News @ M-Media

၁၀ နှစ်အတွင်း အမေရိကန်၌ ကလေးငယ် ၂ သိန်းကျော် လက်ထပ်ထိမ်းမြားခံရ

သြဂုတ် ၅၊ ၂၀၁၇
M-Media

ကလေးငယ်များ လက်ထပ်ထိမ်းမြားခံရမှုနှင့်ပတ်သက်၍ အများပြည်သူ၏ တုန့်ပြန်မှုကို စမ်းသပ်သည့် လှုပ်ရှားမှုတစ်ခု

– ပြီးခဲ့တဲ့ ၁၅ နှစ်အတွင်း အမေရိကန်နိုင်ငံမှာ လက်ထပ်ထိမ်းမြားခြင်းခံရတဲ့ ကလေးငယ်အရေအတွက်ဟာာ ၂ သိန်းကျော်လောက်ရှိတယ်လို့ မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ စစ်တမ်းတစ်ခုမှာ ဖော်ပြထားပါတယ်။

အချို့သော အခြေအနေတွေမှာ အသက်မပြည့်သေးသူတွေကို လက်ထပ်ထိမ်းမြားဖို့ ခွင့်ပြုထားတဲ့ ဥပဒေ ယိုပေါက်တွေကနေတစ်ဆင့် လက်ထပ်ကြတာဖြစ်ပြီး အသက်အငယ်ဆုံး လက်ထပ်ထိမ်းမြားခြင်းခံရသူတွေမှာ ၁၀ နှစ်အရွယ် မိန်းကလေးငယ် ၃ ဦး၊ အသက် ၁၁ နှစ်အရွယ် ယောက်ျားလေးတစ်ဦးလည်း ပါဝင်ပါတယ်။

အမေရိကန်နိုင်ငံတစ်ဝှမ်း လက်ထပ်ထိမ်းမြားနိုင်တဲ့ ပျမ်းမျှအသက်ဟာ ၁၈ နှစ်ဖြစ်ပေမယ့် မိဘတွေရဲ့ သဘောတူမှုလိုမျိုး၊ ဒါမှမဟုတ် ကိုယ်ဝန်ရှိတာလိုမျိုး အခြေအနေမှာ လက်ထပ်ထိမ်းမြားနိုင်တဲ့ ခြွင်းချက်တွေက ပြည်နယ်တိုင်းမှာ ရှိနေပါတယ်။

နယူးဂျာစီပြည်နယ်ဟာ အမေရိကန်နိုင်ငံတစ်ဝှမ်းမှာ ကလေးငယ်တွေ လက်ထပ်မှုကို ခြွင်းချက်မရှိ ပထမဆုံးပိတ်ပင်တဲ့ ပြည်နယ်ဖြစ်လာမယ့် ဥပေဒတစ်ခုကို လက်မှတ်ရေးထိုးဖို့ မေလမှာ ရီပက်ဘလစ်ကန် ပြည်နယ်အုပ်ချုပ်ရေးမှူး ခရစ် ခရစ္စတီးက ငြင်းဆိုခဲ့ပါတယ်။

၂၀၀၀ ပြည့်နှစ်ကနေ ၂၀၁၅ ခုနှစ်အထိ အမေရိကန်တစ်ဝှမ်း အနည်းဆုံး ကလေးငယ် ၂၀၇၄၆၈ ဦး လက်ထပ်ထိမ်းမြားခြင်း ခံခဲ့ရတယ်လို့ ကလေးငယ်တွေ လက်ထပ်မှုကို ပယ်ဖျက်ဖို့ လှုံ့ဆော်နေတဲ့ Unchained At Last အဖွဲ့နဲ့ Fontline စုံစမ်းထောက်လှမ်းမှု မှတ်တမ်းရုပ်ရှင်တွေက ရရှိတဲ့ အချက်အလက်တွေက ပြသနေပါတယ်။

ပြည်နယ် ၁၀ ခုက အချက်အလက်တွေကို လုံးဝ မပေးတာ၊ ပြည့်ပြည့်စုံစုံ မပေးတာတွေ ရှိတာကြောင့် အမှန်တကယ်ရှိတဲ့ အရေအတွက်က ဒီ့ထက်များနိုင်ပါတယ်။

Unchained At Last ကို တည်ထောင်သူ ဖရိုင်ဒိ ရီအစ်က သူတို့အခြေစိုက်တဲ့ နယူးဂျာစီပြည်နယ်က အချက်အလက်တွေကို ရရှိတဲ့အချိန်မှာ မိမိအနေနဲ့ တုန်လှုပ်မိခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒီပြည်နယ်မှာ ၁၉၉၅ ခုနှစ်ကနေ ၂၀၁၂ ခုနှစ် ၇ နှစ်အတွင်းမှာ ကလေးငယ် ၃၅၀၀ နီးပါး လက်ထပ်ထိမ်းမြား ခံခဲ့ရပါတယ်။

“အရေအတွက်က ကျွန်မထင်ထားတာထက်ကို များနေပါတယ်။ ပြီးတော့ အသက် ၁၃ နှစ်လောက်ရှိတဲ့ ကလေးတွေ လက်ထပ်ခံရတာ၊ မိန်းကလေးငယ်အများစုက အရွယ်ရောက်ပြီးသား အမျိုးသားကြီးတွေနဲ့ လက်ထပ်ရတာတွေလည်း ပါဝင်ပါတယ်” လို့ ရီအစ်က ပြောကြားခဲ့ပါတယ်။

၂၀၀၀ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်အတွင်း အမေရိကန်နိုင်ငံတစ်ဝှမ်း လက်ထပ်ခြင်းခံရတဲ့ ကလေးစုစုပေါင်းရဲ့ ၇ ရာခိုင်နှုန်းကနေ ၈ ရာခိုင်နှုန်းလောက်ဟာ အမျိုးသမီးငယ်တွေဖြစ်ပြီး အများစုဟာ အသက် ၁၆ နှစ်၊ ၁၇ နှစ်အရွယ်တွေဖြစ်ပါတယ်။

အသက်အငယ်ဆုံးကတော့ တန်နက်စီပြည်နယ်က အသက် ၁၀ နှစ်အရွယ် အမျိုးသမီးငယ် ၃ ဦးဖြစ်ပြီး ၂၀၀၁ ခုနှစ်မှာ အသက် ၂၄၊ ၂၅ နဲ့ ၃၁ နှစ်အရွယ်ရှိတဲ့ အမျိုးသားတွေနဲ့ လက်ထပ်ခဲ့ရတာဖြစ်ပါတယ်။ အသက်အငယ်ဆုံး သတို့သားကလည်း ဒီပြည်နယ်ကဖြစ်ပြီး အသက် ၁၁ နှစ်အရွယ် ကောင်လေးတစ်ယောက်ဟာ ၂၀၀၆ ခုနှစ်က အသက် ၂၇ နှစ်အရွယ် အမျိုးသမီးနဲ့ လက်ထပ်ခဲ့ရတာ ဖြစ်ပါတယ်။

အလာစကာ၊ လူဝီစီယားနားနဲ့ တောင်ကယ်ရိုလိုင်းနားပြည်နယ်တို့မှာ အသက် ၁၂ နှစ်လောက် ကလေးတွေကို လက်ထပ်လိုင်စင်ထုတ်ပေးပြီး အခြား ပြည်နယ် ၁၀ ခုမှာတော့ အသက် ၁၃ နှစ်လောက်ကိုတောင် လက်ထပ်ခွင့် ပြုထားပါတယ်။

Ref: Independent