News @ M-Media

အစ္စလာမ်၏ အိနြေ္ဒသိက္ခာရှိမှု စံနှုန်းအပေါ် မွတ်စလင်အမျိုးသမီးတို့၏ အမြင်များ (၂)

ဒီဇင်ဘာ ၅၊ ၂၀၁၆
M-Media
ဟိဂျာ့ဗ်ဟာ မွတ်စ်လင်မ်ဖြစ်ခြင်းရဲ့ အဓိကအချက်မဟုတ်

nigeria
ဘ၀ဖြတ်သန်းမှုအဆင့်တိုင်းမှာ ဟိဂျာ့ဗ်နဲ့ နိကာ့ဗ်ကို ၀တ်ဆင်လာပေမယ့် ယခုချိန်မှာ ခေါင်းမြီးခြုံခြင်းကို အဓိကမထားတော့တဲ့ အဇီနားမုဟမ္မဒ်

– အဇီနားမုဟမ္မဒ်ဟာ နိုင်ဂျီးရီးယားနိုင်ငံ၊ အဘူဂျာက ဖြစ်ပါတယ်။ Chika Oduah ကို သူမက ဒီလို ပြောပြပါတယ်။

ကျွန်မ ဟိဂျာ့ဗ်ကို သုံးနှစ်သမီးအရွယ်ကတည်းကစပြီး အသက် ၂၀ ကျော်အထိ ၀တ်ဆင်ခဲ့တာပါ။ ယဉ်ကျေးမှုအရရော ဘာသာရေးအရပါ ၀တ်ဆင်ခြင်းဖြစ်လို့ ဒါနဲ့ပတ်သက်ပြီး ဘယ်တုန်းကမှ မေးခွန်းမထုတ်ခဲ့ပါဘူး။

လွန်ခဲ့တဲ့ ၁၀ နှစ်ဝန်းကျင်က ကျွန်မသွေးချင်းတွေနဲ့အတူ ဟဂ်ျတာဝန်ကို သွားရောက်ထမ်းဆောင်ခဲ့တယ်။ ဟဂ်ျကာလအတွင်း မျက်လုံးများသာ ဖွင့်ဖော်ပြီး အရာအားလုံး ဖုံးကာထားတဲ့ နိကာ့ဗ်ကို မျက်စေ့ကျစွဲလန်းသွားတယ်။ ဆော်ဒီအာရေဗျမှာပဲ နိကာ့ဗ်ကို စတင်ဝတ်ဆင်လိုက်ပြီး နိုင်ဂျီးရီးယားပြန်လာပြီးနောက်လည်း စွဲစွဲမြဲမြဲ ၀တ်ဆင်ခဲ့ပါတယ်။

နိကာ့ဗ်ဝတ်ဆင်ခြင်းရဲ့ လွတ်လပ်မှုအာရုံ၊ လူတွေရဲ့အကြည့် အပြော အမြင်ကနေ ကင်းလွတ်ခြင်းကို ကျွန်မ အမှန်တကယ် နှစ်သက်ခဲ့တယ်။ ဒီလိုဝတ်ဆင်ခြင်းဖြင့်လည်း လေးစားမှုကို ခံရပါတယ်။ နိုင်ဂျီးရီးယားမြောက်ပိုင်းမှာ နိကာ့ဗ်ဝတ်ဆင်ထားတဲ့ အမျိုးသမီးကို လူတွေက သူတော်ကောင်းအဖြစ် သတ်မှတ်လေ့ရှိကြတယ်လေ။

ဒါပေမယ့် များမကြာမီနောက်ပိုင်းမှာ နိကာ့ဗ်ဝတ်ဆင်ခြင်းကို ကျွန်မ ထင်မြင်ထားသလိုမဟုတ်တော့ဘဲ နိုင်ငံရေးအသွင်ဆန်ဆန် လူတွေက တုန့်ပြန်လာတော့တယ်။ ကျွန်မရဲ့မိဘများကလည်း ကျွန်မဟာ အစွန်းရောက်အမြင်သွင်းခံရပြီလား သို့မဟုတ် တစ်ယူသန်ဝါဒီဖြစ်နေပြီလားဆိုပြီး ယုန်ထင်ကြောင်ထင်ဖြစ်လာကြတယ်။

တဖြည်းဖြည်းနဲ့ ကျွန်မ အနေကျဉ်းကြပ်မှုဖြစ်လာပြီး ၇ လလောက်ကြာတဲ့အခါ နိကာ့ဗ်ဝတ်တာကို ရပ်တန့်လို့ ဟိဂျာ့ဗ်ကိုပဲ ပြန်လည် ဆင်ယင်လိုက်ပါတယ်။

အခု ကျွန်မ အသက် ၃၀ ကျော်လွန်လာတဲ့အခါ ဦးခေါင်းဖွင့်လှစ်ထားခြင်းကို ပိုပြီး ခုံမင်လာပါတယ်။

