ဒီဇင်ဘာ ၂၁၊၂၀၁၂
M-Media
source-http://www.trust.org/alertnet

မြန်မာနိုင်ငံ မြောက်ပိုင်းတွင် ဖြစ်ပွားနေသော ပြည်တွင်းစစ်ကြောင့် ရွှေ့ပြောင်း နေရာချထား ခံရသည့် ၅၀၀၀၀ ခန့်ရှိပြည်သူများမှာ ဆောင်းရာသီ၏ ဒုတိယအကြိမ်မြောက် အအေးဒဏ်ကို သေလောက်အောင် ပြင်းထန်စွာ ခံစားနေရသည်။ အကယ်၍ အပြည်ပြည်ဆိုင်ရာ ကူညီရေး အဖွဲ့အစည်းများ နှင့် အလှုရှင်များ အနေဖြင့် အချိန်မီ နည်းလမ်းရှာဖွေ မတွေ့ရှိပါက ယခုထက် အခြေအနေ ပိုမို ဆိုးဝါးနိုင်ကြောင်း ဒေသခံ ကူညီရေး လုပ်သားသူတဦးက ပြောပါသည်။
၂၀၁၁ ခုနှစ် ဇွန်လအတွင်းက စတင် ဖြစ်ပွားသည့် အစိုးရ စစ်တပ်နှင့် ကချင်လက်နက်ကိုင်(KIA) တို့ အကြား စစ်မီးကြောင့် မိမိတို့၏ အိမ်ယာကိုစွန့်ခွာကာ ထွက်ပြေး တိမ်းရှောင် ခဲ့ရသည့် ကချင်တိုင်းရင်းသားများကို တရုတ်- မြန်မာ နယ်စပ်တလျှောက်တွင် ဒုက္ခသည် စခန်း ၁၇ ခု ခွဲကာ နေရာချပေးထား ခဲ့သည်။ လပေါင်းများစွာ ကြာမြင့်သည့်တိုင် ကမ္ဘာ့ကုလသမဂ္ဂ မှ ၄င်းတို့အား ကူညီမှုပေးရန် ခွင့်ပြုချက် မရခဲ့ပေ။
ယခုနှစ် ဒီဇင်ဘာလမှစတင်၍ ကုလသမဂ္ဂနှင့် အခြားသော ကူညီရေးအဖွဲ့အစည်းများက အစိုးရနှင့် မဆိုင်သော အဖွဲ့အစည်းများ မှတဆင့် သွယ်ဝိုက်သောနည်းဖြင့် ပေးသည့် ကူညီမှု အနည်းငယ်ကိုသာ သူတို့ရရှိနေသည်။ ဟု the Relief Action Network for IDPs and Refugees (RANIR), ပြည်တွင်း ကူညီရေးအဖွဲ့မှ ပူးပေါင်းဆောင်ရွက်ရေးတာဝန်ခံ လာရစ်ပ်က ပြောပါသည်။
RANIR ကို ဇွန်လ ပဋိပက္ခများ အပြီးတွင်မှ တည်ထောင်ခဲ့ခြင်း ဖြစ်သည်။ ရွှေ့ပြောင်း နေရာချထား ခံရသူများအား ထိရောက်စွာ ကူညီနိုင်သည့် အဖွဲ့များထဲမှ ထိုဒေသအတွက် အဓိက ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်သည့် အဖွဲ့အစည်း တခုအဖြစ် ဖွဲ့စည်းခဲ့သည်။
“ခုက ဒီလူတွေအတွက် လိုအပ်မှုကြီးမားနေတဲ့ အချိန်ပါ။ ၇ိက္ခာ လုံလောက်မှု မရှိပါဘူး။” ဟု လာရစ်ပ်က နယ်စပ်မြို့ဖြစ်သော လေဇာမှ AlertNet သို့ ဖုန်းဖြင့်ပြောသည်။
“တချို့စခန်းတွေက တောင်စောင်းမှာ တည်ရှိပြီး အခုလို ဆောင်းတွင်း နှင်းတွေကျချိန်မှာ လူအများစုကလည်း အနွေးထည်မရှိကြဘူး။ ကျွန်တော်တို့ လည်း ဆေးဝါး ပြတ်လတ်မှု ကိုရင်ဆိုင်နေရတယ်။” ဟု ထပ်မံပြောသည်။
