News @ M-Media

နျူသဘောတူညီချက်မှထွက်လျှင် အမေရိကန်ကို ကမ္ဘာက ရှုတ်ချမည်ဟု အီရန်ပြော

အောက်တိုဘာ ၉၊ ၂၀၁၇
M-Media

– အီရန်နှင့် အင်အားကြီး ၆ နိုင်ငံတို့ ၂၀၁၅ ခုနှစ်က ရရှိထားသည့် နျူသဘောတူညီချက်မှ အမေရိကန်နှုတ်ထွက်ပါက ကမ္ဘာကြီးမှာ အမေရိကန်အား ရှုတ်ချလိမ့်မည်ဟု အီရန်သမ္မတ ဟာဆန် ရူဟာနီက ပြောကြားလိုက်သည်။

အဆိုပါ သဘောညီချက်အရ အီရန်မှာ ၎င်းတို့၏ အငြင်းပွားဖွယ် နျူအစီအစဉ်ကို ကန့်သတ်လျှော့ချရန် သဘောတူညီခဲ့ပြီး အပြန်အလှန်အားဖြင့် နိုင်ငံတကာ အသိုင်းအ၀ိုင်းက အီရန်အပေါ် ပြုလုပ်ထားသည့် ပိတ်ဆို့မှုများကို ဖယ်ရှားပေးခဲ့သည်။

သို့သော်လည်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်မှာ သဘောတူညီချက်ကို ဝေဖန်မှုများ တောက်လျှောက် ပြုလုပ်ခဲ့ပြီး၊ အီရန်မှာ သဘောတူညီချက်ကို အပြည့်အ၀ လိုက်နာခြင်း ရှိ၊ မရှိနှင့် သဘောတူညီချက်မှာ အမေရိကန်၏ အကျိုးစီးပွားအပေါ် ထိခိုက်ခြင်း ရှိ၊ မရှိကို အောက်တိုဘာ ၁၅ ရက်နေ့တွင် သုံးသပ်သွားမည်ဟု ပြောကြားကာ သဘောတူညီချက်မှ နှုတ်ထွက်ရန် အရိပ်အမြွက် ဖွင့်ဟမှုများလည်း ရှိနေသည်။

အီရန်သမ္မတ ဟာဆန်ရူဟာနီက အဆိုပါ သဘောတူညီချက်ကို အမေရိကန်က ဖျက်ဆီးနိုင်မည်မဟုတ်ဟု စနေနေ့က တီဟီရန်တက္ကသိုလ်တွင် ကျင်းပပြုလုပ်သော အခမ်းအနားတစ်ခု၌ ပြောကြားခဲ့သည်။

“ထရမ့်မကလို့ ဘယ်သူဖြစ်ဖြစ် အဲ့ဒီစာချုပ်ကို ပြင်ဆင်နိုင်မှာ မဟုတ်ပါဘူး၊ ကမ္ဘာပေါ်မှာ ဒေါ်နယ်ထရမ့် ၁၀ ယောက် ရှိရင်တောင် ပြင်ဆင်နိုင်ဖို့ မရှိပါဘူး”

ထရမ့်အနေဖြင့် ထိုစာချုပ်မှ နှုတ်ထွက်ရန် ဆုံးဖြတ်ပါက အမေရိကန်၏ ဂုဏ်သိက္ခာကို ထိခိုက်မည်ဖြစ်ပြီး ကမ္ဘာကြီး၏ ရှုတ်ချမှုကို ခံရမည်ဟုလည်း ရူဟာနီက ထည့်သွင်းပြောဆိုခဲ့သည်။

Ref: Aljazeera