News @ M-Media

စည်းကျော်လျှင် ချေမှုန်းမည်ဟု အမေရိကန်နှင့် မဟာမိတ်များကို အီရန် သတိပေး

နိုဝင်ဘာ ၂၆၊ ၂၀၁၉
M-Media

-အမေရိကန်နဲ့ မဟာမိတ်တွေက စည်းကျော်လာရင် ချေမှုန်းမယ်လို့ အီရန် တော်လှန်ရေးအစောင့်တပ်ဖွဲ့ IRGC အကြီးအကဲ ဗိုလ်ချုပ် ဟိုစိန် ဆာလာမီက ပြောကြားလိုက်ပါတယ်။

မနေ့က မြို့တော်တီဟီရန်မှာပြုလုပ်တဲ့ အစိုးရထောက်ခံပွဲအခမ်းအနားမှာ ဆာလာမီက အခုလို ပြောကြားလိုက်တာဖြစ်ပြီး လူဒါဇင်နဲ့ချီ သေဆုံးခဲ့တဲ့ မကြာသေးခင်က လူထုဆန္ဒပြမှုအတွက်လည်း အမေရိကန်နဲ့ မဟာမိတ်တွေကို အပြစ်တင်ခဲ့ပါတယ်။

“အမေရိကန်၊ ဇိုင်ယွန်အာဏာရှင် (အစ္စရေး)နဲ့ ဆော်ဒီအာရေဗျတို့ရဲ့ ရန်လိုတဲ့လုပ်ရပ်ကို ကျွန်တော်တို့ ချုပ်တည်းခဲ့တယ်၊ သည်းခံခဲ့တယ်။ ဒါပေမယ့် စည်းကျော်လာမယ်ဆိုရင်တော့ သူတို့ကို ချေမှုန်းသွားမှာပါ”

အဲဒီအစိုးရထောက်ခံပွဲကို အီရန်ပြည်သူ ထောင်သောင်းချီ တက်ရောက်ခဲ့ကြပါတယ်။

ဓာတ်ဆီစျေး မြင့်တက်မှုကြောင့် အီရန်မှာ ပြီးခဲ့တဲ့တစ်ပတ်အတွင်း လူထုအုံကြွမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ လုံခြုံရေတပ်ဖွဲ့ဝင်တွေကလည်း အင်အားသုံးနှိမ်နှင်းခဲ့တဲ့အတွက် ဒါဇင်နဲ့ချီ သေဆုံးခဲ့ပါတယ်။ အီရန်ကတော့ ဒီ လူထုအုံကြွမှုတွေဟာ နိုင်ငံခြားတိုင်းပြည်တွေရဲ့ ကြားဝင် သွေးထိုးမှုကြောင့် ပေါ်ပေါက်လာတာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

Ref : Aljazeera