News @ M-Media

ဝန်ကြီးနေအိမ်တွင် ပုန်းနေသည့် အစွန်းရောက်ဘုန်းကြီးကို ဖမ်းရန် သီရိလင်္ကာ ရဲတပ်ဖွဲ့ ပြင်ဆင်

မေ ၂၅၊ ၂၀၁၇
M-Media

ဗုဒ္ဓဘာသာ အစွန်းရောက်အဖွဲ့ဖြစ်သော BBS အဖွဲ့၏ အတွင်းရေးမှူး Galagoda Atte Gnanasara

– သီရိလင်္ကာနိုင်ငံရှိ ဗုဒ္ဓဘာသာ အစွန်းရောက်အဖွဲ့ဖြစ်သော BBS အဖွဲ့၏ အတွင်းရေးမှူး Galagoda Atte Gnanasara ကို ဖမ်းဆီးရန်အတွက် ၎င်းပုန်းအောင်းရာ နေအိမ်တစ်ဝိုက်ကို ရဲတပ်ဖွဲ့က တပ်ဖြန့်ချထားလိုက်သည်ဟု သိရသည်။

အဆိုပါဘုန်းကြီးမှာ ဘာသာရေးသဟဇာတဖြစ်မှု ပျက်ပြားစေရန် လှုံ့ဆော်မှုအပါအ၀င် စွဲချက်များစွာဖြင့် တရားစွဲဆိုခံထားရပြီး၊ တရားရုံးတစ်ခုကလည်း ၎င်းအား နိုင်ငံအတွင်းမှ ထွက်ခွာမှုကို တားဆီးသည့် အမိန့်ကို ထုတ်ပြန်ထားသည်။

Galagoda Atte Gnanasara မှာ ညွန့်ပေါင်းအစိုးရအဖွဲ့မှ ၀န်ကြီးတစ်ဦး၏ နေအိမ်တွင် ပုန်းအောင်းနေသည်ဟု သတင်းများ ထွက်ပေါ်လာပြီးနောက် ရဲတပ်ဖွဲ့က ထိုနေအိမ်တစ်ဝိုက်တွင် တပ်ဖြန့်ချထားခဲ့ခြင်းဖြစ်သည်။

BBS အဖွဲ့ဝင် Dilanthe Withanage က Gnanasara ကို လုပ်ကြံရန် ပူးပေါင်းကြံစည်မှုတစ်ခု ရှိနေပြီး လတ်တလောဖြစ်ပွားခဲ့သည့် ဗလီများ၊ မွတ်စလင်များ၏ နေအိမ်များ၊ ပိုင်ဆိုင်မှုများကို အကြမ်းဖက်တိုက်ခိုက်မှုမှာလည်း နိုင်ငံတကာက ထောက်ပံ့သည့် အစွန်းရောက် အဖွဲ့များ၊ အစိုးရနှင့် အတိုက်အခံအဖွဲ့များက ပြုလုပ်သော ပူးပေါင်းကြံစည်မှုကြီးတစ်ခု၏ အစိတ်အပိုင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

Ref: Colombo Telegraph