ထို့ပြင် လာရစ်ပ်က လူအများစုသည် စခန်းတွင် နေထိုင်နေရသည်မှာ တနှစ်ကျော်ပြီ ဖြစ်ပြီး သူတို့၏ နေ့စဉ် လူမှုဘ၀ ပျောက်ဆုံးနေသည်။ အများစုမှာ ငွေရေးကြေးရေးပြသနာ ကြုံတွေ့နေရသည်။ ဟုဆိုသည်။
စစ်တပ်နှင့် ကေအိုင်အေ တို့အကြား ၁၇ နှစ်ကြာ အတိုက်အခိုက်ရပ်စဲပြီးနောက် ၂၀၁၁ ခုနှစ်တွင် ကာလကြာရှည်စွာ တည်ရှိနေသော မကျေနပ်ချက်များကြောင့် ဖြစ်ပွားသည့် စစ်ပွဲမှ ယခုထိ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင် လူပေါင်း ၇၅၀၀၀ ခန့်ပြောင်းရွှေ့ နေရာချပေးထားပြီးဖြစ်ကြောင်း ကူညီရေး ကိုယ်စားလှယ်လုပ်ငန်းများနှင့် လူ့အခွင့်အရေး အဖွဲ့အစည်းများက ခန့်မှန်းကြသည်။
အာဟာရ ချို့တဲ့ ကလေးငယ်များ
ရာစုနှစ် ထက်ဝက်ခန့် စစ်အာဏာရှင်အုပ်စိုးမှုအပြီး ၂၀၁၁ ခုနှစ် မတ်လတွင် အာဏာရရှိခဲ့သော အစိုးရက လက်နက်ကိုင် အဖွဲ့အစည်း များစွာနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုများ ပြုလုပ်နိုင်ခဲ့သော်လည်း KIA နှင့် ၄င်း၏ နိုင်ငံရေး ခေါင်းဆောင်များနှင့် ဆွေးနွေးမှုမှာ ယခုချိန်ထိ အကျိုးသက်ရောက်မှု မရှိသေးပေ။
မြန်မာ့လူဦးရေ သန်းပေါင်း ၆၀ ၏ သုံးပုံ တစ်ပုံခန့်မှာ လူနည်းစု တိုင်းရင်းသား မျိုးနွယ်စုများဖြစ်ပြီး အများစုမှာ ၄င်းတို့အား အများစုဖြစ်သော ဗမာလူမျိုးတို့က စိုးမိုး ချုပ်ကိုင်နေသည်ဟု မြင်ကြောင်း တင်ပြကြသည်။
ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှုးချုပ် လက်အောက်ရှိ လူသားရေးရာ အကျိုးပြု ဆောင်ရွက်မှုအဖွဲ့မှ ဗလာရီ အာမိုစ့်က ဒီဇင်ဘာလ အစောပိုင်းတွင် ကချင်ပြည်နယ်သို့ အလည်အပတ် ရောက်ရှိသောအခါ KIA ထိန်းချုပ်မှု နယ်မြေတွင်းရှိ ပြောင်းရွှေ့ နေရာချထားခံရသူများအား အရေးပေါ် အကူညီ လိုအပ်မှုများ စီစဉ်ပေးနိုင်ရန် အတွက် ကူညီရေး အဖွဲ့အစည်းများအား ခွင့်ပြုရန် မြန်မာအစိုးရအား တိုက်တွန်း နှိုးဆော်ခဲ့သည်။
၂၀၁၂ ခုနှစ် ဇူလိုင်လ ကတည်းက အစိုးရ ထိန်းချုပ်မှုနယ်မြေ ပြင်ပ ဒေသရှိ ၃၉၀၀၀ ခန့်ရှိ ဒုက္ခသည်များ၏ အခြေအနေမှာ ဆိုးဝါးနေပြီး လိုအပ်လျှက်ရှိသော အကူအညီ အထောက်အပံ့များကို စီစဉ်ပေးနိုင်ရန် ကုလသမဂ္ဂမှ အခွင့်အရေးမရခဲ့ကြောင်း သူမကဆိုသည်။
