News @ M-Media

ခွဲထွက်မှုဆက်လုပ်လျှင် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရုပ်သိမ်းမည်ဟု ကာတ့်လန်ဒေသကို စပိန်သတိပေး

အောက်တိုဘာ ၈၊ ၂၀၁၇
M-Media

ခွဲထွက်မှုဆန့်ကျင်သည့် ဆန္ဒပြမှု

– ကာတာလိုနီယာဒေသတွင် လွတ်လပ်ရေးကြေငြာပါက ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပေးထားမှုအား ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးအပ်ထားသည့် လုပ်ပိုင်ခွင့်ကို အသုံးချ၍ ရပ်တန့်သွားမည်ဟု စပိန်ဝန်ကြီးချုပ် မာရီယာနို ရာဂျွိုင်းက သတိပေးပြောကြားလိုက်သည်။

ဘာစီလိုနာတွင် စပိန်ညီညွတ်ရေးအတွက် လူထောင်ပေါင်းများစွာက ယနေ့တွင် ချီတက်လမ်းလျှောက်မှု ပြုလုပ်သည့်အချိန်တွင် စပိန်ဝန်ကြီးချုပ်၏ ယခုသတိပေးချက် ပေါ်ထွက်လာခြင်းဖြစ်သည်။

“ဘယ်လို လွတ်လပ်ရေး ကြေငြာမှုမဆို အကျုံးမ၀င်အောင် အစိုးရက လုပ်ဆောင်သွားမှာပါ” ဟု ၀န်ကြီးချုပ်က El Pais သတင်းစာကို ပြောကြားခဲ့ပြီး ကာတာလိုနီယာအစိုးရနှင့် မည်သည့် ဆွေးနွေးမှုမှ လုပ်မည်မဟုတ်ဟု ဆိုသည်။

ကာတာလိုနီယာဒေသ စပိန်မှခွဲထွက်ရေးအတွက် အောက်တိုဘာ ၁ ရက်နေ့ ပြည်သူ့ဆန္ဒခံယူပွဲကို ရဲတပ်ဖွဲ့က ပြင်းပြင်းထန်ထန် နှိမ်နှင်းခဲ့သော်လည်း ပြည်သူ ၉၀ ရာခိုင်နှုန်းက လွတ်လပ်ရေးအတွက် ထောက်ခံမဲ ပေးခဲ့ကြသည်။

စပိန်အစိုးရက အဆိုပါ ပြည်သူ့ဆန္ဒခံယူပွဲမှာ အခြေခံဥပဒေအရ တရားဝင်ခြင်းမရှိဟု ပြောကြားထားသည်။

ကာတာလိုနီယာဒေသခေါင်းဆောင် Carles Puigdemont က ပြည်သူ့ဆန္ဒအတိုင်း ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပြီး ဒေသလွတ်လပ်ရေးကို ရက်ပိုင်းအတွင်း ကြေငြာသွားမည်ဟု ပြောကြားထားသည်။

ကာတာလိုနီယာဒေသ ခွဲထွက်ရေးကို ဆန့်ကျင်သည့်အနေဖြင့် စပိန်ပြည်သူများမှာ စနေနေ့က မက်ဒရစ်တွင် ချီတက်ဆန္ဒပြခဲ့ကြပြီး၊ ယနေ့တွင် ကာတာလိုနီယာဒေသ မြို့တော် ဘာစီလိုနာ၌ ထပ်မံ ချီတက်ခဲ့ကြသည်။

Ref: Aljazeera