News @ M-Media

မြန်မာခရီးတွင် သက်ဆိုင်သူအားလုံးနှင့် တွေ့ခွင့်ရရန် အာဆီယံအထူးကိုယ်စားလှယ် တောင်းဆို

ဩဂုတ် ၇၊ ၂၀၂၁
M-Media

-မြန်မာနိုင်ငံကို သွားရောက်တဲ့အခါ နိုင်ငံရေးနယ်ပယ်က သက်ဆိုင်သူတွေအားလုံးနဲ့ တွေ့ဆုံခွင့်ရချင်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် အရ်ဝမ် ယူစွဖ်က ပြောဆိုလိုက်ပါတယ်။

ဘရူးနိုင်း ဒုတိယနိုင်ငံခြားရေးဝန်ကြီး အရ်ဝမ်ဟာ ဒီကနေ့ ဘန်ဒါဆီရီဘဂ်ဝမ်မှာ သတင်းစာရှင်းလင်းပွဲတစ်ခု လုပ်ခဲ့ပါတယ်။ မြန်မာနိုင်ငံကို ဘယ်အချိန် သွားမလဲဆိုတာ အတိအကျ မပြောခဲ့ဘဲ စီစဉ်နေဆဲသာ ရှိသေးတယ်လို့ ဆိုပါတယ်။

“မြန်မာနိုင်ငံကို သွားရောက်ဖို့ စီစဉ်နေတယ်။ ဇွန်လမှာ သွားခဲ့သလိုမျိုးမဟုတ်ဘဲ သေသေချာချာ စီစဉ်ပြီးမှ သွားရမှာပါ”

သွားတဲ့အခါ ထိရောက်တဲ့ ဆွေးနွေးမှုတွေ အထူးသဖြင့် အကြမ်းဖက်မှု ရပ်တန့်ရေး၊ ဆွေးနွေးညှိနှိုင်ရေး၊ ကြားဝင်စေ့စပ်ပေးရေး လုပ်ဆောင်ဖို့ ရည်ရွယ်ထားတယ်လို့လည်း အရ်ဝမ်ယူစွပ်က ပြောပါတယ်။ မြန်မာနိုင်ငံက သက်ဆိုင်သူအားလုံးနဲ့ တွေ့ခွင့်ရဖို့ အရေးကြီးတယ်ဆိုတာကိုလည်း သူက ထောက်ပြခဲ့ပါတယ်။

မြန်မာနိုင်ငံက နိုင်ငံရေးမတည်ငြိမ်မှုတွေကို ဖြေရှင်းပေးရေးအပြင် စစ်ကောင်စီရဲ့ အကြမ်းဖက်မှုနဲ့ ကိုဗစ်ဒဏ်ကို ပူးတွဲခံစားနေရတဲ့ မြန်မာပြည်သူတွေအတွက် အာဆီယံအဖွဲ့က လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီ ပေးအပ်မယ့်ကိစ္စကိုလည်း အရ်ဝမ်က ကြီးကြပ်ရမှာ ဖြစ်ပါတယ်။

အကူအညီတွေပေးအပ်မယ့် အချိန်အတိအကျကို အရ်ဝမ်က မနေ့ကသတင်းစာရှင်းလင်းပွဲမှာ မပြောခဲ့ပါဘူး။ ဒီအတွက် လိုအပ်တဲ့ ကူညီပံ့ပိုးပေးမှုတွေ ရမယ်လို့ မျှော်လင့်ကြောင်း သူက ဆိုပါတယ်။

မြန်မာ့အရေးအတွက် ဧပြီလအတွင်းကပြုလုပ်ခဲ့တဲ့ အာဆီယံ ထိပ်သီးအစည်းအဝေးမှာ အာဆီယံ အထူးကိုယ်စားလှယ်တစ်ဦး ခန့်ထားရေးအပါအဝင် အချိက် ၅ ​ချက်ကို သဘောတူခဲ့ကြတာပါ။ ဒါပေမယ့် ဒီသဘောတူညီချက်တွေကို အကောင်အထည်ဖော်နိုင်ရေး မြန်မာစစ်အာဏာရှင်တွေက စိတ်ဝင်စားမှု သိပ်မပြဘဲ အာဆီယံဟာ ထိထိရောက်ရောက် ဖြေရှင်းပေးနိုင်မှာမဟုတ်ဘူးဆိုတဲ့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

Ref: Nikkei Asia