လာရစ်ပ်ကလည်း လတ်တလော ဖြစ်ပွားသော ပဋိပက္ခများသည် ထိုသူတို့အား နေရပ်စွန့်ခွါ ထွက်ပြေးစေရန် ပိုမိုတွန်းအားပေးလျှက်ရှိပြီး ယခုအခါ ပြောင်းရွှေ့ နေရာ ချထားခြင်း ခံရသူဦးရေ ၅၀၀၀၀ ခန့်ထိ တိုးပွားလာနေပြီး အများစုမှာ အမျိုးသမီးများနှင့် ကလေးသူငယ်များ ဖြစ်ကြောင်းပြောပါသည်။
RANIR မှ နိုဝင်ဘာလအတွင်း ဦးဆောင်ပြုလုပ်သော လေ့လာမှုတွင် လိုင်ဇာ ဒေသသို့ ပြောင်းရွှေ့နေရာချထားပေးသော ကလေးငယ် ၈၀၀ ခန့်တွင် ၃နှစ်မှ ၅နှစ်တွင်း ကလေးငယ် ၅ယောက်လျှင် ၁ယောက်နှုန်း အာဟာရချို့တဲ့မှု အန္တရာယ်မှာ အရေးပေါ်အခြေအနေ ရှိနေသည်ဟု ယုံကြည်ရကြောင်း လာရစ်ပ်က ပြောသေးသည်။
“ကျွန်တော်တို့ အကူအညီ အချို့ရတော့မှာပါ။ ဒါပေမဲ့ အဲဒါတွေက ၁လ (သို့) ၁၅ရက် စာလောက်ဘဲ ရှိမယ်။ ဒါကြောင့် ရေတိုအတွက်သာ အဓိက ဖြစ်ပြီး ထိန်းထားလို့ မရနိုင်ဘူး” ဟု ၄င်းက ထပ်လောင်းပြောဆိုသည်။
ထို့ပြင် သူ့အနေဖြင့် အပြည်ပြည်ဆိုင်ရာ အလှုရှင်များအား အကူအညီများကို အစိုးရမှ တဆင့် စီမံဆောင်ရွက်မည့် အစား အခြားသော နည်းလမ်းများ ရှာဖွေဆောင်ရွက်ရန် အနူးအညွတ် မေတ္တာရပ်ခံခဲ့သည်။
“တကယ်လို့ အစိုးရက ဒီလူတွေကို ကူညီဖို့ သူတို့ကို ခွင့်မပြုရင် လွန်ခဲ့သည့် ၁၈ လကတည်းက စပြီး ရွှေ့ပြောင်းနေရာချထားသူများကို အစဉ်တစိုက် ကူညီနေတဲ့ ကချင်ဒေသတွင်းရှိ လူမှုရေးအဖွဲ့အစည်းများ (သို့) ပြည်တွင်းအခြေစိုက် နယ်စပ် ဖြတ်ကျော် လူမှုရေးအဖွဲ့အစည်းများမှ တဆင့် အထောက်အပံ့များစီမံပေးဖို့ တောင်းဆို ချင်ပါတယ်။” ဟု ပြောသည်။
ဥရောပ ကိုယ်စားလှယ်အဖွဲ့မှ ကချင်ပြည်နယ်ရှိ ရွှေ့ပြောင်းနေရာချထားခံရသူများနှင့် မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ပြည်နယ်ရှိ လူနည်းစုများအပေါ် အကျိုးသက်ရောက်စေခဲ့သည့် အကြမ်းဖက်မှုများအတွက် ၅.၅ သန်း ယူရို တန်ဘိုးရှိ လူသားချင်းစာနာသော အကူအညီအထောက်အပံ့မှု အသစ်များ ပေးအပ်မည်ဟု သောကြာနေ့က ကြေငြာသည်။
ထိုကြေငြာချက်တွင် အကူအညီ အထောက်အပံ့များမှာ အပြည်ပြည်ဆိုင်ရာ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ကြက်ခြေနီ တပ်ဖွဲ့များနှင့် ကုလသမဂ္ဂ ကိုယ်စားလှယ်အဖွဲ့များမှ တဆင့်သာ ပေးပို့မည်ဖြစ်ကြောင်း ပါရှိသည်။
Leave a Reply
You must be logged in to post a comment.