စက်တင်ဘာ ၁၆၊ ၂၀၁၇
M-Media
– အစိုးရနှင့် သဘောထားကွဲသူများအား နှိမ်နှင်းမှုအဖြစ် ဓမ္မပညာရှင်များ၊ အသိပညာရှင်များနှင့် တက်ကြွလှုပ်ရှားသူများအား ဆော်ဒီက ဖမ်းဆီးထားမှုကို လူ့အခွင့်အရေးအဖွဲ့များက ရှုတ်ချလိုက်သည်။
ပြီးခဲ့သည့်တစ်ပတ် သောကြာနေ့ ၀တ်ပြုမှုအပြီးတွင် ဆန္ဒပြမှုပြုလုပ်ရန် အဝေးရောက် ပညာရှင်များက ဆော်သြခဲ့ပြီးနောက်ပိုင်း ဆော်ဒီက ထင်ရှားသူများကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
တက်ကြွလှုပ်ရှားသူများကမူ ဆော်ဒီရှိ ထင်ရှားသော ဓမ္မပညာရှင် အယောက် ၂၀ အထိ ဖမ်းဆီးခံခဲ့ရပြီး နာမည်အကျော်ဆုံး ပညာရှင်အချို့လည်း ပါဝင်ခဲ့ကြောင်း၊ နောက်ပိုင်းတွင် ဖမ်းဆီးခံရသူ ပညာရှင်အရေအတွက်မှာ ထပ်တိုးလာကြောင်း ပြောကြားခဲ့သည်။
“ဒီလိုအချိန်တိုတိုလေးအတွင်းမှာ ဆော်ဒီဟာ ထင်ရှားတဲ့ ပညာရှင်တွေ ဒီလောက်များများ ဖမ်းဆီးခဲ့တာမျိုး လတ်တလောနှစ်တွေမှာ မတွေ့ခဲ့ရဖူးပါဘူး” ဟု လူ့အခွင့်အရေးအဖွဲ့ Amnesty International မှ ဆာမာဟ် ဟာဒစ်က ယမန်နေ့တွင် ပြောကြားခဲ့သည်။
ဇွန် ၂၁ ရက်နေ့တွင် မင်းသား မိုဟာမက် ဘင် ဆလ်မန်ကို အိမ်ရှေ့မင်းသားအဖြစ် ခန့်အပ်ခဲ့ပြီးနောက်ပိုင်းတွင် ဆော်ဒီ၏ လူ့အခွင့်အရေးအခြေအနေမှာ ဆိုးရွားလာခဲ့သည်ဟု ဟာဒစ်က ဆိုသည်။
အမေရိကန်အခြေစိုက် HRW အဖွဲ့ကလည်း အဆိုပါဖမ်းဆီးမှုမှာ အာဏာကြီးထွားလိုသည့် အိမ်ရှေ့မင်းသားနှင့် ဆက်စပ်နေသည်ဟု ယူဆကြောင်း ပြောကြားခဲ့သည်။
ဖမ်းဆီးခံရသူများတွင် နာမည်ကျော် အစ္စလာမ့်ဓမ္မပညာရှင်များဖြစ်သော ဆလ်မန် အလ်-အောင်ဒါဟ်နှင့် အေ၀ဒ် အလ်-ကာရ်နီ၊ အစွန်းရောက်လုပ်ငန်းများနှင့် အစိုးရအား ဆန့်ကျင်မှုများနှင့် မည်သည့်အချိန်ကမှ ဆက်စပ်မှုမရှိသူများလည်း ပါဝင်သည်။
ဆော်ဒီအာဏာပိုင်များကမူ အဆိုပါ ဖမ်းဆီးမှုနှင့်ပတ်သက်၍ မည်သည့်မှတ်ချက်မှ မပေးသေးပေ။
Ref: Aljazeera