News @ M-Media

တနင်္လာနေ့မနက် နိုင်ငံတကာ သတင်းများ

ဒီဇင်ဘာ ၁၀၊ ၂၀၁၈
M-Media

ပါလက်စတိုင်းတွင် သေနတ်ပစ်ခေတ်မှုဖြစ်
====================
ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းက အစ္စရေးရဲ့ တရားမ၀င်အခြေချအိမ်ယာတစ်ခုအနီး ဘတ်စ်ကားမှတ်တိုင်နားမှာ ရပ်နေတဲ့ လူတွေကို ပါလက်စတိုင်းတစ်ဦးက ကားပေါ်ကနေ သေနတ်နဲ့ပစ်ခတ်မှု မနေ့က ဖြစ်ပွားခဲ့ပြီး အစ္စရေးအခြေချအိမ်ယာမှာ နေထိုင်သူ ၇ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ သူတို့ရဲ့ပိုင်နက်ကို အစ္စရေးက ကျူးကျော်သိမ်းပိုက်ကာ တရားမ၀င်အိမ်ယာတွေ ဆောက်လုပ်မှုကို မကျေနပ်တဲ့အတွက် ပါလက်စတိုင်းတွေဟာ အဲဒီအိမ်ယာတွေ၊ အိမ်ယာမှာနေထိုင်သူတွေကို မကြာခဏ တိုက်ခိုက်မှုတွေ ပြုလုပ်လေ့ရှိပါတယ်။ အစ္စရေးစစ်တပ်က မနေ့က တိုက်ခိုက်မှုမှာ ပါဝင်သူကို ရှာဖွေနေတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

ပြည်တွင်းရေးကို ၀င်မစွက်ရန် ထရမ့်ကို ပြင်သစ် သတိပေး
=====================
အမေရိကန်ရဲ့ နိုင်ငံရေးကို ပြင်သစ်က ၀င်မရှုပ်တဲ့အတွက် ပြင်သစ်နိုင်ငံရေးကို အမေရိကန်က ၀င်ရှုပ်တာလည်း မကြိုက်ဘူးလို့ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Jean-Yves Le Drian က မနေ့မှာ ပြောကြားလိုက်ပါတယ်။ အခွန်မြင့်တက်မှု၊ လူနေမှုအဆင့်အတန်း နိမ့်ကျမှုတွေကို ဆန့်ကျင်တဲ့အနေနဲ့ ပြင်သစ်နိုင်ငံ ပဲရစ်မြို့က ဆန္ဒပြမှုဟာ ၄ ပတ်တိုင်လာခဲ့ပြီး ခဲတွေနဲ့ပစ်ပေါက်တာ၊ ကားတွေမီးရှို့တာ၊ ဆိုင်တွေ၊ စားသောက်ဆိုင်တွေ ဖျက်ဆီးတာတွေလည်း ဖြစ်နေပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အဲဒီအဖြစ်အပျက်နဲ့ပတ်သက်ပြီး ပြင်သစ်အစိုးရပေါ်လစီကို လှောင်ပြောင်တဲ့ မှတ်ချက်တစ်ခုကို မနေ့က Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။  Jean-Yves Le Drian က အဲဒီရေးသားမှုမှာ ထရမ့်အသုံးပြုခဲ့တဲ့ဓာတ်ပုံဟာ ပြင်သစ်ကဓာတ်ပုံမဟုတ်ဘဲ လွန်ခဲ့တဲ့လအနည်းငယ်က လန်ဒန်မှာဖြစ်ခဲ့တဲ့ ဓာတ်ပုံဖြစ်ကြောင်း၊ ထရမ့်ရဲ့ရေးသားမှုကို ရှုတ်ချကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

ခြစားမှုကို တိုက်ဖျက်မှ အာဏာဆက်ရှိမည်ဟု မလေးဝန်ကြီးချုပ်ပြော
===============
၂၀၂၃ ခုနှစ်မှာ ပြုလုပ်မယ့် ရွေးကောက်ပွဲမှာ အနိုင်ရချင်ရင် ခြစားမှုကင်းရမယ်လို့ မလေးရှားဝန်ကြီးချုပ် မဟာသီယာ မိုဟာမက်က မနေ့မှာ ပြုလုပ်ခဲ့တဲ့ ပရဟိတ ညစာစားပွဲမှာ သူဦးဆောင်တဲ့ အာဏာရ ညွန့်ပေါင်းအဖွဲ့ Pakatan Harapan (PH) ကို တိုက်တွန်းလိုက်ပါတယ်။ အတိုက်အခံပါတီတွေ ပေါင်းစည်းထားတဲ့ PH ဟာ အခုနှစ်ဇွန်လမှာကျင်းပတဲ့ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပြီး မဟာသီက ဒီလိုအနိုင်ရမှုဟာ ခြစားမှုကို ဆန့်ကျင်တိုက်ဖျက်မယ်လို့ ပြောကြားခဲ့တဲ့အတွက်ဖြစ်ကြောင်း၊ ဒီကိစ္စကို ဆက်မလုပ်တော့ဘူးဆိုရင် သူဦးဆောင်နေလည်း ရွေးကောက်ပွဲမှာ အနိုင်ရဖို့ မရှိတော့ကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။ မလေးရှားအစိုးရဟာ လက်ရှိမှာ စီးပွားရေး ပြန်လည်ထူထောင်လာအောင် လုပ်ဆောင်နေပြီး မဟာသီက ဒီအကျိုးကျေးဇူးတွေကို လာမယ့်နှစ်မှာ ခံစားရမယ်လို့ ဆိုပါတယ်။

ဂျာနယ်လစ်အသတ်ခံရမှုကိစ္စအတွက် သံသယရှိသူများကို ဆော်ဒီက တူရကီထံ လွှဲပေးမည် မဟုတ်
===================
အောက်တိုဘာလအတွင်းက အစ္စဘူလ် ဆော်ဒီကောင်စစ်ဝန်ရုံးမှာ ဂျာနယ်လစ် ဂျမားလ် ကာရှိုဂျီ အသတ်ခံလိုက်ရတဲ့ ကိစ္စအတွက် တူရကီက ဖမ်းဝရမ်းထုတ်ထားသူတွေကို လွှဲပြောင်းပေးသွားမှာ မဟုတ်ဘူးလို့ ဆော်ဒီ နိုင်ငံခြားရေးဝန်ကြီး အဒဲလ် အလ်-ဂျူဘီရ်က မနေ့မှာ ပြောကြားလိုက်ပါတယ်။ ဆော်ဒီ ထောက်လှမ်းရေးအကြီးအကဲဟောင်း အဟ်မဒ် အလ်-အက်ဆရီနဲ့ ဆော်ဒီတော်ဝင်မိသားစုအကြံပး အာအွဒ် အလ်- ကာတာနီတို့ကို တူရကီက ဗုဒ္ဓဟူးနေ့မှာ ဖမ်းဝရမ်းထုတ်ခဲ့တာ ဖြစ်ပါတယ်။ အက်ဆရီဟာ အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်ရဲ့ အနီးကပ်လူယုံဖြစ်ပြီး သူ့ရဲ့ တံးခါးပိတ်အစည်းအဝေးတွေမှာ အမြဲတမ်း
ပါဝင်ခွင့်ရခဲ့ပါတယ်။ အလ်-ဂျူဘီရ်က တူရကီထံကနေ အထောက်အထားတွေ တောင်းထားပေမယ့် ရသင့်ရထိုက်တဲ့ လမ်းကြောင်းကနေ မရသေးဘူးလို့ ပြောကြားခဲ့ပါတယ်။

Ref: Aljazeera,CNA