News @ M-Media

ဥရောပ ၂၇ နိုင်ငံတွင် ကိုဗစ်ကာကွယ်ဆေး စထိုး

ဒီဇင်ဘာ ၂၇၊ ၂၀၂၀
M-Media

EU Coronavirus vaccine, Europe. Covid-19 vaccination, flu prevention, immunization concept. Vial dose and medical syringe, European Union flag background. 3d illustration

-Pfizer-BioNTech ကာကွယ်ဆေးကို တစ်ပြိုင်နက်တည်း ရရှိခဲ့ပြီးတဲ့နောက် ဥရောပ ၂၇ နိုင်ငံမှာ မနေ့ကစတင်ပြီး ပြည်သူတွေကို ကာကွယ်ဆေး ထိုးပေးနေပါတယ်။

ဥရောပမှာ ကိုဗစ်ကြောင့်သေဆုံးသူ ၃၃၅၀၀၀ ဦး ရှိပြီး ကူးစက်သူက ၁၄ သန်းလောက် ရှိခဲ့တာပါ။ လက်ရှိအချိန်အထိ အဖွဲ့ဝင်နိုင်ငံအားလုံးနီးပါးမှာ တင်းကြပ်တဲ့ ကိုဗစ်ကန့်သတ်ချက် စည်းမျဉ်းစည်းကမ်းတွေကို ထုတ်ထားဆဲ ဖြစ်ပါတယ်။

“ခက်ခဲတဲ့နှစ်မှာ စာမျက်နှာသစ်တစ်ခု ဒီကနေ့ စဖွင့်နိုင်ပါပြီ။ Covid-19 ကာကွယ်ဆေးကို အဖွဲ့ဝင်နိုင်ငံအားလုံးထံ ကျွန်တော်တို့ ပေးပို့ခဲ့ပါတယ်။ ဥရောပတစ်ဝှမ်းမှာ မနက်ဖြန်ကစတင်ပြီး ကာကွယ်ဆေးထိုးတော့မှာ ဖြစ်ပါတယ်။ ဥရောပရဲ့ ကာကွယ်ဆေးထိုးမှုဟာ စည်းလုံးညီညွတ်မှု ဖြစ်သလို၊ ကာကွယ်ဆေးကလည်း ကိုဗစ်ကပ်ရောဂါ လုံး၀ပပျောက်​ေရး ​စိတ်ချရတဲ့နည်းလမ်း ဖြစ်ပါတယ်” လို့ ဥရောပကော်မရှင်ဥက္ကဌ
Ursula von der Leyen က Twitter စာမျက်နှာမှာ မနေ့က ရေးသားခဲ့ပါတယ်။

တစ်ချို့ဥရောပနိုင်ငံတွေဟာ တနင်္ဂနွေနေ့အထိ မစောင့်ဘဲ ကာကွယ်ဆေးရရခြင်းပဲ စတင်ထိုးပေးခဲ့ပါတယ်။ ဥရောပမှာ လူဦးရေ ၄၄၆ သန်းရှိနေပြီး ကာကွယ်ဆေးကုမ္ပဏီတွေကနေ အလုံးရေ သန်း ၂ ထောင်ကျော်လောက် ဥရောပကော်မရှင်က မှာထားပါတယ်။

ဂျာမနီ ကျန်းမာရေးဝန်ကြီး Jens Spahn က ကာကွယ်ဆေး ထိုးပေးတော့မယ်ဆိုတဲ့သတင်းဟာ ပျော်ရွှင်စရာ ခရစ္စမတ်သတင်းစကားတစ်ခု ဖြစ်တယ်လို့ ပြောကြားခဲ့ပြီး၊ အီတလီနိုင်ငံခြားရေးဝန်ကြီး Luigi Di Maio က မိမိတို့အနေနဲ့ လွတ်လပ်မှုကို ပြန်ရပြီလို့ ပြောဆိုခဲ့ပါတယ်။

Ref: BBC