News @ M-Media

ဆစ်ခ်ဘာသာဝင်များ ဘုရားဖူးနိုင်ရန် အထူးစီမံထားသည့် နေရာတစ်ခု ပါကစ္စတန်တွင် ဖွင့်လှစ်မည်

အောက်တိုဘာ ၂၁၊ ၂၀၁၉
M-Media

-အိန္ဒိယ၊ ပါကစ္စတန်နဲ့ ကမ္ဘာတစ်ဝှမ်းက ဆစ်ခ်ဘာသာဝင်တွေ ဘုရားဖူးအချက်အခြာနေရာ ဖြစ်လာမယ့် Kartarpur Corridor ကို နိုဝင်ဘာလ ၉ ရက်နေ့မှာ ဖွင့်လှစ်သွားမယ်လို့ ပါကစ္စတန် အာဏာရပါတီ Tehreek-e-Insaf က မနေ့မှာ ကြေငြာလိုက်ပါတယ်။

ဖွင့်ပွဲပြုလုပ်မယ့်ရက်ဟာ ဆစ်ခ်ဘာသာကိုတည်ထောင်သူ ဘာဘာ ဂုရုနာနက်ရဲ့ မွေးနေ့ဖြစ်ပြီး ပါကစ္စတန်ဝန်ကြီးချုပ် ‌‌အင်မရန်းခန်း တက်ရောက်မှာ ဖြစ်ပါတယ်။ လက်ရှိမှာ Kartarpur Corridor ဆောက်လုပ်ရေးလုပ်ငန်းဟာ နောက်ဆုံးအဆင့်ကို ရောက်ရှိလာပြီ ဖြစ်ပါတယ်။

အိန္ဒိယ-ပါကစ္စတန် နယ်စပ်မှာရှိတဲ့ Kartarpur Corridor မှာ ဂုရုနာနက်ရဲ့ အုတ်ဂူရှိပြီး အိန္ဒိယ၊ ပါကစ္စတန်နဲ့ ကမ္ဘာတစ်ဝှမ်းက ဆစ်ခ်ဘာသာဝင်တွေဟာ ဘုရားဖူးခရီးစဉ်တွေ လာရောက်လေ့ရှိပါတယ်။ Corridor ဖွင့်လှစ်ပြီးရင် အိန္ဒိယက ဆစ်ခ်ဘုရားဖူးခရီးသွားတွေကို ပါကစ္စတန်က ဗီဇာမလိုဘဲ လာရောက်ခွင့်ပေးမှာ ဖြစ်ပါတယ်။

ပါကစ္စတန်ဝန်ကြီးချုပ် အင်မရန်းခန်းက Kartarpur Corridor ဟာ ဆစ်ခ်ဘာသာဝင်တွေအတွက် အဓိက ဘာသာရေးအထွဋ်အမြတ်နေရာတစ်ခု ဖြစ်လာမှာဖြစ်ပြီး ဒေသတွင်း စီးပွားရေး၊ အလုပ်အကိုင်အခွင့်အလမ်းတွေ တိုးတက်ဖွံ့ဖြိုးစေလိမ့်မယ်လို့ မနေ့က Facebook စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

Ref: Khaleej Times