News @ M-Media

ကမ္ဘာ့ထိပ်တန်း မွတ်စလင်အမျိုးသမီး ဗိသုကာပညာရှင်၏ လက်ရာတစ်ခု ယူအေအီးတွင် ထွက်ပေါ်လာမည်

ဧပြီ ၂၊ ၂၀၁၇
M-Media

ဇာဟာ ဟာဒစ် ဒီဇိုင်းဆွဲပေးပြီး ယူအေအီးတွင် ဆောက်လုပ်နေသည့် အဆောက်အဦး

– ကမ္ဘာ့ထိပ်တန်း ဗိသုကာပညာရှင်တစ်ဦးဖြစ်ပြီး ၂၀၁၆ ခုနှစ် မတ်လမှာ နှလုံးရောဂါနဲ့ ရုတ်တရက် ဆုံးပါးသွားခဲ့တဲ့ အီရတ်-ဗြိတိသျှ ဗိသုကာပညာရှင် အမျိုးသမီး ဇာဟာ ဟာဒစ် ဒီဇိုင်းဆွဲပေးထားတဲ့ ရင်သပ်ရှု မောဖွယ် အဆောက်အဦးတစ်ခုကို ယူအေအီးနိုင်ငံမှာ စတင်ဆောက်လုပ်နေပြီ ဖြစ်ပါတယ်။

အရှေ့အလယ်ပိုင်းက ထိပ်တန်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကုမ္ပဏီ Bee’ah ရဲ့ ဌာနချုပ်ဖြစ်လာမယ့် ဒီအဆောက်အဦးကို ရှာရ်ဂျာဟ်ဒေသမှာ ဆောက်လုပ်နေတာဖြစ်ပြီး၊ ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်း ပြီးစီးသွားတဲ့အခါမှာတော့ ပင်လယ်ကွေ့ဒေသ ဗိသုကာနယ်ပယ်မှာ အထူးခြားဆုံး အဆောက်အဦးတစ်ခု ဖြစ်လာမှာ ဖြစ်ပါတယ်။

ဆောက်လုပ်ရေးအတွက် ပြန်လည်ပြုပြင်ထားတဲ့ ပစ္စည်းတွေကို အသုံးပြုမှာဖြစ်ပြီး အဆောက်အဦးမှာ အသုံးပြုမယ့် စွမ်းအင်ကို ပြန်ပြည့်ဖြိုးမြဲ ရင်းမြစ်တွေကနေ ၁၀၀ ရာခိုင်နှုန်း ထုတ်ယူသုံးစွဲမှာ ဖြစ်ပါတယ်။

ဇာဟစ်ဟာ ဒီအဆောက်အဦးကို စွမ်းအင်သုံးစွဲမှု အနည်းဆုံး၊ ရင်းမြစ်သုံးစွဲမှု အနည်းဆုံးဖြစ်အောင် ဒီဇိုင်းဆွဲပေးခဲ့တာဖြစ်ပြီး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ နောက်ဆုံးပေါ် နည်းလမ်းတွေနဲ့ ပေါင်းစပ်ပေးခဲ့ပါတယ်။

၂၀၁၆ မတ်လတွင် ကွယ်လွန်သွားခဲ့သည့် ဇာဟာ ဟာဒစ်

နေစွမ်းအင်၊ စွန့်ပစ်ပစ္စည်းကနေ ထုတ်လုပ်တဲ့စွမ်းအင်တွေကို အသုံးပြုမှာဖြစ်တာကြောင့် အဆောက်အဦးရဲ့ ကာဘွန်ထုတ်လုပ်မှုဟာ သုညသာ ရှိမှာဖြစ်ပါတယ်။ သဘာဝအလင်းရောင်၊ သဘာဝအတိုင်း အပူချိန် ထိန်းညိမှုစနစ်တွေလည်း ပါဝင်မှာဖြစ်ပြီး၊ ဆောက်လုပ်ရေး ကုန်ကြမ်းတွေကိုတော့ ပြန်လည် ပြုပြင်ထားတဲ့
ပစ္စည်းတွေကို အသုံးပြုသွားမှာပါ။

အဆောက်အဦးဟာ အလုပ်သမားတွေအားလုံးအတွက် ကျန်မာရေးအရ သင့်တော်တဲ့ လုပ်ငန်းခွင် ဖြစ်လာမှာဖြစ်ပြီး သဘာဝပတ်ဝန်းကျင်နဲ့ လျော်ညီတဲ့ အဆောက်အဦးတွေအတွက် ချီးမြှင့်တဲ့ အမြင့်ဆုံး အသိအမှတ်ပြုလက်မှတ် Platinum LEED ကိုလည်း ရရှိမှာ ဖြစ်ပါတယ်။

ဇာဟာ ဟာဒစ် တည်ထောင်ခဲ့တဲ့ Zaha Hadid Architects လုပ်ငန်းက သူတို့အနေနဲ့ ဟာဒစ် ဒီဇိုင်းဆွဲပေးသွားတဲ့ စီမံကိန်း ၃၆ ခုကို နိုင်ငံပေါင်း ၂၁ နိုင်ငံမှာ ဆောင်ရွက်နေပြီး တစ်ချို့တွေက ဆောက်လုပ်ပြီးဖြစ်သလို၊ တစ်ချို့တွေက ဆောက်လုပ်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

ယူအေအီးမှာ ဇာဟာ ဟာဒစ် ဒီဇိုင်းဆွဲပေးသွားတဲ့ အဆောက်အဦးတွေက ဒီတစ်ခုတည်းတော့ မဟုတ်ပါဘူး။

၂၀၁၀ ခုနှစ်မှာ ပြီးဆုံးခဲ့တဲ့ အဘူဒါဘီက Sheikh Zayed တံတား၊ ဆာဒီယတ်ယဉ်ကျေးမှုမြို့တော်က Performing Arts Centre အနုပညာစင်တာ၊ ဒူဘိုင်းက Opus တာဝါတွေကလည်း ဟာဒစ်ရဲ့ နာမည်ကျော် လက်ရာတွေထဲမှာ ပါဝင်ပါတယ်။

ဟာဒစ်ဟာ ၂၀၀၄ ခုနှစ်မှာ ဗြိတိန်ရဲ့ ဂုဏ်သိက္ခာအရှိဆုံး ဗိသုကာပညာဆိုင်ရာဆု Pritzker Architecture Prize အပါဝင် ကမ္ဘာထိပ်တန်း ဗိသုကာဆိုင်ရာဆု အများအပြားကို ဆွတ်ခူးရရှိခဲ့ပြီး၊ ကမ္ဘာနိုင်ငံပေါင်းများစွာမှာ အပြောင်မြောက်ဆုံး အဆောက်အဦးတွေကို ဒီဇိုင်းဆွဲပေးခဲ့သူဖြစ်ပါတယ်။

Ref: Alarabiya