အောက်တိုဘာ ၂၃၊ ၂၀၁၂ (မြန်မာစံတော်ချိန် ၉း၅၀ PM)
M-Media
သတင်း – ထွန်းတောက်
မြောက်ဦးရှိ မွတ်စလင်မ်ရွာဖြစ်သည့် ယိုင်သည်ရွာကို ဒီနေ့မနက် (၇)နာရီကစပြီး ရခိုင်အကြမ်းဖက်များက မီးရှို့အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ခဲ့ကြောင်းသတင်းရရှိသည်။
မြောက်ဦး ယိုင်သည်ရွာတစ်ရွာလုံးကို မီးရှို့ပြီး မွတ်စလင်မ်များကို တုတ်များဖြင့်ရိုက်ပြီး ဓါးနှင့်ခုတ်ကာ သတ်ဖြတ်နေသည့် အကြမ်းဖက်မှုဖြစ်ပွားခဲ့ကြောင်း၊ စစ်တပ်က လာထိန်းသော်လည်း မနိုင်သောကြောင့် စစ်တပ်ပြန်လည်ထွက်ခွာသွားကြောင်း၊ ရခိုင်များ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် အိမ် (၁၀၀)ကျော် မီးလောင်ပျက်စီးပျက်စီးသွားပြီး မွတ်စလင်မ် လူ(၁၀၀)ကျော်သေဆုံးသွားကြောင်း၊ ပျောက်ဆုံးနေသော လူများလည်း စာရင်းမရရှိသေးကြောင်းသိရသည်။
မင်းပြားရှိ သာဒါရွာတွင်လည်း ဒီနေ့ ညနေ ၄-နာရီက မီးရှို့ခဲ့ကြောင်း၊ အိမ်ခြေ(၂၅၀)ကျော်ပျက်စီးမီးလောင်သွားပြီး လူဦးရေ(၁၁၅၀)ကျော် ဒုက္ခရောက် ထွက်ပြေးတိမ်းရှောင်နေ ရကြောင်းသိရသည်။ မင်းပြား ကြိတ်တောင်ရွာကိုလည်း ညနေ ၄း၁၅ နာရီခန့်က မီးစတင်ရှို့ခဲ့ပြီး တစ်ရွာလုံးရှိ အိမ်ခြေ(၁၇၀)ကျော်ပြာကျသွားပြီဖြစ်ကြောင်း၊ လူဦးရေ(၁၀၀၀)ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ကာ ထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရသည်။
“ရခိုင်အကြမ်းဖက်တွေက ပိုပိုပြီး သောင်းကျန်းလာနေတယ်။ အခုက မွတ်စလင်မ်တွေဘက်ကို ဦးတည်ပြီး လူမျိုးတုန်းသတ်ဖြတ်မှုတွေလုပ်တယ်။ အခု မွတ်စလင်မ်တွေဘက်ပြီးရင် ဗမာလူမျိုးတွေဘက် ဦးတည်လာမှာ သေချာမြင်ယောင်သိနေတယ်။ ရခိုင်တွေက ရခိုင်နိုင်ငံတော်သီးသန့် ထူထောင်ဖို့ လုပ်နေတာလေ။ အခု အခြေအနေမှာ အစိုးရက ဆက်ပြီးမထိန်းနိုင်ရင်တော့ သေချာတယ် မကြာခင် ဗမာတွေဘက် လှည့်လာတော့မှာ”ဟု မြောက်ဦးမြို့ခံတစ်ဦးက ထွက်ပြေးတိမ်းရှောင်ရင်း M-Media သို့ ပြောကြားခဲ့တယ်။
ရခိုင်တွင် ယခုဖြစ်ပျက်နေသော ကိစ္စရပ်များအား မွတ်စလင်မ်များမှ သတင်းပေးမှုများမရအောင် ဆက်သွယ်မှုဖြတ်တောက်မှုများကိုလည်း ပြုလုပ်နေပြီး မွတ်စလင်မ်များ၏ တယ်လီဖုန်းများကိုလည်း လိုက်လံသိမ်းဆည်းနေကြောင်းသိရသည်။
အနောက်ပြင် ညောင်ပြင်ကြီးမှ မွတ်စလင်မ်များပိုင်သည့် တယ်လီဖုန်းများကိုလည်း စစ်တပ်မှသိမ်းဆည်းသွားခဲ့သည်။ (09-421714097,09-421735088, 09-421735059, 09-421741859) စသည့် တယ်လီဖုန်းနံပါတ်များမှာ စစ်တပ်မှသိမ်းယူသွားသည့် မွတ်စလင်မ်များ၏ တယ်လီဖုန်းများဖြစ်ကြောင်းသိရသည်။
Leave a Reply
You must be logged in to post a comment.