News @ M-Media

Tag: EPL 2017-2018

  • ဆာလာဟ်၏ တစ်ကိုယ်ကောင်းမဆန်သည့်စိတ်ဓာတ်ကို လီဗာပူးလ်နည်းပြ ချီးကျူး

    ဆာလာဟ်၏ တစ်ကိုယ်ကောင်းမဆန်သည့်စိတ်ဓာတ်ကို လီဗာပူးလ်နည်းပြ ချီးကျူး

    ဒီဇင်ဘာ ၃၀၊ ၂၀၁၈
    M-Media

    – မနေ့က အာဆင်နယ်အသင်းကို ၅ ဂိုး ၁ ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ ဒုတိယပိုင်းရရှိတဲ့ ပင်နယ်တီကို ကိုယ်တိုင်မကန်ဘဲ တိုက်စစ်မှူး ရော်ဘတ်တို ဖာမီနိုကို ပေးကန်ခဲ့တဲ့ မိုဟာမက် ဆာလာဟ်ရဲ့လုပ်ရပ်ကို လီဗာပူးလ်နည်းပြ ယာဂန်ကလော့က ချီးကျူးလိုက်ပါတယ်။

    အန်ဖီးလ်မှာကစားခဲ့တဲ့ပွဲ အဲဒီပွဲမှာ အာဆင်နယ်အသင်းက ဦးဆောင်ဂိုး အရင်သွင်းခဲ့ပေမယ့် ဖာမီနိုက ၂ ဂိုး၊ မာနေးနဲ့ ဆာလာဟ်တို့က ၁ ဂိုးစီ ပြန်သွင်းခဲ့တဲ့အတွက် ပထမပိုင်းအပြီးမှာ လီဗာပူးလ်က ၄ ဂိုး ၁ ဂိုးနဲ့ ဦးဆောင်နေခဲ့ပါတယ်။

    ပထမပိုင်းမှာရတဲ့ ပင်နယ်တီကို ဂိုးအဖြစ်ပြောင်းလဲပေးခဲ့တဲ့ ဆာလာဟ်ဟာ ဒုတိယပိုင်းမှာထပ်ရတဲ့ ပင်နယ်တီကို ကိုယ်တိုင်မကန်ဘဲ ဖာမီနို ဟက်ထရစ်ရဖို့အတွက် ပေးကန်ခဲ့ပါတယ်။

    ကာလော့ပ်က ဆာလာဟ်ရဲ့ ဒီလုပ်ရပ်အတွက် မျက်ရည်တောင်ကျမိမလို ဖြစ်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

    “ဒုတိယပိုင်းမှာ ပွဲမပြီးသေးဘူးဆိုတာ ကျွန်တော်တို့သိတယ်။ ဒါ့ကြောင့် ပွဲကို ကျွန်တော်တို့ ထိန်းထားချင်တယ်။ မို ဆာလာဟ်က ဘော့ဘီ(ဖာမီနို) ကို ပင်နယ်တီပေးကန်တဲ့အခါ ကျွန်တော် မျက်ရည်ကျမိမလိုတောင် ဖြစ်ခဲ့ပါတယ်။ မိုက ဘယ်လောက်တောင် ဂိုးသွင်းချင်လဲဆိုတာ ကျွန်တော် သိတာကိုး။ ဒီလိုပေးကန်လိုက်တာ တော်တော်ကောင်းတဲ့လုပ်ရပ်ပါ။ ဒီကစားသမားနှစ်ယောက်အတွက် ခရစ္စမတ်ဟာ မပြီးသေးပါဘူး”

    အာဆင်နယ်ကို အနိုင်ရခဲ့တာကြောင့် လီဗာပူးလ်ဟာ ဒုတိယနေရာက စပါးကို ၉ မှတ်ဖြတ်နိုင်ခဲ့ပါတယ်။

    ကလော့ပ်က တစ်ဂိုးအရှုံးကနေ အနိုင်ရအောင် စွမ်းဆောင်နိုင်တဲ့ အသင်းရဲ့စွမ်းဆောင်ရည်ဟာ ကမ္ဘာ့အဆင့် စွမ်းဆောင်ရည်မျိုး ဖြစ်တယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref: Goal

  • တိုက်စစ်မှူးဟောင်း ဆိုလ်းရှားကို ယာယီနည်းပြအဖြစ် မန်ယူခန့်အပ်

    တိုက်စစ်မှူးဟောင်း ဆိုလ်းရှားကို ယာယီနည်းပြအဖြစ် မန်ယူခန့်အပ်

    ဒီဇင်ဘာ ၁၉၊ ၂၀၁၈
    M-Media

    – တိုက်စစ်မှူး အိုလီဂူနာ ဆိုးလ်ရှားကို ရာသီကုန်အထိ အသင်းကို ကိုင်တွယ်ဖို့ ယာယီနည်းပြအဖြစ် ခန့်အပ်လိုက်တယ်လို့ မန်ယူအသင်းက ဒီကနေ့မှာ ကြေငြာလိုက်ပါတယ်။

