News @ M-Media

၂၀၁၇ Man of the World ဆုကို အီဂျစ်မော်ဒယ်တစ်ဦး ဆွတ်ခူး

သြဂုတ် ၁၊ ၂၀၁၇
M-Media

– ယခုတစ်ပတ်တွင် ဖိလစ်ပိုင်၌ကျင်းပခဲ့သည့် Man of the World ပြိုင်ပွဲတွင် အီဂျစ်နိုင်ငံသား အသက် ၂၆ နှစ်အရွယ် မော်ဒယ် မွတ်စ်တာဖာ ဂါလာလ် အလီဇာလီက သရဖူဆွတ်ခူးရရှိခဲ့သည်။

ယောက်ျားပီသမှု၊ တည်ကြည်ခန့်နားမှုနှင့် တာဝန်ယူလိုစိတ်တို့ကို အဓိကထား ယှဉ်ပြိုင်ရသည့် အဆိုပါပြိုင်ပွဲကို ကမ္ဘာတစ်ဝှမ်းမှ အမျိုးသား ၂၇ ဦး ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည်။

“သမိုင်းတွင်သွားပါပြီ။ ကျေးဇူးပါ ဖိလစ်ပိုင်ပြည်သူတွေရေ – ခင်ဗျားတို့က ကျွန်တော့်အိပ်မက်တွေ အမှန်တကယ်ဖြစ်လာအောင် လုပ်ပေးခဲ့တာပါ” ဟု အလီဇာလီက အနိုင်ရရှိပြီးနောက် ၎င်း၏ Facebook စာမျက်နှာတွင် ရေးသားခဲ့သည်။

ဒုတိယဆုကို ဗီယက်နမ်မှ ငုယင်ဟူလောင်းက ရရှိခဲ့ပြီး ပါလက်စတိုင်းမှ အဘူ ဆဟ်ယွန် ၀က်စ်လင်းက တတိယဆု ရရှိခဲ့သည်။

အလီဇာလီမှာ အလက်ဇန်းဒရီးယားတက္ကသိုလ်မှ စာရင်းကိုင်ဘာသာရပ်ဖြင့် ဘွဲ့ရခဲ့ပြီး လက်ရှိတွင် ဒူဘိုင်းရှိ Porsche ကားကုမ္ပဏီတွင် လုပ်ကိုင်နေသည်။ ထို့ပြင် ၎င်းမှာ SM Philippines က တရားဝင်ခန့်အပ်ထားသော မော်ဒယ်ဖြစ်ပြီး နာမည်ကြီး အလှကုန် Avon Phillipines တံဆိပ်အတွက်လည်း တရားဝင်မော်ဒယ်အဖြစ် ရပ်တည်နေသည်။

Ref: Alarabiya