ဖေဖော်ဝါရီ ၁၈၊ ၂၀၁၇
M-Media
– ငွေကြေး မသမာမှု၊ အခွန်ရှောင်မှုတို့ဖြင့် စပိန် တော်ဝင်မင်းသမီး ခရစ္စတီးနား၏ ခင်ပွန်း အင်နာကီ အူရ်ဒန်ဂါရင်ကို တရားရုံးက ထောင်ဒဏ် ၆ နှစ် ချမှတ်ခဲ့သည်ဟု သိရသည်။
ယမန်နေ့က အမိန့်ချခဲ့ခြင်းဖြစ်ပြီး ခရစ္စတီးနားကို အပြစ်မရှိကြောင်း ဆုံးဖြတ်ခဲ့သော်လည်း ခင်ပွန်းသည်ထံမှ သွယ်ဝိုက်၍ အကျိုးဖြစ်ထွန်းခဲ့သည့်အတွက် ဒဏ်ငွေ ကန်ဒေါ်လာ ၂၈၀၀၀၀ ရိုက်ခဲ့သည်။ အူရ်ဒါန်ဂါရင်မှာလည်း ဒဏ်ငွေ ဒေါ်လာ ၅၄၅၀၀၀ ပေးဆောင်ရမည်ဖြစ်သည်။
စပိန်ဘုရင် ဖီလစ်ပီ ၆ ၏ ညီမဖြစ်သူ ခရစ္စတီးနား မိသားစုမှာ ၂၀၁၃ ခုနှစ်ကလည်းက ဆွစ်ဇာလန်တွင် နေထိုင်နေခြင်းဖြစ်သည်။
ခရစ္စတီးနား၏ ရှေ့နေအဖွဲ့က မင်းသမီးမှာ ၎င်း အပြစ်မရှိကြောင်း ပြသနိုင်သည့်အတွက် ကျေနပ်ပြီး၊ ခင်ပွန်းဖြစ်သူမှာလည်း အပြစ်မရှိဟု ယုံကြည်နေကြောင်း ပြောကြားခဲ့သည်။
တော်ဝင်အသိုင်းအ၀ိုင်း၏ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးကမူ တရားရုံး၏ ဆုံးဖြတ်ချက်ကို တော်ဝင်မိသားစုက အလေးထားသွားမည်ဟု ပြောကြားခဲ့သည်။ သို့သော်လည်း ဘုရင် ဖီလစ်ပီနှင့် ဘုရင်မ လက်တီဇီယာတို့ထံမှ မည်သည့်မှတ်ချက်မှ ထွက်မလာသေးပေ။
အိုလံပစ်အားကစားသမားဟောင်းတစ်ဦးဖြစ်သူ အူရ်ဒန်ဂါရင်မှာ တော်ဝင်မိသားစုနှင့် ဆက်နွယ်မှုကို အသုံးချ၍ ၎င်း၏ အကျိုးအမြတ်မယူသော Noos Foundation မှတဆင့် အခမ်းအနားများ ကျင်းပခွင့်ရရန် စာချုပ်များကို ဈေးမတန်တဆ တင်ကာ ရယူခဲ့ပြီး၊ ဒေါ်လာသန်းပေါင်းများစွာကို နိုင်ငံခြားဘဏ်များတွင် လွှဲပြောင်း အပ်နှံခဲ့သည်။
ထို့ပြင် ဖောင်ဒေးရှင်းမှ အချို့သောငွေများကို ပုဂ္ဂလိကကုမ္ပဏီများသို့ လွှဲပြောင်းကာ၊ မိသားစု အပျော်ခရီးထွက်ခြင်း၊ ပရိဘောဂပစ္စည်းများ ၀ယ်ယူခြင်းတို့ ပြုလုပ်ခဲ့သည်ဟု တရာလိုရှေ့နေများက ပြောကြားခဲ့သည်။
ယခုပြစ်ဒဏ်အတွက် အူရ်ဒန်ဂါရင်မှာ တရားရုံးချုပ်တွင် အယူခံဝင်နိုင်မည်ဖြစ်သည်။
Ref: Aljazeera