News @ M-Media

ကုလအထွေထွေညီလာခံကို ဒေါ်အောင်ဆန်းစုကြည် မတက်၊ နိုင်ငံတော်အခြေပြမိန့်ခွန်း ပြောမည်

စက်တင်ဘာ ၁၃၊ ၂၀၁၇
M-Media

အိန္ဒိယ၀န်ကြီးချုပ် မိုဒီနှင့် သတင်းစာရှင်းလင်းပွဲတွင် တွေ့ရသည့် ဒေါ်အောင်ဆန်းစုကြည်

– စက်တင်ဘာ ၂၀ ရက်နေ့မှာ ကျင်းပပြုလုပ်မယ့် ကုလသမဂ္ဂ အထွေထွေညီလာခံကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မှာမဟုတ်ဘူးလို့ NLD ပါတီက ပြောရေးဆိုခွင့်ရှိသူ ဦးအောင်ရှင်က မနေ့မှာ Reuters သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

ရခိုင်ပြည်နယ်က မတည်ငြိမ်မှုတွေနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာအစိုးရအဖွဲ့ဟာ နိုင်ငံတကာရဲ့ ဝေဖန်ပြစ်တင်မှုကို အခုရက်ပိုင်းမှာ တိုးမြှင့်ခံစားလာရတာပါ။

ဦးအောင်ရှင်က အထွေထွေညီလာခံကို ဒေါ်အောင်ဆန်းစုကြည် ဘာ့ကြောင့်မတက်လဲဆိုတာကိုတော့ ပြောကြားခဲ့ခြင်း မရှိပါဘူး။

“သူမဟာ ဝေဖန်မှုတွေကို ရင်ဆိုင်ဖို့၊ ပြဿနာတွေကို ဖြေရှင်းဖို့ တွန့်ဆုတ်တတ်သူမျိုး မဟုတ်ပါဘူး။ ပြည်တွင်းမှာ ဆောင်ရွက်ရမယ့်ကိစ္စ ကြီးကြီးမားမားရှိလို့ ဖြစ်နိုင်ပါတယ်” လို့ ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။

ကုလရဲ့ အထွေထွေညီလာခံကို ဒုတိသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်မှာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်က မငြိမ်မသက်မှုတွေနဲ့ပတ်သက်ပြီး ကုလ လုံခြုံရေးကောင်စီဟာ ဒီနေ့နှောင်းပိုင်းမှာ ဆွေးနွေးမှုတစ်ခု ပြုလုပ်ဖို့ ရှိနေပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ လတ်တလော ဖြစ်ပွားနေတဲ့ ကိစ္စတွေနဲ့ပတ်သက်ပြီး စက်တင်ဘာ ၁၉ ရက်နေ့မှာ နိုင်ငံတော်အခြေပြမိန့်ခွန်း ပြောကြားမှာဖြစ်တယ်လို့ အစိုးရပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ဒီနေ့မှာ ပြောကြားခဲ့ပါတယ်။

Ref: Aljazeera