News @ M-Media

ယူကရိန်းမှ ချက်ခြင်းထွက်ခွာရန် အမေရိကန်က နိုင်ငံသားများကို ညွှန်ကြား

ဖေဖော်ဝါရီ ၁၂၊ ၂၀၂၂
M-Media

-ရုရှားက ယူကရိန်းကို ရက်ပိုင်းအတွင်း ကျူးကျော်သိမ်းပိုက်ဖို့ ရှိတဲ့အတွက် အမေရိကန်နိုင်ငံသားတွေ ယူကရိန်းကနေ ၄၈ နာရီအတွင်း ထွက်ခွာဖို့ သမ္မတဘိုင်ဒန်ရဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေး ဂျိတ်ဆူလီဗန်က သောကြာနေ့မှာ သတိပေးလိုက်ပါတယ်။

အမေရိကန်ရဲ့ ထောက်လှမ်းရေးသတင်းရင်းမြစ်တွေအရ ရုရှားဟာ ယူကရိန်းကို ကျူးကျော်ဖိုလိုအပ်တဲ့ စစ်ဖက်ဆိုင်ရာ ပြင်ဆင်မှုအားလုံး လုပ်​ဆောင်ပြီးပြီဆိုတာ တွေ့ရကြောင်း ဆူလီဗန်က ပြောပါတယ်။

လာမယ့်တစ်ပတ် ဘေဂျင်းအိုလံပစ် မပြီးဆုံးခင်မှာပဲ မြို့တော်ကိဗ်ကို လေကြောင်းကနေဗုံးကြဲပြီး အလျင်အမြန် ထိုးစစ်ဆင်သိမ်းပိုက်တာမျိုး ဖြစ်လာနိုင်တယ်လို့လည်း သူက ဆိုပါတယ်။

“ဘယ်နေ့၊ ဘယ်နှစ်နာရီမှာ ဖြစ်မလဲဆိုတာ ကျွန်တော်တို့ အတိအကျတော့ မပြောနိုင်ပါဘူး။ ဒါပေမယ့် ဖြစ်လာမယ့်အနေအထား ရှိတယ်ဆိုတာ တော်တော်လေး ထင်ရှားနေပါတယ်”

သမ္မတပူတင်က တိုက်ခိုက်ဖို့ ဆုံးဖြတ်ချက်ချပြီလားဆိုတာကို အတိအကျ မပြောနိုင်သေးပေမယ့် မြေပြင်ခြေအနေအရ စိုးရိမ်စရာကောင်းလောက်တဲ့ အနေအထား ခိုင်ခိုင်မာမာ ရှိနေတယ်လို့လည်း ဆူလီဗန်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

ရုရှားဟာ ယူကရိန်းနယ်စပ်မှာ စစ်အင်အား ၁ သိန်းခွဲလောက်နဲ့ စစ်လက်နက်ပစ္စည်းအစုံအလင်ကို ပြီးခဲ့တဲ့နှစ် နှောင်းပိုင်းကတည်းက ချထားတာ ဖြစ်ပါတယ်။ လက်ရှိမှာ တပ်ဖွဲ့အသစ်တွေလည်း နယ်စပ်ကို ထပ်ပို့ထားပါတယ်။

ယူကရိန်းကိစ္စနဲ့ပတ်သက်ပြီး သမ္မတ ဂျိုးဘိုင်ဒန်ဟာ ဥရောပခေါင်းဆောင်တွေ မနေ့က မိနစ် ၈၀ ကြာ အွန်လိုင်းမှာ တွေ့ဆုံခဲ့ကြပြီး၊ တင်းမာမှုတွေကို သံတမန်နည်းလမ်းနဲ့ ဖြေရှင်းဖို့ ရုရှားက ယူကရိန်းကို ကျူးကျော်လာရင် စီးပွားရေးဆိုင်ရာ အရေးယူမှု အကြီးအကျယ် လုပ်ဆောင်ဖို့ ဆွေးနွေးခဲ့ကြပါတယ်။

Ref: Aljazeera