    ဆိုးလ်ရှားဟာ မန်ယူမှာ ၁၁ ရာသီကစားခဲ့ပြီး ၁၉၉၉ ခုနှစ် မန်ယူ ချန်ပီယံလိဂ်ဖလား ကိုင်မြှောက်နိုင်တဲ့ပွဲမှာ အနိုင်ဂိုး သွင်းပေးခဲ့သူလည်း ဖြစ်ပါတယ်။

    “မန်ချက်စတာယူနိုက်တက်ဟာ ကျွန်တော့်ရဲ့ အသည်းနှလုံးပါ။ ဒီရာထူးနဲ့ အသင်းကို ပြန်လာရတာ အင်မတန် ပျှော်ရွှင်မိပါတယ်။ ဒါဟာ ကျွန်တော့်အတွက် အခွင့်အလမ်းတစ်ခုပါ။ အင်မတန်ပါရမီရှိတဲ့ အသင်းသားတွေ၊ ၀န်ထမ်းတွေ၊ အသင်းကရှိတဲ့လူတွေနဲ့ အလုပ်တွဲလုပ်ဖို့အတွက် ကျွန်တော်စိတ်လှုပ်ရှားနေပါတယ်” လို့ အသက် ၄၅ နှစ်အရွယ် ဆိုးလ်ရှားက ပြောကြားခဲ့ပါတယ်။

    ဆိုးလ်ရှားဟာ အခုလအစောပိုင်းမှာ နော်ဝေကလပ် Molde နည်းပြအဖြစ် လက်မှတ်ရေးထိုးခဲ့တာဖြစ်ပြီး ဖာဂူဆန်လက်အောက်မှာ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ မိုက်ဖီလန်နဲ့အတူ မန်ယူကို ကိုင်တွယ်မှာ ဖြစ်ပါတယ်။ မော်ရင်ဟိုရဲ့ နည်းပြအဖွဲ့မှာ ပါဝင်တဲ့ မိုက်ကယ်ကာရစ်၊ ရီကန် မက်ကန်နာတို့ဟာလည်း ဆိုးလ်ရှားလက်အောက်မှာ ဆက်လက် တာဝန်ထမ်းဆောင်သွားမှာ ဖြစ်ပါတယ်။

    မန်ယူကို ၂ နှစ်ခွဲကြာ ကိုင်တွယ်ခဲ့တဲ့ မော်ရင်ဟိုဟာ ယူရိုပါဖလားတစ်လုံး၊ လိဂ်ဖလားတစ်လုံး ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပေမယ့် အခုရာသီမှာ ရလဒ်ကောင်းမွန်အောင် မဆောင်ရွက်နိုင်တာကြောင့် မနေ့က ရာထူးကနေ ထုတ်ပယ်ခံလိုက်ရပါတယ်။

    Ref: BBC

  • နည်းပြမော်ရင်ဟိုကို မန်ယူထုတ်ပယ်၊ နည်းပြသစ်ကို အသေအချာ စီစစ်မည်ဟု ပြော

    နည်းပြမော်ရင်ဟိုကို မန်ယူထုတ်ပယ်၊ နည်းပြသစ်ကို အသေအချာ စီစစ်မည်ဟု ပြော

    ဒီဇင်ဘာ ၁၈၊ ၂၀၁၈
    M-Media

    – မန်ချက်ယူနိုက်တက်အသင်းဟာ သူတို့ရဲ့အသင်းနည်းပြ မော်ရင်ဟိုကို ရာထူးကနေ ထုတ်ပယ်လိုက်ပြီး ယာယီနည်းပြတစ်ဦးကို ရာသီကုန်အထိ ခန့်အပ်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    အသက် ၅၅ နှစ်အရွယ် မော်ရင်ဟိုဟာ မန်ယူကို ၂ နှစ်ခွဲကြာ တာာဝန်ယူခဲ့ပြီး လိဂ်ဖလားတစ်လုံး၊ ယူရိုပါဖလားတစ်လုံး ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

    ဒါပေမယ့် အခုရာသီ ပရီးမီးယားလိဂ်မှာ မန်ယူဟာ ဇယားကိုဦးဆောင်နေတဲ့ လီဗာပူးလ်နဲ့ ၁၉ မှတ် ကွာဟကာ အဆင့် ၆ နေရာမှာ ရှိနေပါတယ်။

