News @ M-Media

တူရကီဒေသန္တရရွေးကောက်ပွဲ၌ မြို့ကြီးများတွင် အာဏာရပါတီ ရှုံးနိမ့်

ဧပြီ ၂၊ ၂၀၁၉
M-Media

– တူရကီသမ္မတ အာဒိုဂန်ရဲ့ အာဏာရ AK ပါတီဟာ မြို့ကြီး ၃ မြို့က ဒေသန္တရရွေးကောက်ပွဲတွေမှာ ရှုံးနိမ့်ခဲ့တယ်လို့ အတည်မပြုရသေးတဲ့ ရွေးကောက်ပွဲရလဒ်တွေကို ကိုးကားပြီး နိုင်ငံပိုင်သတင်းဌာန Anadolu Agency က မနေ့မှာ ဖော်ပြခဲ့ပါတယ်။

ရွေးကောက်ပွဲကို တနင်္ဂနွေနေ့က ကျင်းပခဲ့တာဖြစ်ပြီး AK ပါတီဟာ အစ္စတန်ဘူလ်၊ အန်ကာရာနဲ့ အစ်ဇ်မီရ်မြို့တွေမှာ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာ နိုင်ငံရေးပါတီတွေဖက်က ကန့်ကွက်တိုင်ကြားနိုင်ဖို့အတွက် တူရကီရွေးကောက်ပွဲကော်မရှင်က အချိန် ၃ ရက်ပေးထားပြီး ဒါတွေကို စစ်ဆေးပြီးသွားရင် တရားဝင်ရလဒ်ကို ထုတ်ပြန်မှာ ဖြစ်ပါတယ်။

အတည်မပြုရသေးတဲ့ ရလဒ်တွေအရ တူရကီရဲ့ အကြီးဆုံးနဲ့ စီးပွားရေးအချက်အခြာ အစ္စတန်ဘူလ်ရဲ့ မြို့တော်ဝန်ရွေးကောက်ပွဲမှာ ရီပက်ဘလစ်ကန် ပြည်သူ့ပါတီ CHP က ကိုယ်စားလှယ်လောင်း အက္ကရမ် အီမာမိုဂလူက အနိုင်ရခဲ့ပြီး၊ အန်ကာရာနဲ့ အစ်ဇ်မီရ် မြို့တွေမှာလည်း CHP  ကိုယ်စားလှယ်လောင်းတွေက AK ပါတီ ကိုယ်စားလှယ်လောင်းတွေကို အနိုင်ရခဲ့တယ်လို့ Anadolu သတင်းဌာနက ဖော်ပြပါတယ်။

သမ္မတ အာဒိုဂန်ရဲ့ လက်ထက်မှာ တူရကီဟာ ဆယ်စုနှစ် တစ်ခုအတွင်း ပထမဆုံး စီးပွားရေး နှေးကွေးမှုနဲ့ ကြုံတွေ့ခဲ့ရပြီး တူရကီ လီရာငွေကြေးတန်ဖိုးဟာလည်း ပြီးခဲ့တဲ့နှစ်မှာ ၄၀ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ပါတယ်။

သမ္မတအာဒိုဂန်က သူ့ပါတီရဲ့ ကိုယ်စားလှယ်လောင်းတွေဟာ မြို့တော်တော်များများမှာ ရှုံးနိမ့်ခဲ့တယ်လို့ တနင်္ဂနွေနေ့ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပြီး စီးပွားရေး ပြုပြင်ပြောင်းလဲမှုကို အဓိကထား လုပ်ဆောင်သွားမယ်လို့လည်း ကတိပြု ခဲ့ပါတယ်။

ကျွမ်းကျင်သူတွေက ဒီ ဒေသန္တရ ရေးကောက်ပွဲရလဒ်တွေဟာ အာဏာရ AK ပါတီကို ပြည်သူတွေက နှစ်သက်မှုမရှိတာကို  ပြသနေတယ်လို့ သုံးသပ်ကြပါတယ်။

အတိုက်အခံ ညွန့်ပေါင်းအဖွဲ့ဟာ နိုင်ငံရဲ့ စီးပွားရေးကျဆင်းမှုအခြေအနေနဲ့ နိုင်ငံသားတွေအပေါ် ရိုက်ခက်မှုတွေကို အဓိကထားကာ မဲဆွယ်ခဲ့တာဖြစ်သလို၊ မဲဆွယ်ပွဲတွေမှာလည်း ပါတီအလံတွေအစား နိုင်ငံအလံကိုသာ အသုံးပြုခဲ့ပါတယ်။

Ref: Aljazeera