ဒီဇင်ဘာ ၈၊ ၂၀၁၆
M-Media
– ရခိုင်ပြည်နယ်ရှိ လူနည်းစုရိုဟင်ဂျာမွတ်စလင်များ ပါဝင်နေသည့် ပြဿနာကို စစ်ရေးဖြင့် ဖြေရှင်း၍ မရဘဲ၊ နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရမည်ဟု ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိခ်ဟာဆီနာက ပြောကြားလိုက်သည်။
“ရိုဟင်ဂျာပြဿနာက နိုင်ငံရေးပြဿနာပါ။ စစ်ရေးနဲ့ ဖြေရှင်းလို့ မရပါဘူး” ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ ဒိန်းမတ်သံအမတ်သစ် မီခေးလ် ဟမ်နစ်ဒ် ၀င်သာနှင့် တွေ့ဆုံစဉ် ၀န်ကြီးချုပ်က မှတ်ချက်ပြုခဲ့ကြောင်း ၎င်း၏ အတွင်းရေးမှူး အစ်ဟ်ဆာနူလ် ကရင်မ်က ပြောကြားခဲ့သည်။
ရခိုင်ပြည်နယ်တွင် မြန်မာစစ်တပ်၏ ရိုဟင်ဂျာများအပေါ် စစ်ရေးလှုပ်ရှားမှုများကြောင့် ရိုဟင်ဂျာများ ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးနေရသည်ဟု UNHCR အပါအ၀င် နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့များက စွပ်စွဲမှုများ ရှိနေချိန်တွင် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်၏ ထိုမှတ်ချက် ထွက်ပေါ်လာခြင်းလည်း ဖြစ်သည်။
မြန်မာနိုင်ငံတွင် နှိပ်စက်ငြှင်းပမ်းမှုများကြာင့်ဟုဆိုကာ ထွက်ပြေးလာခဲ့ကြသည့် ရိုဟင်ဂျာမွတ်စလင် သန်းချီ၍ ဘင်္ဂလားဒေ့ရှ်တွင် ခိုလှုံနေရသည်။ ဘင်္ဂလားဒေ့ရှ်ကမူ အဆိုပါ ဒုက္ခသည်များက နိုင်ငံအတွက် စီးပွားရေးဝန်ထုတ်ဝန်ပိုး ဖြစ်စေပြီး နိုင်ငံလုံခြုံရေးအတွက် စိုးရိမ်မှုများ ဖြစ်စေသည်ဟု ရှုမြင်နေသည်။
ရှိခ်ဟာဆီနာကမူ ဒုက္ခသည်များ၏ ပြဿနာကို နားလည်ကြောင်း ဒိန်းမတ်သံအမတ်ကြီးအား ပြောကြားခဲ့ပြီး စစ်တကောင်းတောင်ပေါ်မျိုးနွယ်စုများ သူပုန်ထမှုကို ၁၉၉၇ ခုနှစ်တွင် နိုင်ငံတကာ၏ ညှိနှိုင်းဆွေးနွေးမှုဖြင့် ငြိမ်းချမ်းစွာ ဖြေရှင်းခဲ့မှုကို ဥပမာပေးခဲ့သည်။
Ref : Indianexpress