စက်တင်ဘာ ၂၉၊ ၂၀၁၇
M-Media

– အိန္ဒိယနိုင်ငံ၏ စီးပွားရေးမြို့တော် မွမ်ဘိုင်းရှိ မီးရထားဘူတာတစ်ခုတွင် ကြောက်လန့်တကြား လူတိုးမှုကြောင့် အနည်းဆုံး ၂၂ ဦး သေဆုံးခဲ့သည်ဟု သိရသည်။
အဓိက ရထားလိုင်းနှစ်ခုကို ဆက်သွယ်ပေးထားသော အလ်ဖင်စတုန်းဘူတာရှိ လူကူး ဂုံးကျော်တံတား၌ ယနေ့မနက် ရုံးတက်ချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
တံတားမှ ကွန်ကရစ်တုန်းတစ်ခု ပြုတ်ကျသည်ကို တံတားပြိုကျသည်ဟု ထင်မှတ်ကာ လူများ အတင်းတိုးထွက်ကြရာမှ အနည်းဆုံး ၂၂ ဦးသေဆုံးခဲ့ကာ ဆိုးဆိုးဝါးဝါး ဒဏ်ရာရသူ များသောကြောင့် သေဆုံးသူအရေအတွက် မြင့်တက်လာနိုင်သည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အခင်းဖြစ်ပွားချိန်တွင် လူအများအပြားမှာ အဆိုပါ တံတားနှင့် ဘူတာရုံတွင် မိုးခိုနေကြမှုက ထိခိုက်မှုအရေအတွက် မြင့်မားရခြင်း၏ အကြောင်းအရင်းတစ်ခု ဖြစ်သည်။
အိန္ဒိယနိုင်ငံမှာ ကမ္ဘာ့ခရီးသည်အများဆုံး ရထားလမ်းကွန်ယက်ရှိရာ နိုင်ငံဖြစ်ပြီး ၂၀၁၆ တစ်နှစ်တည်းမှာပင် ရထားပေါ်မှ ပြုတ်ကျခြင်း၊ ရထားတိုက်မိခြင်းတို့ကြောင့် လူ ၃၄၀၀ ခန့် သေဆုံးခဲ့သည်။
Ref: Aljazeera