    အသင်း ထုတ်ပြန်တဲ့ကြေငြာချက်မှာ ရာသီကုန်အထိ ယာယီနည်းပြတစ်ဦးကို တာဝန်ပေးအပ်သွားမှာဖြစ်ပြီး အမြဲတမ်းနည်းပြတစ်ဦး ခန့်အပ်ဖို့အတွက် သေသေချာချာ စီစစ်ရွေးချယ်သွားမယ်လို့ ဖော်ပြထားပါတယ်။

    “တာဝန်ယူစဉ်အတွင်း ဟိုးဆေးရဲ့ စွမ်းဆောင်ပေးမှုတွေအတွက် အသင်းက ကျေးဇူးတင်ကြောင်း ပြောကြားလိုပြီး အနာဂတ်မှာ အောင်မြင်ပါစေကြောင့် မန်ချက်စတာယူနိုင်တက်က ဆုတောင်းပေးလိုက်ပါတယ်”

    အမြဲတမ်းနည်းပြကို အသင်းပြင်ပကနေ ရွေးချယ်သွားမှာဖြစ်ပေမယ့် အာဆင်နယ်နည်းပြဟောင်း အာဆင်ဝင်းဂါး မဟုတ်ဘူးလို့လည်း မန်ယူအသင်းက ထည့်သွင်းပြောကြားခဲ့ပါတယ်။

    Ref: BBC

  • မန်ယူအသင်းကို ၀ယ်ယူရန် ဆော်ဒီအိမ်ရှေ့မင်းသား စိတ်ဝင်စားနေ

    မန်ယူအသင်းကို ၀ယ်ယူရန် ဆော်ဒီအိမ်ရှေ့မင်းသား စိတ်ဝင်စားနေ

    အောက်တိုဘာ ၁၆၊ ၂၀၁၈
    M-Media

    ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်

    – နိုင်ငံရဲ့ စီးပွားရေးကို ပိုမိုမျှတအောင် ဆောင်ရွက်မှု တစ်စိတ်တစ်ပိုင်းအဖြစ် အင်္ဂလန်ပရီးမီးယားလိဂ် ထိပ်သီးကလပ် မန်ချက်စတာ ယူနိုက်တက်အသင်းကို ၀ယ်ယူဖို့ ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်က စိတ်ဝင်စားနေတယ်လို့ ဗြိတိန်မီဒီယာတစ်ခုက မနေ့မှာ ဖော်ပြခဲ့ပါတယ်။

    ဥရောပ ဘောလုံးနယ်ပယ်မှာ ရင်းနှီးမြှုပ်နှံမှုတွေလုပ်ထားတဲ့ ကာတာနဲ့ ယူအေအီးက စီးပွားရေးသမားတွေလိုပဲ ဆော်ဒီ တော်ဝင် မိသားစုကလည်း ရင်းနှီးမြှုပ်နှံမှုတွေ ဆောင်ရွက်ချင်နေတာပါ။

    ကာတာက လုပ်ငန်းရှင်တွေဟာ ပြင်သစ်လီဂူး ထိပ်သီးကလပ် ပီအက်စ်ဂျီကို ၂၀၁၂ ခုနှစ်မှာ ၀ယ်ယူခဲ့ပြီး ဒေါ်လာဘီလီယံချီ သုံးစွဲကာ အောင်မြင်မှုရအောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ကာတာဟာ ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားကိုလည်း လက်ခံကျင်းပဖို့ ရှိနေပါတယ်။

    ယူအေအီးဘီလီယံနာ ရှိခ် မန်ဆူရ် ဘင် ဇေယဒ်ဟာ ၂၀၀၈ ခုနှစ်မှာ မန်ချက်စတာစီးတီးအသင်းကို ပေါင် သန်း ၂၁၀ နဲ့ ၀ယ်ယူခဲ့ပြီး ၂၀၁၈ ခုနှစ်မှာ အသင်းရဲ့တန်ဖိုးဟာ ပေါင် ၂ ဘီလီယံ ရှိလာခဲ့ပါတယ်။

    မန်ချက်စတာယူနိုက်တက်အသင်းကို လက်ရှိမှာ အမေရိကန်သူဌေး ဂလေဇာ မိသားစုက ပိုင်ဆိုင်တာဖြစ်ပြီး ဘင် ဆလ်မန်အနေနဲ့ ၀ယ်ယူမယ်ဆိုရင် ပေါင် ၄ ဘီလီယံ လောက် ပေးရဖို့ ရှိနေပါတယ်။

