မေ ၁၆၊ ၂၀၁၉
M-Media

-ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က စတင်ကာ နိုင်ငံမြောက်ပိုင်းက အစ္စလာမ်ဘာသာဝင်တွေကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေရဲ့ နောက်ကွယ်မှာ အစွန်းရောက် ဗုဒ္ဓဘာသာဝင်အုပ်စုတစ်ခု ရှိနိုင်တယ်လို့ သီရိလင်္ကာအစိုးရက မနေ့မှာ ထုတ်ပြန်ပြောကြားလိုက်ပါတယ်။
အစ္စလာမ်ဘာသာဝင်တစ်ဦးရဲ့ ဆိုရှယ်မီဒီယာက မှတ်ချက်တစ်ခုကို အကြောင်းပြု ဖြစ်ပွားခဲ့တဲ့ အဲဒီတိုက်ခိုက်မှုဟာ အလျင်အမြန်ပဲ ပြန့်နှံ့သွားကာ အနည်းဆုံး ၁ ဦးသေဆုံးခဲ့ပါတယ်။ ဗလီဝတ်ကျောင်းတော်တွေ၊ အစ္စလာမ်ဘာသာဝင်တွေရဲ့ နေအိမ်တွေ ဖျက်ဆီးခံခဲ့ရသလို၊ ပိုင်ဆိုင်တဲ့ပစ္စည်းတွေလည်း လုယက်ခံခဲ့ရပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ အာဏာပိုင်တွေဟာ ဒါဇင်နဲ့ချီတဲ့လူတွေကို ဖမ်းဆီးခဲ့ပါတယ်။ ဖမ်းဆီးခံရသူတွေထဲမှာ ပြီးခဲ့တဲ့နှစ် အလယ်ပိုင်း ကန်ဒီပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ မွတ်စလင်ဆန့်ကျင်ရေး တိုက်ခိုက်မှုအတွင်း ဖမ်းဆီးစစ်ဆေးခံခဲ့ရသူ ဆင်ဟာလာ အစွန်းရောက်ဗုဒ္ဓဘာသာဝင် ၃ ဦးလည်း ပါဝင်ပါတယ်။
“မွတ်စလင်တွေရဲ့ အိမ်တွေနဲ့ စီးပွားရေးလုပ်ငန်းတွေကို တိုက်ခိုက်မှုဟာ အစီစဉ်တကျ ပြုလုပ်တဲ့ တိုက်ခိုက်မှုတွေ ဖြစ်ပါတယ်” လို့ သီရိလင်္ကာအစိုးရရဲ့ စိုက်ပျိုးရေးနှင့် စက်မှုဝန်ကြီး Navin Dissanayake က မနေ့ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
ဘယ်သူတွေက စီစဉ်လုပ်တာလဲလို့ မေးမြန်းရာမှာ Dissanayake က အင်္ဂါနေ့မှာ ဖမ်းဆီးခဲ့တဲ့ ဆင်ဟာလာ အစွန်းရောက်ဗုဒ္ဓဘာသာဝင် ၃ ဦး ဦးဆောင်တဲ့ အဖွဲ့တွေဖြစ်တယ်လို့ ယူဆကြောင်း ပြန်လည်ဖြေကြားခဲ့ပါတယ်။ အဲဒီ ၃ ဦးထဲမှာ တစ်ဦးကို အာမခံနဲ့ လွှတ်ပေးခဲ့ပြီး အခြားတစ်ဦးကို ချုပ်ရက်ရမန် ယူထားကြောင်း၊ နောက်တစ်ဦးနဲ့ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း မသိရကြောင်း သီရိလင်္ကာမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။
ဧပြီလ ၂၁ ရက်နေ့က ခရစ်ယာန် ဘုရားကျောင်း ၃ ခု၊ ဟိုတယ် ၃ ခုအပါအ၀င် စုစုပေါင်း နေရာ ၈ နေရာမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှု ပြီးတဲ့နောက်ပိုင်း သီရိလင်္ကာမှာ အစ္စလာမ်ဘာသာဝင်တွေအပေါ် မကျေနပ်မှု မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။ လူ ၂၅၀ ကျော် သေဆုံးခဲ့တဲ့ အဲဒီတိုက်ခိုက်မှုဟာ ပြည်တွင်းက လူသိနည်းတဲ့ မွတ်စလင်အဖွဲ့နှစ်ခုရဲ့ လက်ချက်ဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ IS အကြမ်းဖက်အဖွဲ့ကလည်း ဆီးရီးယားမှာ နယ်မြေဆုံးရှုံးရမှုအတွက် လက်တုန့်ပြန် တိုက်ခိုက်တာလို့ ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်တွေအတွင်း သီရိလင်္ကာနိုင်ငံက အစ္စလာမ်ဘာသာဝင်တွေနဲ့ ခရစ်ယာန်ဘာသာဝင်တွေဟာ အစွန်းရောက်တဲ့ ဗုဒ္ဓဘာသာအဖွဲ့ Bodu Bala Sena (BBS) ရဲ့ ပစ်မှတ်ထားတိုက်ခိုက်ခြင်းကို မကြာခဏ ခံခဲ့ရပါတယ်။
နိုင်ငံရေးအမြတ်ထုတ်မှု
သီရိလင်္ကာအစိုးရရဲ့ ပြည်သူ့ဆက်ဆံရေးဝန်ကြီး Ranjith Madduma Bandara ကလည်း အစ္စလာမ်ဘာသာဝင်တွေကို ပစ်မှတ်ထား တိုက်ခိုက်တဲ့ အုပ်စုမှာ နိုင်ငံရေး ရည်ရွယ်ချက်ရှိတယ်လို့ မနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
“အစိုးရရဲ့ ပုံရိပ်ကို မှေးမှိန်စေဖို့နဲ့ အစိုးရက ဒီအခြေအနေကို ကိုင်တွယ်နိုင်စွမ်းမရှိဘူးဆိုတာမျိုး ဖြစ်စေဖို့အတွက် ဒီအဖွဲ့က ကြိုးစားနေတာပါ”
အစ္စလာမ်ဘာသာဝင်တွေရဲ့ အိမ်ကို လူအုပ်က မဖျက်ဆီးခင် စောင့်နေတဲ့ စစ်သားက ရှောင်ထွက်ပေးသွားတဲ့ ဗီဒီယိုတစ်ခု ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဆိုရှယ်မီဒီယာမှာ ပြန့်နှံ့နေပြီး သီရိလင်္ကာစစ်တပ်က ဒီကိစ္စအတွက် စုံစမ်းစစ်ဆေးသွားမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
Ref: Aljazeera