News @ M-Media

ထရမ့်နှင့် အပြာမယ်ကိစ္စအတွက် FBI က ထရမ့်လူယုံ၏အိမ်ကို ၀င်စီး

ဧပြီ ၁၀၊ ၂၀၁၈
M-Media

ထရမ့်နှင့်အတူတွေ့ရသည့် ကိုဟင် (ယာ)

– အမေရိကန် ဖက်ဒရယ် ထောက်လှမ်းရေးဗျူရို FBI ဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ ရှေ့နေတစ်ဦးဖြစ်ပြီး လူယုံတစ်ဦးလည်းဖြစ်တဲ့ မီခေးလ် ကိုဟင်ရဲ့ရုံးခန်းကို မနေ့မှာ ၀င်ရောက်စီးနင်းပြီး စာရွက်စာတမ်းတွေ သိမ်းဆည်းခဲ့တယ်လို့ သိရပါတယ်။

အဲဒီစာရွက်စာတမ်းတွေထဲမှာ ထရမ့် အရင်ကရှုပ်ခဲ့တဲ့ အပြာမယ် စတီဖန်နီ ကလစ်ဖို့ဒ်နဲ့ ဆက်စပ်တာတွေ ပါဝင်ကြောင်း၊ ရှာဖွေဝရမ်းမှာ ရှာဖွေသိမ်းဆည်းနိုင်မယ့် ပစ္စည်းစာရင်းတွေကလည်း တော်တော်များကြောင်း၊ ဘဏ်စာရင်း မှတ်တမ်းတွေလည်း သိမ်းဆည်းခံရကြောင်း ဒီကိစ္စနဲ့ နီးစပ်တဲ့ ရင်းမြစ်တစ်ခုက CNN သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

စတီဖန်နီ ကလစ်ဖို့ဒ်က သူဟာ ၂၀၀၆ ခုနှစ်မှာ ထရမ့်နဲ့ ညိစွန်းခဲ့ဖူးတယ်လို့ ပြောဆိုထားပြီး အိမ်ဖြူတော်ကတော့ ဒီသတင်းကို ငြင်းဆိုထားပါတယ်။

သမ္မတထရမ့်က ကိုဟင်ရဲ့အိမ် ၀င်ရောက်စီးနင်းခံရမှုကို ရှုတ်ချကာ စက်ဆုပ်စရာ အခြေအနေတစ်ခုဖြစ်ကြောင်း၊ တိုင်းပြည်ကို တိုက်ခိုက်မှုဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ အိမ်ဖြူတော်တာဝန်ရှိသူတစ်ဦးကလည်း ထရမ့်ဟာ သတင်းမထွက်ခင်ကတည်းက စီးနင်းမှုကို သိရှိခဲ့ကြောင်း၊ သတင်းတွေကို စောင့်ကြည့်နေကြောင်း ပြောကြားခဲ့ပါတယ်။

ကိုဟင်ရဲ့ရုံးခန်းအပြင် သူတည်းတဲ့ဟိုတယ်၊ သူနေတဲ့အိမ်တွေပါ စီးနင်းရှာဖွေမှုကို ခံခဲ့ရပါတယ်။

ကလစ်ဖို့ဒ်နဲ့ ထရမ့်အကြား ပတ်သတ်မှုကို နှုတ်ပိတ်ဖို့အတွက် ကလစ်ဖို့ဒ်ကို ငွေပေးခဲ့တယ်လို့ ကိုဟင်က အခုနှစ်အစောပိုင်းမှာ ဖွင့်ဟ၀န်ခံခဲ့ပါတယ်။

Ref: CNN