ဧပြီ ၂၀၊ ၂၀၁၇
M-Media

– အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) နိုင်ငံ အဘူဒါဘီရှိ အထင်ကရ ဗလီကြီးဖြစ်သော ရှိခ် ဇာယဒ် ဗလီဝတ်ကျောင်းတော်တွင် မက္ကာမြို့ရှိ ကအ်ဗာဝတ်ကျောင်းတော် သမိုင်းကြောင်း၊ ဟဂ်ျခရီးစဉ် သမိုင်းကြောင်းတို့ကို ပြသမည့် ပြခန်းတစ်ခုကို ယခုနှစ် စက်တင်ဘာလတွင် ဖွင့်လှစ်မည်ဟု သိရသည်။
‘Hajj: Memories of a Journey’ (ဟဂ်ျ-ခရီသွားအမှတ်တရများ) ဟု အမည်ပေးထားသည့် အဆိုပါ ပြခန်းကို ဗလီဝတ်ကျောင်းတော်၊ အဘူဒါဘီ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှု အာဏပိုင်အဖွဲ့တို့က ပူးပေါင်းကာ စီစဉ်ခြင်းဖြစ်ပြီး ဗလီဝတ်ကျောင်းတော်၏ ၁၀ နှစ်မြောက် နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုခြင်းဖြစ်သည်။
စက်တာဘာ ၁၉ ရက်နေ့တွင် အများပြည်သူသို့ ပြသသွားမည့် အဆိုပါပြခန်းတွင် မက္ကာမြို့တော်သမိုင်း၊ အစ္စလာမ်သာသနာ၏ အဓိကမဏ္ဍိုင်ကြီး ၅ ခုတွင် တစ်ခုအပါအ၀င်ဖြစ်သော ဟဂ်ျကျင့်စဉ်ဆိုင်ရာ ရှင်းလင်းချက်များ၊ ဟဂ်ျခရီးစဉ်နှင့်ပတ်သက်သည့် ခေတ်အဆက်ဆက် သမိုင်းဝင် ဓာတ်ပုံများ၊ ကားချပ်များ၊ အနုပညာလက်ရာများ၊ ကအ်ဘာဝတ်ကျောင်းတော်ကို ဖုံးအုပ်ခဲ့သည့် ကတ္တီပါပိတ်စကြီးများ စသည်တို့ကို ပြသသွားမည်ဖြစ်သည်။
ထို့ပြင် ဟဂ်ျခရီးစဉ်နှင့်ပတ်သက်၍ ယူအေအီးတွင်သာမက၊ ကမ္ဘာတစ်ဝှမ်းမှ တစ်ဦးချင်း၊ သို့မဟုတ် အသင်းအဖွဲ့လိုက် စုဆောင်းထားသည့် သမိုင်းဝင် အမှတ်တရပစ္စည်းများကိုလည်း ပြခန်းတွင် ခင်းကျင်းပြသမည်ဖြစ်သည်။
ဟဂ်ျကျင့်စဉ်သမိုင်းနှင့်ပတ်သက် အများပြည်သူများအား ရှင်းလင်းမှုများ၊ အလုပ်ရုံဆွေးနွေးပွဲများကိုလည်း ပြပွဲတွင် ထည့်သွင်းပြုလုပ်ရန် ရှိနေသည်။
အဘူဒါဘီရှိ ရှိခ် ဇာယဒ် ဗလီဝတ်ကျောင်းတော်မှာ ယူအေအီးတွင် ယဉ်ကျေးမှုနှင့် အသိပညာဆိုင်ရာ ဖလှယ်မှုနှင့်ပတ်သက်၍ အဓိကနေရာများထဲမှ တစ်ခုလည်းဖြစ်ပြီး တစ်နှစ်လျှင် ခရီသွား ၅ သန်းခန့် လာရောက်လည်ပတ်ကြသည်။
Ref: Alarabiya