News @ M-Media

မြန်မာ့အရေးတွင် အာဆီယံက အပြုသဘောဆောင်သည့်ကဏ္ဍမှပါဝင်ရေး အရေးကြီးဟု မလေးရှားနှင့် စင်ကာပူတို့ ထပ်ပြော

မေ ၃၊ ၂၀၂၁
M-Media

-မြန်မာ့အရေး ဖြေရှင်းရာမှာ အာဆီယံက အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ ဆက်လက် ပါဝင်ဆောင်ရွက်ရေး အရေးကြီးတယ်လို့ မလေးရှားနဲ့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးတို့က ပြောကြားလိုက်ပါတယ်။

မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဟီရှာမူဒင်ဟူစိန် စင်ကာပူကို ၂ ရက်ကြာ သွားရောက်မှုအတွင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘာလာကရစ်ရှ်နန်တို့ မနေ့က ဆွေးနွေးမှုမှာ မြန်မာ့အရေးလည်း ပါဝင်ခဲ့ပါတယ်။

ဝန်ကြီးနှစ်ဦးရဲ့ ထုတ်ပြန်ကြေငြာချက်မှာတော့ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပြဿနာကို ဖြေရှင်းရေး​မှာ ဧပြီလအတွင်း အာဆီယံထိပ်သီးအစည်းအဝေးမှာ အားလုံး သဘောတူညီခဲ့တဲ့ အချက် ၅ ချက်ကို အကောင်အထည်ဖော်ရေး၊ သက်ဆိုင်သူအားလုံးအကြား စေ့စပ်ဆွေးနွေးနိုင်ရေး အာဆီယံခေါင်းဆောင်တွေက အသေအချာ ဆက်လက် ဆောင်ရွက်သွားရမယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် မြန်မာပြည်သူအားလုံးရဲ့ အကျိုးစီးပွားကို ရှေ့ရှုကာ ငြိမ်းချမ်းပြီး ရေရှည်တည်တံ့တဲ့ အဖြေမျိုး ပေါ်ပေါက်လာရေးမှာ အာဆီယံက အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ ဆက်လက်ပါဝင်သွားဖို့ အရေးကြီးကြောင်း နိုင်ငံခြားဝန်ကြီးနှစ်ဦးက ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

အာဆီယံ ထိပ်သီးအစည်းအဝေးက သဘောတူညီချက်တွေထဲမှာ အကြမ်းဖက်မှု ချက်ခြင်းရပ်တန့်ရေး၊ သက်ဆိုင်သူတွေအားလုံး စေ့စပ်ဆွေးနွေးရေး၊ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံသံတမန်တစ်ဦး ခန့်အပ်ပြီး မြန်မာနိုင်ငံကို စေလွှတ်ရေးတို့ ပါဝင်ပါတယ်။

အာဏာသိမ်းစစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သူတို့ချမှတ်ထားတဲ့လမ်းစဉ်နဲ့ ကိုက်ညီမှသာ အာဆီယံရဲ့ အစီအမံကို လက်ခံမယ်လို့ ထိပ်သီးအစည်းအဝေးက ပြန်လာပြီးနောက်ပိုင်းမှာ ပြောကြားခဲ့ပါတယ်။

Ref: The Strait Times