ဇန်န၀ါရီ ၃၊ ၂၀၁၉
M-Media

– ပြီးခဲ့တဲ့သီတင်းပတ်တွေမှာ ရခိုင်လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ AA နဲ့ မြန်မာစစ်တပ်တို့အကြား တိုက်ပွဲတွေ ပြင်းထန်လာတာကြောင့် ရခိုင်ပြည်နယ်အတွင်း အိုးအိမ်စွန့်ခွာထွက်ပြေးရသူ အရေအတွက်ဟာ ၂၅၀၀ အထိ ရှိလာတယ်လို့ ကုလသမဂ္ဂအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဖာရ်ဟန် ဟက်က ပြောကြားလိုက်ပါတယ်။
ဒီဇင်ဘာ အစောပိုင်းကစလို့ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေ ခပ်စိပ်စိပ်ဖြစ်နေတာပါ။ မြန်မာစစ်တပ်က သူတို့အနေနဲ့ တိုက်ပွဲတွေကို ၄ လကြာ ရပ်နားထားမယ်လို့ ပြီးခဲ့တဲ့လမှာ ကြေငြာခဲ့ပေမယ့် နိုင်ငံမြောက်ပိုင်းနဲ့ အရှေ့မြောက်ပိုင်းဒေသတွေသာ ပါဝင်ပြီး ရခိုင်ပြည်နယ်ကို ချန်လှပ်ထားခဲ့ပါတယ်။
နိုင်ငံပိုင်သတင်းစာဖြစ်တဲ့ Global New Light of Myanmar က ဘူးသီးတောင်မြို့နယ် စေတောင်ကျေးရွာမှာ နယ်ခြားစောင့်ရဲတပ်ဖွဲ့ကို လက်နက်ငယ်တွေ လက်နက်ကြီးတွေကိုင်ထားတဲ့ လူ ၃၀ လောက်က အင်္ဂါနေ့မှာ တိုက်ခိုက်ခဲ့တာကြောင့် ရဲတပ်ဖွဲ့ဝင်တစ်ဦး ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့တယ်လို့ မနေ့က ဖော်ပြခဲ့ပါတယ်။
AA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက သူတို့အနေနဲ့ ရဲစခန်းကို တိုက်ခိုက်ခဲ့တာ မရှိဘူးလို့ ငြင်းဆိုခဲ့ပေမယ့်၊ စေတောင်ရွာမှာ အင်္ဂါနေ့က အစိုးရတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။
သူတို့ကို တိုက်ခိုက်ဖို့အတွက် အစိုးရတပ်က ရာနဲ့ချီတဲ့ နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေကို ဘင်္ဂလားဒေ့ရှ်နယ်စပ်နားမှာ ပိုမို တပ်ဖြန့်ချထားတယ်လို့လည်း ခိုင်သုခက ဆိုပါတယ်။
မြန်မာစစ်တပ်ကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်ခြင်း မရှိသေးပါဘူး။
လူ့အခွင့်အရေး ချိုးဖောက်မှုတွေရှိ
ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ ချင်းပြည်နယ် ပလက်ဝမြို့တွေမှာ ဖြစ်ပွားတဲ့ တိုက်ပွဲတွေအတွင်း မြန်မာစစ်သားတွေဟာ လူ့အခွင့်အရေး ချိုးဖောက်မှု၊ ဂျီနီဗာသဘောတူညီချက်တွေကို ချိုးဖောက်မှုတွေ ရှိခဲ့ပြီး သက်သေအထောက်အထားတွေကို စုဆောင်းနေတယ်လို့လည်း AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ဧရာဝတီသတင်းဌာနကို ပြောကြားခဲ့ပါတယ်။
တိုက်ပွဲတွေဖြစ်ပွားနေတဲ့ စေတောင်ကျေးရွာက ဘုန်းကြီးကျောင်းမှာ အစိုးရတပ်က တပ်စွဲထားမှုကို ခိုင်သုခက ထောက်ပြခဲ့ပြီး အရပ်သားတွေကို တရားလက်လွတ်ဖမ်းဆီးတာ၊ ရွာတွေပေါ်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ၊ ရွာသားတွေကို လူသားတံတိုင်းအဖြစ် အသုံးပြုတာတွေ ရှိတယ်လို့လည်း သူက ဆိုပါတယ်။
AA ရဲ့ သတင်းပြန်ကြားရေး Facebook စာမျက်နှာက အင်္ဂါနေ့မှာ လွှင့်တင်ထားတဲ့ ပို့စ်မှာ သူတို့အနေနဲ့ အစိုးရတပ်က စစ်သားတွေ လူ့အခွင့်အရေးချိုးဖောက်တဲ့ အထောက်အထားတွေကို စုဆောင်းထားပြီး နိုင်ငံတကာ အဖွဲ့အစည်းတွေထံ လွှဲပြောင်းပေးအပ်သွားမယ်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် အစိုးရတပ်က စစ်သားတွေ တိုက်ပွဲဖြစ်ပွားရာ ဒေသမှာ အရပ်သားတွေကို ပစ်မှတ်ထာတာမျိုး လုပ်လာရင် သူတို့ကို သတင်းပေးကြဖို့ ဒေသခံပြည်သူတွေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေကိုလည်း AA က တိုက်တွန်းခဲ့ပါတယ်။
Ref: Aljazeera, Irrawaddy