News @ M-Media

တစ်ပတ်အတွင်း သိပ္ပံနှင့် နည်းပညာသတင်းများ

ဇန်နဝါရီ ၁၈၊ ၂၀၂၁
M-Media

FILE PHOTO: A sign of Foxconn is seen at a glass door inside its office building in Taipei, Taiwan November 12, 2020. REUTERS/Ann Wang/File photo

ဆမ်ဆောင်း ဒုတိယဥက္ကဌ လာဘ်ပေးလာဘ်ယူကိစ္စဖြင့် ထောင် ၂ နှစ်ခွဲကျ

တောင်ကိုရီးယားဖုန်းကုမ္ပဏီ ဆမ်းဆောင်းရဲ့ ဒုတိယဥက္ကဌ လီဂျယ်​ယွန်ဟာ ​လာဘ်ပေးလာဘ်ယူမှု၊ ငွေကြေးခဝါချမှုတွေအတွက် ဒီနေ့မှာ ထောင်ဒဏ် ၂ နှစ်ခွဲ ချမှတ်ခံလိုက်ရပါတယ်။

လီဂျယ်ယွန်ရဲ့ကိစ္စဟာ တောင်ကိုရီးယားသမ္မတ ပက်ယုံဂျေး ဖြုတ်ချခံလိုက်ရမှုနဲ့ ပတ်သက်နေတဲ့ အမှုတွဲဖြစ်ပါတယ်။ အာဏာရဖို့ မသမာတဲ့နည်းလမ်းနဲ့ ပက်ရဲ့ဆောင်ရွက်မှုအတွက် လီက ဒေါ်လာသန်းချီပေးခဲ့ပြီး အပြန်အလှန်အားဖြင့် စီးပွားရေးအခွင့်ထူးတွေ ရယူခဲ့တာ ဖြစ်ပါတယ်။

ဆိုးလ်ခရိုင်တရားရုံးရဲ့အမိန့်မှာ ကမ္ဘာ့အသိုင်းအဝိုင်းမှာ ဂုဏ်ယူရတဲ့ နိုင်ငံရဲ့ထိပ်တန်းကုမ္ပဏီကြီးက နိုင်ငံရေးအပြောင်းအလဲဖြစ်တိုင်း ရာဇဝတ်မှုတွေမှာ အကြိမ်ကြိမ်ပါဝင်နေတာဟာ စိတ်မကောင်းစရာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ထိုင်၀မ်နည်းပညာကုမ္ပဏီက ဗီယက်နမ်တွင် စက်ရုံလာဆောက်မည်

လက်တော့နဲ့ တက်ဘလက်တွေ အဓိကထုတ်လုပ်တဲ့ ထိုင်ဝမ်ကုမ္ပဏီ Foxconn ရဲ့ ကန်ဒေါ်လာ သန်း ၂၇၀ တန် စက်ရုံစီမံကိန်းကို ဗီယက်နမ်အစိုးရက ခွင့်ပြုပေးလိုက်ပါတယ်။

ဒီစက်ရုံကို နိုင်ငံမြောက်ပိုင်းမှာ ဆောက်လုပ်ကာ တစ်နှစ်ကို အလုံးရေ ၈ သန်း ထုတ်လုပ်ဖို့ ရည်မှန်းထားပါတယ်။

Foxconn ဟာ ဗီယက်နမ်မှာ ဒေါ်လာ ၁.၅ ဘီလီယံ ရင်းနှီးမြှုပ်နှံထားပြီး နောက်ထပ် သန်း ၇၀၀ လောက် ရင်းနှီးဖို့လည်း ရှိပါတယ်။ အခုနှစ်အတွင်း ဗီယက်နမ်ပြည်သူ တစ်သောင်းကျော်လောက် အလုပ်အကိုင်ပေးနိုင်မှာပါ။

Foxconn ဟာ အက်ပဲလ်ရဲ့ Ipad နဲ့ MacBook တွေကို အဓိကထား ထုတ်လုပ်ပေးနေပြီး အက်ပဲလ်ရဲ့ တောင်းဆိုမှုကြောင့် စက်ရုံကို တရုတ်ကနေ ဗီယက်နမ်ကို ရွှေ့လိုက်တာ ဖြစ်ပါတယ်။

Huawei ကို အမေရိကန်က ပိတ်ဆို့မှုထပ်လုပ်

တရုတ်နည်းပညာကုမ္ပဏီ ဟွာဝေးထံ ပစ္စည်းတင်ပို့ခွင့်လိုင်စင်ကို ရုပ်သိမ်းလိုက်တယ်လို့ ကန်အစိုးရက နာမည်ကျော် Intel အပါအဝင် နည်းပညာကုမ္ပဏီတွေကို စာပို့ အကြောင်းကြားလိုက်ပါတယ်။

ဟွာဝေးဟာ တရုတ်အစိုးရကို သူလျှိုလှုပ်ပေးနေတဲ့အတွက် နိုင်ငံတော်လုံခြုံရေးကိုခြိမ်းခြောက်မှုဖြစ်တယ်လို့ အမေရိကန်က သတ်မှတ်ထားတာပါ။ အရင်ကလည်း ဟွာဝေးအပေါ် ပိတ်ဆို့အရေးယူမှု လုပ်ခဲ့ပါတယ်။

ထရမ့်ရဲ့ သမ္မတသက်တမ်းဟာ ၂ ရက်သာ ကျန်တော့ပြီး ဟွာဝေးကို ထုတ်ကုန်တင်ပို့နိုင်ရေး အမေရိကန်နည်းပညာကုမ္ပဏီတွေရဲ့ လျှောက်ထားမှုအားလုံးကို ပယ်ချသွားမယ်လို့လည်း ဒီကိစ္စနဲ့နီးစပ်သူတွေက ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။

Ref: Reuters