News @ M-Media

အီရန်ရှိ နျူစက်ရုံတစ်ခုတွင် လုပ်ငန်းများ ပြန်လည် လည်ပတ်

နိုဝင်ဘာ ၇၊ ၂၀၁၉
M-Media

-မြေအောက် နျူကလီးယားစက်ရုံ Fordow မှာ နျူလုပ်ငန်းတွေကို ပြန်လည် လည်ပတ်နေပြီလို့ အီရန်နိုင်ငံက ဒီကနေ့မှာ ကြေငြာလိုက်ပြီး ဒါဟာ ၂၀၁၅ ခုနှစ် နျူသဘောတူညီချက်ကနေ လုံး၀ နှုတ်ထွက်ဖို့အတွက် ပွင့်ပွင့်လင်းလင်း ချပြလိုက်တာလို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

နိုင်ငံတကာအနုမြူစွမ်းအင်‌ အေဂျင်စီ (IAEA) က တာဝန်ရှိသူတွေရဲ့ရှေ့မှာပဲ အီရန်ဟာ ဓာတ်ပေါင်းဖိုက Centrifuge တွေထဲကို ယူရေနီယံဓာတ်ငွေ့ စတင်ထိုးသွင်းခဲ့ပါတယ်။ အီရန် အနုမြူအေဂျင်စီကလည်း ဒီလုပ်ဆောင်မှုကို အတည်ပြုခဲ့ပါတယ်။

Fordow နျူစက်ရုံမှာ Centriuge ၁၀၄၄ ခုကို တပ်ဆင်လိုက်ပြီလို့ အီရန်က အစောပိုင်းမှာ ကြေငြာခဲ့ပြီးတဲ့နောက် ဒီကနေ့မှာတော့ ယူရေနီယံအရည်ကို ထည့်သွင်းခဲ့တာ ဖြစ်ပါတယ်။

အင်အားကြီး ၆ နိုင်ငံနဲ့ ၂၀၁၅ ခုနှစ်က ရရှိခဲ့တဲ့ နျူသဘောတူညီချက်ကနေ နှုတ်ထွက်ကြောင်း အမေရိကန်က ၂၀၁၈ ခုနှစ် မေလမှာ ကြေငြာခဲ့ပြီး အီရန်အပေါ် ပိတ်ဆို့မှုတွေလည်း ထပ်တိုး ပြုလုပ်ခဲ့ပါတယ်။

အီရန်က သူတို့ရဲ့ အခုလုပ်ရပ်ဟာ ဒီသဘောတူညီချက်ကို ချိုးဖောက်တာမဟုတ်ဘဲ ‘အပိုဒ် ၂၆’ နဲ့ ‘အပိုဒ် ၃၆’ တို့က သတ်မှတ်ချက်တွေအတိုင်း လုပ်ဆောင်တာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ကုလသမဂ္ဂက နျူကလီးယား စောင့်ကြည့်ရေး တာဝန်ရှိသူကို ဗုဒ္ဓဟူးနေ့မှာ အီရန်က တားဆီးကာ ရှာဖွေစစ်ဆေးမှုတွေ ပြုလုပ်ခဲ့တာကြောင့် ဝေဖန်မှုတွေလည်း ပေါ်ထွက်လာခဲ့ပါတယ်။

အီရန်ကတော့ Natanz နျူစက်ရုံထဲကို အဲဒီတာဝန်ရှိသူ ဝင်ရောက်တဲ့အခါ သတိပေးသံ ပေါ်ထွက်လာခဲ့တာကြောင့် ဝင်ရောက်ခွင့်မပေးဘဲ ရှာဖွေစစ်ဆေးရတာဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

Ref: Aljazeera