    မန်ယူဟာ ဆော်ဒီနဲ့ ရေရှည်ဆက်ဆံရေးတစ်ခု တည်ဆောက်ထားပြီး နိုင်ငံရဲ့ ဘောလုံးကဏ္ဍ တိုးတက်ရေး ကူညီဖို့အတွက် ပြီးခဲ့တဲ့နှစ်မှာ ဆော်ဒီအားကစားအာဏာပိုင်အဖွဲ့နဲ့ နားလည်မှုစာချွန်လွှာတစ်ခုကို လက်မှတ်ရေးထိုးခဲ့ပါတယ်။

    အသင်းရဲ့ ပူးတွဲဥက္ကဌ အဗ်ရမ် ဂလေဇာဟာ လာမယ့်သီတင်းပတ် ဆော်ဒီမှာပြုလုပ်မယ့် Davos in the Desert အစည်းအဝေးကို တက်ရောက်ဖို့ရှိနေပြီး အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်နဲ့ တွေ့ဆုံဖို့ရှိနေတယ်လို့လည်း သတင်းထွက်နေပါတယ်။ ဒါပေမယ့် တရားဝင် ထုတ်ပြန်မှုတော့ မရှိသေးပါဘူး။

    Ref : Press TV

  • လီဗာပူးလ်တိုက်စစ်မှူး ဆာလာဟ် အသင်းနှင့် နှစ်ရှည်စာချုပ်ချုပ်

    လီဗာပူးလ်တိုက်စစ်မှူး ဆာလာဟ် အသင်းနှင့် နှစ်ရှည်စာချုပ်ချုပ်

    ဇူလိုင် ၂၊ ၂၀၁၈
    M-Media

    လီဗာပူးလ်အသင်း တိုက်စစ်မှူး မိုဟာမက် ဆာလာဟ်

    – လီဗာပူးလ်အသင်းရဲ့ အီဂျစ်တိုက်စစ်မှူး မိုဟာမက် ဆာလာဟ်ဟာ အသင်းနဲ့ ၅ နှစ် သက်တမ်းတိုးစာချုပ်တစ်ခုကို ချုပ်ဆိုလိုက်ပါတယ်။

    အသက် ၂၆ နှစ်အရွယ် ဆာလာဟ်ဟာ ပြီးခဲ့တဲ့နှစ်က ရိုးမားကနေ ပေါင် ၃၄ သန်းနဲ့ လီဗာပူးလ်ကို ပြောင်းရွှေ့လာခဲ့ပြီး ပွဲဦးထွက်ရာသီမှာပဲ အသင်းအတွက် ၅၂ ပွဲ ပါဝင်ကစားကာ ၄၄ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

    ၂၀၂၃ ခုနှစ်အထိ သက်တမ်းရှိမယ့် အခုစာချုပ်သစ်မှာ အသင်းကနေ ထွက်ခွာနိုင်မယ့် ခြွင်းချက် ထည့်သွင်းထားတာ မရှိပါဘူး။

    “သူကလည်း အသင်းကိုယုံတယ်၊ အသင်းကလည်း သူ့အပေါ် ယုံတယ်ဆိုတာကို ဒီအချက်က ရှင်းရှင်းလင်းလင်း ဖော်ပြနေပါတယ်” လို့ နည်းပြ ယာဂန်ကလော့ပ်က ပြောကြားခဲ့ပါတယ်။

    ဆာလာဟ်ဟာ ၃၈ ပွဲကစားတဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ တစ်ရာသီ သွင်းဂိုးအများဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုကိုလည်း ရရှိခဲ့ပါတယ်။ ဒါ့အပြင် PFA ရဲ့ ပရီးမီးယားလိဂ် တစ်နှစ်တာ အကောင်ဆုံး ကစားသမားဆု၊ FWA ရဲ့ တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုတွေကိုလည်း ရရှိခဲ့ပါတယ်။

    “အသင်းနဲ့ သက်တမ်းတိုးစာချုပ် ချုပ်ဆိုနိုင်ခဲ့တဲ့အတွက် အရမ်းကို ပျော်ရွှင်မိပါတယ်။ ပွဲဦးထွက်ရာသီမှာ ကျွန်တော်နဲ့ ကျွန်တော့်မိသားစုအတွက် မယုံနိုင်လောက်တဲ့ အတွေ့အကြုံကို ရရှိခဲ့ပြီး အသင်းသားတွေအားလုံးနဲ့ ပရိတ်သတ်တွေရဲ့ ကျေးဇူးကြောင့် ဖြစ်ပါတယ်။ ကျွန်တော်တို့ အတူတကွ အောင်မြင်မှုတွေရမယ်ဆိုတာ သိနေပါတယ်” လို့ ဆာလာဟ်က ပြောကြားခဲ့ပါတယ်။

    Ref: BBC