နိကာ့ဗ်ဝတ်ဆင်ရာကနေ ဦးခေါင်းဖွင့်လှစ်ထားခြင်းအထိ အဆင့်ဆင့် ပြောင်းလဲသွားတာက ၂၀၀၈ ခုနှစ်ဝန်းကျင်ကပါ။ ကျွန်မရဲ့ ဖိုမလက္ခဏာစပြပြီး လိင်ပိုင်းခံစားချက်နဲ့ စတင်ရင်းနှီးလာတယ်။ အစ္စလာမ်နဲ့ပတ်သက်ပြီး ကျွန်မခံစားချက်ကို စူးစမ်းရှာဖွေခဲ့တယ်။ အဲ့ဒီမှာ မွတ်စ်လင်မ်နဲ့ ထူးခြားတဲ့အဖြစ်(အာသာဖြေခြင်းကို ဆိုလိုဟန်တူပါတယ်)ဟာ တစ်ချိန်တည်းမှာ ဒွန်တွဲမရှိနိုင်ဘူးလို့ ကျွန်မ ခံစားလိုက်ရတယ်။ ဒါကြောင့် ကျွန်မဟာ ဒုတိယအဖြစ်ကို ဦးစားပေးလိုက်ရာက အရာရာကို ဆန့်ကျင်တော်လှန်လိုက်ပါတော့တယ်။

ပထမဆုံး ကျွန်မ ဆံပင်ကို ဖြတ်တောက်ပြီး လိင်တူဆက်ဆံတူများရဲ့ ဆံပင်ပုံစံမျိုးကို ပြောင်းလဲလိုက်တယ်။ ဘာသာရေးအသိုင်းအ၀ိုင်းထဲ သွားလာနေခြင်းကို ရပ်တန့်လိုက်တယ်။ မင်္ဂလာပွဲတွေလို ဘာသာရေးအဆုံးအမတွေပါဝင်နေတဲ့ ထုံးတမ်းစဉ်လာကိစ္စများမှာပင်လျှင် မပါဝင်တော့ပါဘူး။ ခေါင်းဆောင်း၊ ၀တ်ရုံ၊ အဖုံးအကာတွေ ဆင်ယင်ဖို့လိုအပ်တဲ့ ဘယ်နေရာကိုမှလည်း မသွားရောက်တော့ပါဘူး။

အဲ့ဒီကာလအတွင်း ကျွန်မမိသားစုနဲ့ ဆက်ဆံရေးမှာ တော်တော်တင်းမာသွားခဲ့တယ်။ သူတို့က ဒါမျိုးကို လက်သင်မခံကြပါဘူး။ ကျွန်မရဲ့သူငယ်ချင်းတွေနဲ့ အသိုင်းအ၀ိုင်းကလည်း ထိုနည်းလည်းကောင်းပါပဲ။ လူတိုင်းက ဒါကို တုန်လှုပ်ထူးဆန်းနေခဲ့ကြတယ်။

ဒါပေမယ့် အဲ့ဒီအချိန်က သိပ်မကြာညောင်းခဲ့ပါဘူး။ နောက်ပိုင်းမှာ လိင်ပိုင်းအာရုံရှိခြင်း နဲ့ မွတ်စ်လင်မ်ဖြစ်ခြင်းဟာ ဒွန်တွဲရှိနိုင်လို့ရကြောင်း ကျွန်မ နားလည်သဘောပေါက်လာခဲ့ပါတယ်။

အဲ့ဒီအချိန်တွေမှာ ဟိဂျာ့ဗ်ဝတ်ဆင်ခြင်းကို ကျွန်မ လွမ်းပါတယ်။ ရင်းနှီးအသားကျနေမှု၊ သက်တောင့်သက်သာရှိမှု၊ မကောင်းတဲ့အမြင်နဲ့ ကြည့်ရှုခြင်းက အကာအကွယ် စတဲ့ အကြောင်းတရားတွေကြောင့်ပါပဲ။ ပြီးတော့ မိန်းမဆန်ဆန် ၀တ်စားဆင်ယင်ခြင်းမရှိသူတွေအပေါ် လူတွေက အင်မတန် စိတ်ပျက်တတ်ကြတယ်လေ။ တခါတရံ ကျွန်မက ယောက်ျားဆန်ဆန် ၀တ်စားဆင်ယင်တဲ့အခါ သူတို့က မေးမြန်းလာကြတယ်။ ကျွန်မမှာ အမျိုးသားလိင်အင်္ဂါ ပါနေလို့လား၊ ယောက်ျားတစ်ယောက်ဖြစ်အောင် လုပ်နေတာလားတဲ့။ အဲ့ဒီလိုနေ့မျိုးမှာ ကျွန်မ ဟိဂျာ့ဗ်ကို တစ်နေကုန် ဆောင်းလိုက်ပါတယ်။ အဲ့ဒီလိုအခိုက်အတန့်အဖို့မှာတော့ ဟိဂျာ့ဗ်ဟာ ကျွန်မအတွက် တစ်နည်းတစ်ဖုံ အကာအကွယ်ရရှိသွားစေခဲ့ပါတယ်။

(ပြန်ဆိုသူ၏စကားချပ် – တစ်ယူသန်ဘာသာရေးအဆုံးအမက အတွေးလွဲချော်ကာ ပြောင်းပြန်အကျိုးသက်ရောက်စေတတ်ကြောင်း ဆိုလိုသည်ဟု အမြင်ရှိပါသည်)

(မူရင်း – What the hijab means to me : From Nigeria to Uruguay, women share their thoughts and feelings about the hijab. Al Jazeera)

ပြန်ဆိုသူ – သြရသ ရေချမ်း

(အပိုင်း (၁) ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါတယ်)