News @ M-Media

နှလုံးရောဂါအား AI သုံးဖော်ထုတ်သည့်စနစ်တစ်ခုကို မလေးရှားပညာရှင် ၂ ဦး တီထွင်

အောက်တိုဘာ ၁၉၊ ၂၀၁၉
M-Media

-နှလုံးရောဂါကို အစောပိုင်းအခြေအနေတွေထဲကနေ စမ်းသပ်ဖော်ထုတ်နိုင်မယ့် AI အသုံးပြု နည်းလမ်းတစ်ခုကို မလေးရှားနိုင်ငံသား ၂ ဦးက တီထွင်ဖော်ထုတ်လိုက်ပါတယ်။

ဆာရာဝပ်ပြည်နယ်က ပရော်ဖက်ဆာ ပက်ထရစ် သန်နဲ့ ဒေါက်တာ ဘရိုင်ယန် လို တို့ဖြစ်ပြီး နှလုံးရောဂါရှာဖွေရာမှာ အသုံးပြုတဲ့ stress echocardiogram နည်းလမ်းမှာ နှလုံးရဲ့ မူမမှန်မှုကို ဖော်ထုတ်ဖို့အတွက် ဉာဏ်ရည်တု (AI) နည်းပညာကို အသုံးပြုခဲ့တာပါ။

ဒေါက်တာ ဘရိုင်ယန် လို

“stress echocardiogram ဆိုတာ နှလုံးခုန်တာကို စမ်းသပ်ဖို့အတွက် လူနာကို လေ့ကျင့်ခန်း လုပ်ခိုင်းရတာမျိုးပါ။ ဘာ့ကြောင့်လည်းဆိုတာ နှလုံးရောဂါ လက္ခဏာအချို့ဟာ ပုံမှန်အနေအထားမှာ မတွေ့ရပါဘူး” လို့ ပရော်ဖက်ဆာ သန်က ပြောကြားခဲ့ပါတယ်။

သူဟာ ဆာရာဝပ်ပြည်နယ် Swinburne နည်းပညာတက္ကသိုလ် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဌာနရဲ့ အကြီးအကဲလည်း ဖြစ်ပါတယ်။

stress echocardiogram စမ်းသပ်မှုဟာ ဗီဒီယိုဖိုင်နဲ့ ထွက်ရှိလာပြီး အဲဒီနောက် နှလုံးရဲ့ မူမမှန်မှုတွေကို AI၊ Machine learning နည်းပညာတွေကို အသုံးပြုပြီး ဖော်ထုတ်တာလို့လည်း ပရော်ဖက်ဆာက ထည့်သွင်း ပြောကြားခဲ့ပါတယ်။

ပရော်ဖက်ဆာ ပက်ထရစ် သန်

ဒီစနစ်ကြောင့် နှလုံးရောဂါကို အစောကြီးကတည်းက သိရှိကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

“မူမမှန်တာကို တွေ့လိုက်တာနဲ့ လူနာမှာ နှလုံးရောဂါရှိနေတယ်လို့ ပြောလို့မရပါဘူး။ အနာဂတ်မှာ ဖြစ်လာနိုင်တာမျိုးပါ။ နှလုံးဖောက်တာမျိုး ဒါမှမဟုတ် နှလုံးရောဂါ ဖြစ်လာတော့မယ်ဆိုတာကို စောစောစီးစီး ကြိုသိတဲ့အတွက် ကြိုတင်ကုသမှုတွေ လုပ်လို့ရပါတယ်” လို့ ပရော်ဖက်ဆာသန်က ပြောကြားခဲ့ပါတယ်။

ဥရောပနှလုံးရောဂါဆိုင်ရာအဖွဲ့ European Society of Cardiology ရဲ့ ဖိတ်ခေါ်မှုကြောင့် ပရော်ဖက်ဆာ သန်နဲ့ ဒေါက်တာလိုတို့ဟာ အောက်တိုဘာ ၅-၆ ရက်က အက်စတိုးနီးယားနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ Digital Summit မှာ သူတို့ရဲ့ ရှာဖွေဖော်ထုတ်မှုကို သွားရောက် ရှင်းပြခဲ့ပါတယ်။

ဒီလေ့လာဖော်ထုတ်မှုတစ်ခုလုံးကို အခြားကနေ နည်းပညာလွှဲပြောင်းမှုတွေမပါဘဲ ဆာရာဝပ်မှာတင် လုပ်ဆောင်ခဲ့တာကြောင့် ဒါဟာ ‘ဖောက်ထွက်မှုတစ်ခု’ ဖြစ်တယ်လို့ ပရော်ဖက်ဆာသန်က ပြောပါတယ်။

“ဘောနီယိုက တောကြီးမျက်မဲထဲကနေ ကမ္ဘာ့အဆင့် နည်းပညာတစ်ခုကို ဖန်တီးနိုင်ကြောင်း ကျ‌ေန်တော်တို့ ပြသလိုက်တာပါ”

Ref: The Star