News @ M-Media

အလ်-အက္ကဆွာဗလီတွင် အစ္စလာမ်ကိုလက်ခံသူ ၂ နှစ်အတွင်း ၁၀၀ နီးပါးရှိ

ဇန်န၀ါရီ ၅၊ ၂၀၁၇
M-Media

al-aqsa

– ပြီးခဲ့သည့် ၂ နှစ်အတွင်း အနောက်နိုင်ငံပေါင်း ၁၇ နိုင်ငံမှ လူ ၁၀၀ နီးပါးမှာ အစ္စလာမ်သာသနာကို သက်ဝင်ယုံကြည်လာခဲ့သည်ဟု ပါလက်စတိုင်းပိုင် ဂျေရုစလင်ရှိ အလ်-အက္ကဆွာ ဗလီဝတ်ကျောင်းတော်မှ ရှေ့ဆောင်အီမာမ်ကြီး ရှိခ် အက်ရီမာ ဆအစ် ဆဘ်ရီက ပြောကြားလိုက်သည်။

“(အလ်-အက္ကဆွာ ဗလီဝတ်ကျောင်းတော်မှာ) နိုင်ငံ ၁၇ နိုင်ငံက လူပေါင်း ၉၇ ဦးဟာ သူတို့ရဲ့ သဘောဆန္ဒအလျောက် အစ္စလာမ်သာသနာကို သက်ဝင်ယုံကြည်ကြောင်း ကြေငြာခဲ့ကြပါတယ်” ဟု ဂျေရုစလင်၏ မွဖ်သီဟောင်းဖြစ်သူ ဆဘ်ရီက ယခုသီတင်းပတ်အတွင်း ထုတ်ပြန်ခဲ့သည့် ကြေငြာချက်တွင် ဖော်ပြထားသည်။

အစ္စလာမ်သာသနာ၏ စည်းမျဉ်းစည်းကမ်းအရ သာသနာအတွင်းသို့ ၀င်ရောက်လိုသူများမှာ ‘အလ္လာဟ်အရှင်မြတ်မှ တစ်ပါး အခြာ ခ၀ပ်ကိုးကွယ်ရာအရှင် မရှိ။ မုဟမ္မဒ်သခင်သည် အလ္လာဟ်အရှင်မြတ်၏ တမန်တော်ဖြစ်သည်’ ဆိုသည့် သက်သေခံချက်ကို လူသိရှင်ကြား ထွက်ဆိုရသည်။

မကြာသေးမီကမှ အစ္စလာမ်သာသနာကို သက်ဝင်ယုံကြည်ခဲ့သူများတွင် အမေရိကန်၊ ပြင်သစ်၊ ဂျာမနီနှင့် ဖင်လန်နိုင်ငံသားများလည်း ပါဝင်သည်ဟု အီမာမ်ကြီးက ထည့်သွင်းပြောကြားခဲ့သည်။

“အစ္စလာမ်သာသနာဟာ တရားမျှတမှု၊ သည်ခံခွင့်လွှတ်မှုကို အခြေခံတဲ့ သာသနာပါ”

ထို့ပြင် အစ္စလာမ်သာသနာသို့ကူးပြောင်းခြင်းမှာ မိမိ၏သဘောဆန္ဒအလျောက်သာ ဖြစ်ရမည်ဟု ကုရ်အာန်ကျမ်းတော်မြတ်တွင် ဖော်ပြထားမှုကိုလည်း ဆဘ်ရီက ထောက်ပြခဲ့သည်။

“‘အစ္စလာမ်သာသနာတော်အတွင်းသို့ ၀င်ရောက်ရန်အတွက် အတင်းအဓမ္မ အနိုင့်အထက် အလျဉ်းမပြုရ’ ဆိုပြီး ဘုရားသခင်က မိန့်ကြားထားပါတယ်”

အစ္စရေးက ကျူးကျော်သိမ်းပိုက်ထားသည့် ပါလက်စတိုင်းပိုင် အရှေ့ဂျေရုစလင်ရှိ အဆိုပါ အလ်-အက္ကဆွာ ဗလီဝတ်ကျောင်းတော်မှာ ကမ္ဘာလှည့်ခရီးသွားများ စိတ်ဝင်စားရာ နေရာလည်းဖြစ်ပြီး နှစ်စဉ် လူသိန်းချီ လာရောက်လည်ပတ်ကြသည်။

Ref: Worldbulletin