News @ M-Media

နိုင်ငံ၏ ပထမဆုံး လက်နက်ခဲယမ်းစက်ရုံကို မလေးရှား တည်ဆောက်မည်

ဒီဇင်ဘာ ၂၁၊ ၂၀၁၉
M-Media

-နိုင်ငံရဲ့ ပထမဆုံး လက်နက်ခဲယမ်းစက်ရုံကို တည်ဆောက်ဖွင့်လှစ်ဖို့အတွက် မလေးရှားဟာ တူရကီကုမ္ပဏီတစ်ခုနဲ့ လက်မှတ်ရေးထိုးလိုက်ပါတယ်။

ဒီစီမံကိန်းကို တူရကီ ကုမ္ပဏီ Tisas Trabzon Silah၊ မလေးရှားရဲတပ်ဖွဲ့ပိုင် KOP Mantap လုပ်ငန်း၊ မလေးရှားအခြေစိုက် နည်းပညာကုမ္ပဏီ IDC တို့ ပူးပေါင်း အကောင်အထည်ဖော်မှာ ဖြစ်ပါတယ်။ လက်မှတ်ထိုးပွဲအခမ်းအနားကို တူရကီသမ္မတ အာဒိုဂန်နဲ့ မလေးရှားဝန်ကြီးချုပ် မဟာသီယာ မိုဟာမက်တို့ တက်ရောက်ခဲ့ပါတယ်။

မလေးရှားရဲ့ ပထမဆုံး လက်နက်စက်ရုံအတွက် တူရကီကုမ္ပဏီက နည်းပညာတွေ ပံ့ပိုးပေးမှာ ဖြစ်ပါတယ်။ ‌KOP Mantap က စက်ရုံဟာ နိုင်ငံရဲ့ လက်နက်ကိုင်တပ်ဖွဲ့ကို လက်နက်ထောက်ပံ့နိုင်ရေး၊ နိုင်ငံရပ်ခြားအပေါ် မှီခိုရမှု လျော့ချရေးကို ရည်ရွယ်ပြီး အရှေ့တောင်အာရှနိုင်ငံတွေကို ရောင်းချဖို့လည်း ရှိတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

“KOP Mantap ဟာ လက်ရှိ ရှိပြီးသား နည်းပညာတွေကို အခြေခံပြီး သုတေသနတွေ လုပ်ဆောင်သွားမှာဖြစ်သလို၊ စက်ရုံလည်ပတ်မယ့်သူတွေကိုလည်း လေ့ကျင့်သင်ကြားမှုတွေ ပေးသွားမှာ ဖြစ်ပါတယ်”

Tisas ဟာ ၁၉၉၃ ခုနှစ်က တည်ထောင်ခဲ့တဲ့ ကုမ္ပဏီဖြစ်ပြီး ပစ္စတိုတွေ၊ ရိုင်ဖယ်တွေနဲ့ လက်နက်ခဲယမ်းတွေ ထုတ်လုပ်ကာ ကမ္ဘာတစ်ဝှမ်းကို ရောင်းချနေတာပါတယ်။

Ref: Nikkei Asian