News @ M-Media

ဗြိတိန်မှ စက်ဘီးဖြင့် ဟဂ်ျလာရောက်သူများ မဒီနာသို့ ရောက်ရှိ

သြဂုတ် ၂၀၊ ၂၀၁၇
M-Media

Hajj Ride အဖွဲ့

– ဗြိတိန်ကနေ စက်ဘီးစီးပြီး ဟဂ်ျပြုဖို့ သွားကြတဲ့ အုပ်စုဟာ ၆ ပတ်တာ ကြာမြင့်ခဲ့ပြီးတဲ့နောက် မနေ့က မဒီနာမြို့ကို ရောက်ရှိလာခဲ့ကြပါတယ်။

ပြင်သစ်၊ ဆွစ်ဇာလန်၊ အီတလီ၊ ဂရိနဲ့ အီဂျစ်နိုင်ငံတွေကို ဖြတ်ကျော်ကာ ကီလိုမီတာပေါင်း ၃ ထောင်လောက်ကို စက်ဘီးနင်းလာရတာဖြစ်ပြီး ဖြတ်သန်းလာတဲ့ ဒေသတိုင်းမှာ အစ္စလာမ့်သတင်းစကားကို ပြန့်နှံစေဖို့ ရည်ရွယ်တယ်လို့ ဒီစက်ဘီးသမားတွေက ပြောကြားခဲ့ပါတယ်။

၉ ဦးပါဝင်တဲ့ အဲဒီအုပ်စုဟာ ဂျစ်ဒါကနေ မဒီနာကို လာရောက်ခဲ့တာဖြစ်ပြီး အဲဒီကနေတစ်ဆင့် မက္ကာကို သွားရောက် ဟဂ်ျပြုကာ ခရီးစဉ်ကို အဆုံးသတ်မှာ ဖြစ်ပါတယ်။

“ဒီ Hajj Ride အစီအစဉ်ဟာ အစ္စလာမ်ရဲ့ မဏ္ဍိုင်ကြီး ၅ ခုထဲက ရုပ်ပိုင်းဆိုင်ရာ စိန်ခေါ်မှုတွေကို ကျော်ဖြတ်ကာ ဆောင်ရွက်ရတဲ့ ဟဂ်ျကျင့်စဉ်ကို ပန်းတိုင်အဖြစ်ထားတဲ့ ပရဟိတ ခရီးစဉ်ဖြစ်ပါတယ်” လို့ ဒီအဖွဲ့ရဲ့ ၀ဘ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

သူတို့ရဲ့ ခရီးစဉ်အတွင်းမှာ လှူဒါန်းငွေ စတာလင်ပေါင် ၁ သန်းလောက် ရှာဖွေနိုင်ဖို့ ရည်မှန်းထားပြီး ဒါတွေအားလုံးကို Human Aid UK ကနေတစ်ဆင့် ဆီးရီးယားဒုက္ခသည်တွေကို လှူဒါန်းမှာ ဖြစ်ပါတယ်။

ကောက်ခံရရှိတဲ့ ငွေကြေးတွေကို ဆီးရီးယားက အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် အဓိကထား ထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်။

Ref: Alarabiya