News @ M-Media

စစ်ကောင်စီက ကျင်းပမည့် အစည်းအ၀ေးကို အာဆီယံနိုင်ငံတစ်ချို့ မတက်

စက်တင်ဘာ ၉၊ ၂၀၂၃

M-Media 


-စစ်ကောင်စီက ကျင်းပမယ့် အာဆီယံ လေတပ်အကြီးအကဲများ အစည်းအ၀ေးကို တက်ရောက်မှာ မဟုတ်ဘူးလို့ အဖွဲ့၀င်နိုင်ငံအချို့က AFP သတင်းဌာနကို ပြောပါတယ်။ 

ဒီအစည်းအ၀ေးကို နှစ်စဥ် ပုံမှန်ကျင်းပတာဖြစ်ပြီး ကာကွယ်ရေး၊ အစွန်းရောက်၀ါဒ တိုက်ဖျက်ရေးနဲ့ ဘေးအန္တရာယ် တားဆီးကာကွယ်ရေး အကြောင်းတွေကို အဓိက ဆွေးနွေးကြတာဖြစ်ပါတယ်။ 

အခုနှစ်အစည်းအ၀ေးကို မြန်မာနိုင်ငံက ဦးစီးကျင်းပရမှာဖြစ်ပြီး စက်တင်ဘာ ဒုတိယပတ်အတွင်း ပြုလုပ်ဖို့ ရှိနေပါတယ်။ 

မြန်မာစစ်တပ်က လူထုအပေါ် အကြမ်းဖက်တိုက်ခိုက်မှုတွေကို ရှုတ်ချတဲ့အနေနဲ့ ဒီအစည်းအ၀ေးကို တက်ရောက်မှာမဟုတ်ဘူးလို့ မလေးရှား၊ ဖိလစ်ပိုင်နဲ့ အင်ဒိုနီးရှား တာ၀န်ရှိသူတွေက ပြောပါတယ်။

မလေးရှား လေတပ်အကြီးအကဲက လုံး၀တက်ရောက်မှာမဟုတ်ဘဲ၊ ဖိလစ်ပိုင်က ဗီဒီယိုမက်ဆေ့သာ ပေးပို့မယ်လို့ ဆိုပါတယ်။ 

အင်ဒိုနီးရှားက လေတပ်အကြီးအကဲအပါအ၀င် ဘယ်သူ့ကိုမှ စေလွှတ်မှာမဟုတ်ဘူးလို့ AFP သတင်းဌာနကို ပြောကြားခဲ့ပါတယ်။ 

အခုတစ်ပတ်အတွင်း ပြုလုပ်တဲ့ အာဆီယံ နိုင်ငံခြားရေး၀န်ကြီးများ အစည်းအ၀ေးမှာ မြန်မာစစ်တပ်က အရပ်သားတွေအပေါ် တိုက်ခိုက်မှုတွေ၊ အာဆီယံက အဆိုပြုထားတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဥ်ကို လစ်လျူရှုမှုတွေအကြောင်း ဆွေးနွေးခဲ့ကြပါတယ်။ 

လွန်ခဲ့တဲ့ ၂ နှစ်ကျော်က ရရှိခဲ့တဲ့ ဘုံသဘောတူညီချက် ၅ ချက်နဲ့ ပတ်သက်ပြီး ဘာတိုးတက်မှုမှ မရှိဘူးလို့ အင်ဒိုနီးရှား နိုင်ငံခြားရေး၀န်ကြီး ရတ္တနို မာဆူဒီက ဒီအစည်းအ၀ေးမှာ ပြောကြားခဲ့ပါတယ်။

Ref: AFP