News @ M-Media

ဆော်ဒီနှင့်ပြေလည်ရန် မည်သည့်အဟန့်အတားမှ ရှိမနေဟု အီရန်သမ္မတသစ် ပြော

ဇွန် ၂၁၊ ၂၀၂၁
M-Media

-ဆော်ဒီအာရေဗျနဲ့ ဆက်ဆံရေး ပြန်လည်တည်ဆောက်ဖို့မှာ ဘာအတားအဆီးမှ မရှိဘူးလို့ အီရန်သမ္မတသစ် အီဘရာဟင် ရိုင်စီက ပြောကြားလိုက်ပါတယ်။

ရိုင်စီဟာ ပြီးခဲ့တဲ့သောကြာနေ့ သမ္မတရွေးကောက်ပွဲမှာ တောင်ပြိုကမ်းပြို အနိုင်ရခဲ့တာပါ။ ဒီနေ့ ပထမဆုံး သတင်းစာရှင်းလင်းပွဲမှာတော့ ဒေသတွင်းရန်ဘက် ဆော်ဒီနဲ့ ဆက်ဆံရေးကိစ္စ အပါအဝင် သူ့ရဲ့ အစီအစဉ်တစ်ချို့ကို ထုတ်ပြောခဲ့ပါတယ်။

“သံရုံးတွေပြန်ဖွင့်ဖို့ အီရန်ဖက်က ဘာအတားအဆီးမှ မရှိသလို၊ ဆော်ဒီအာရေဗျနဲ့ ဆက်ဆံရေးပြန်တည်ဆောက်ဖို့လည်း အဟန့်အတား မရှိပါဘူး”

ဆော်ဒီက ရှီအာ ဘာသာရေးခေါင်းဆောင်တစ်ဦးကို ကွပ်မျက်လိုက်တဲ့ နောက်ဆက်တွဲအဖြစ် ၂၀၁၆ ခုနှစ် ဇန်နဝါရီလ တီဟီရန်က ဆော်ဒီသံရုံးကို ဆန္ဒပြသူတွေက တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း နှစ်နိုင်ငံဆက်ဆံရေး ပြတ်တောက်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့လအနည်းငယ်အတွင်း အီရန်နဲ့ ဆော်ဒီတို့ဟာ ဆက်ဆံရေးပြန်လည်​တည်ဆောက်ဖို့အတွက် ဆွေးနွေးမှု ပြုလုပ်နေတယ်လို့ သတင်းတွေထွက်ခဲ့ပြီး နှစ်ဖက်စလုံးက အတည်ပြုခဲ့ပါတယ်။

သမ္မတထရမ့်လက်ထက်မှာ ပျ​က်ပြယ်လုနီးပါးဖြစ်ခဲ့တဲ့ ၂၀၁၅ နျူသဘောတူညီချက်ကို ပြန်လည်အသက်သွင်းဖို့ အီရန်နဲ့ အမေရိကန်တို့ ကြိုးစားနေကြတာပါ။

သမ္မတ ရိုင်စီက အီရန်ပြည်သူတွေရဲ့ အကျိုးစီးပွားအတွက် နိုင်ငံခြားရေးပေါ်လစီကို နျူသဘောတူညီချက်နဲ့ ကန့်သတ်မထားဘူးလို့ ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် အီရန်ရဲ့ ဒုံးကျည်စီမံကိန်းကို ဆွေးနွေးညှိနှိုင်းမယ့်အထဲမှာ ထည့်သွင်းမထားဘူးလို့လည်း သူက ဆိုပါတယ်။

Ref: Press TV