News @ M-Media

ထွက်ပြေးသွားသည့် သီရိလင်္ကာသမ္မတ ပြည်တော်ပြန်မည်ဟု သတင်းထွက်

သြဂုတ် ၂၃၊ ၂၀၂၂
M-Media

-ပြည်သူလူထုရဲ့ ဆန့်ကျင်မှုကြောင့် တိုင်းပြည်ကနေ ထွက်ပြေးသွားတဲ့ သီရိလင်္ကာသမ္မတ ဂိုတာဘာယာ ရာဂျာပက်ဆာဟာ စက်တင်ဘာမှာ ပြည်တော်ပြန်ဖို့ ရှိတယ်လို့ နီးစပ်သူတွေက ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။

ဂိုတာဘာယာနဲ့ သူ့ရဲ့အစ်ကို ၀န်ကြီးချုပ် မာဟင်ဒါ ရာဂျာပက်ဆာတို့ရဲ့ မူ၀ါဒ အလွဲတွေကြောင့် သီရိလင်္ကာဟာ လွတ်လပ်ရေးရပြီးနောက်ပိုင်း အဆိုးရွားဆုံး စီးပွားရေးအကြပ်အတည်းနဲ့ ကြုံတွေ့ခဲ့ရပါတယ်။

ပြည်သူလူထုရဲ့ အကြီးအကျယ် ဆန္ဒပြမှုကြောင့် ဂိုတာဘာယာဟာ ဇူလိုင်လ ၁၃ ရက်နေ့က မိသားစုနဲ့အတူ တိုင်းပြည်ကနေ ထွက်ပြေးခဲ့ပါတယ်။

လက်ရှိ ထိုင်းနိုင်ငံမှာ ခိုလှုံနေပြီး စာရိတ်ထောင်းတာက ဂိုတာဘာယာတစ်ယောက် သီရိလင်္ကာကို ပြန်ရတဲ့ အကြောင်းအရင်းတစ်ရပ်ဖြစ်တယ်လို့ သတင်းရင်းမြစ်တစ်ခုက ဆိုပါတယ်။

အခုတစ်ပတ် ဗုဒ္ဓဟူးနေ့မှာ ပြန်လာမယ်လို့ သီရိလင်္ကာ ပြည်တွင်းမီဒီယာတွေက ရေးပေမယ့် သူ့ရဲ့ လုံခြုံရေးနဲ့ အခြားကိစ္စရပ်တွေအတွက် အာဏာရပါတီ SLPP နဲ့ အစိုးရတို့အကြား ဆွေးနွေးညှိနှိုင်းမှုတွေ မပြီးပြတ်သေးတာကြောင့် စက်တင်ဘာမှ ပြန်လာဖွယ် ရှိနေပါတယ်။

တိုင်းပြည်ကနေ ထွက်ပြေးပြီးနောက်ပိုင်း စင်ကာပူ၊ ထိုင်းတို့မှာ နေထိုင်၊ သုံးစွဲနေတဲ့ ဂိုတာဘာယာမိသားစုရဲ့ ကုန်ကျစားရိတ်ဟာ ရူပီး သန်းရာချီ ရှိနေတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

အာဏာရ SLPP ပါတီက ဂိုတာဘာယာ ပြန်လာရေးအတွက် လက်ရှိ၀န်ကြီးချုပ် ရာနီလ် ၀စ်ကရီမီဆင်ဟီနဲ့ ဆွေးနွေးညှိနှိုင်းနေတယ်လို့ အတည်ပြုပါတယ်။

ပြီးခဲ့တဲ့တစ်ပတ် ရိုက်တာသတင်းဌာနနဲ့ အင်တာဗျူးမှာ ရာနီလ်က ဂိုတာဘာယာ ပြန်လာမလားဆိုတာ မသိသေးဘဲ ပြန်လာရင် ဥပဒေရ အရေးယူမှုတွေ ရှိလာနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။

Ref: Reuters