပြန်ခဲ့ပြီး ဒဏ်ရာရရှိသူ ၅ ဦးမှာလည်း ဆေးရုံ၌ ဆေးကုသမှု ခံယူနေသည်ဟု ဆိုသည်။ ပြိုကျမှုဖြစ်ပွားချိန်တွင် လုပ်ငန်းခွင်၌ အလုပ်သမား စုစုပေါင်း ၆၈ ဦး ရှိနေသည်။

အဆိုပါ ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံကို ပြီးခဲ့သည့်ဇူလိုင်လက စတင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၈ ခုနှစ် အစောပိုင်းတွင် ပြီးမည်ဟု ခန့်မှန်းထားသည်။

ဘေးအန္တရာယ်ကင်းရှင်းရေး စံနှုန်းများကို လိုက်နာမှု အားနည်းသောကြောင့် တရုတ်နိုင်ငံတွင် စက်မှုလုပ်ငန်းဆိုင်ရာ မတော်တဆမှုများမှာ ပုံမှန်လိုလို ဖြစ်ပွားနေသည်။

Ref: Aljazeera