မတ် ၂၆၊ ၂၀၁၉
M-Media
– ဖမ်းဆီးရမိထားတဲ့ IS အကြမ်းဖက်အဖွဲ့ဝင်တွေကို နိုင်ငံတကာ ခုံရုံးတစ်ခုဖွဲ့ကာ တရားစွဲဆို စစ်ဆေးဖို့အတွက် ဆီးရီးယားနိုင်ငံ မြောက်ပိုင်းကို အုပ်ချုပ်နေတဲ့ ကာ့ဒ်အစိုးရအဖွဲ့က တိုက်တွန်း ဆော်သြလိုက်ပါတယ်။
ဆီးရီးယားနိုင်ငံအရှေ့ပိုင်းက IS အကြမ်းဖက်အဖွဲ့ရဲ့ နောက်ဆုံး ခြေကုပ်စခန်းကို ကာ့ဒ်တပ်ဖွဲ့ဦးဆောင်တဲ့ ဆီးရီးယား ဒီမိုကရက်တစ်တပ်ဖွဲ့ (SDF) က ပြီးခဲ့တဲ့တစ်ပတ်မှာ သိမ်းယူနိုင်ခဲ့ရာမှာ IS အဖွဲ့ဝင် ၅ ထောင်လောက်ကို အရှင် ဖမ်းမိခဲ့ပါတယ်။ အဲဒီအထဲက တစ်ထောင်နီးပါးဟာ နိုင်ငံခြားသားတွေ ဖြစ်ပါတယ်။
ကာ့ဒ်အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖမ်းဆီးရမိထားတဲ့ အကြမ်းဖက်သမားတွေကို နိုင်ငံတကာဥပဒေတွေ၊ လူ့အခွင့်အရေး သတ်မှတ်ချက်တွေနဲ့ မျှမျှတတ တရားစီရင်နိုင်ရေး ဆီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းမှာ နိုင်ငံတကာ အထူးခုံရုံးတစ်ခု ဖွဲ့စည်းဖို့ တိုက်တွန်းထားပါတယ်။
အုပ်ချုပ်ရေးအဖွဲ့ရဲ့ နိုင်ငံခြားရေးဆိုင်ရာ အကြီးအကဲ အဘ်ဒူလ် ကရင် အိုမာရ်က IS အဖွဲ့ဝင် နိုင်ငံခြားသားတွေကို သူတို့ရဲ့ မိခင်နိုင်ငံတွေက ပြန်မခေါ်တဲ့ကိစ္စကလည်း အခြေအနေကို ပိုမိုကြပ်တည်းစေတယ်လို့ ပြောကြားခဲ့ပါတယ်။
IS အဖွဲ့ဝင်တွေရဲ့ ဆွေမျိုး ၇ သောင်းကျော်လောက်ကိုလည်း ကာ့ဒ်အုပ်ချုပ်ရေးအဖွဲ့က တာဝန်ယူထားရပြီး အဲဒီအထဲက ၉၀၀၀ ကျော်ဟာ နိုင်ငံခြားသား IS အဖွဲ့ဝင်တွေရဲ့ ဆွေမျိုးတွေ ဖြစ်ပါတယ်။
ဆီးရီးယားနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် ဂျိမ်းစ် ဂျက်ဖရီက အမေရိကန်အနေနဲ့ စစ်သွေးကြွတွေကို နေရပ်ပြန်ပို့ရေး အာရုံစိုက်သွားမှာဖြစ်ပြီး နိုင်ငံတကာ ခုံသမာဓိရုံးတစ်ခု ဖွဲ့စည်းဖို့အတွက် လက်ရှိမှာ အစီအစဉ်မရှိသေးဘူးလို့ တနင်္လာနေ့မှာ သတင်းထောက်တွေကို ဖြေကြားခဲ့ပါတယ်။
၁၉၉၀ ပြည့်နှစ်တွေက ဘော်လ်ကန်စစ်ပွဲ၊ ၁၉၉၄ ခုနှစ်က ရ၀မ်ဒါ လူမျိုးတုန်းသတ်ဖြတ်မှုတွေအပြီး နိုင်ငံတကာ ခုံသမာဓိရုံးဖွဲ့ကာ ကျူးလွန်သူတွေကို စစ်ဆေးခဲ့ပေမယ့် ဆီးရီးယားမှာ ဒီလိုခုံရုံးဖွဲ့ဖို့ မဖြစ်နိုင်ဘူးလို့ ဥပဒေကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။
Ref: BBC