ဇွန် ၈၊၂၀၂၆
M-Media

-ကလေးငယ်တွေအပေါ် အကြမ်းဖက်သတ်ဖြတ်မှုပြုလုပ်တဲ့ အမည်ပျက်နိုင်ငံများ၊ အဖွဲ့အစည်းများစာရင်းမှာ အစ္စရေးကို ကုလသမဂ္ဂက ထည့်သွင်းလိုက်ပါတယ်။
ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက စတင်တဲ့ ဂါဇာက အစ္စရေးရဲ့ တစ်ကျော့ပြန်လူသတ်ပွဲအတွင်း ပါလက်စတိုင်းပြည်သူ ၃၇၀၀၀ နီးပါး အသတ်ခံထားရပြီး အဲဒီအထဲက ၁၅၀၀၀ လောက်ဟာ ကလေးငယ်တွေ ဖြစ်ပါတယ်။
လက်ရှိ အစ္စရေးဟာ ဂါဇာက စစ်ရှောင်စခန်းတွေ၊ လူနေအိမ်တွေနဲ့ ဆေးရုံတွေကို အဓိကပစ်မှတ်ထား အကြမ်းဖက်တိုက်ခိုက်နေဆဲ ဖြစ်ပါတယ်။
ဒုတိယကမ္ဘာစစ်အတွင်း ဟစ်တလာရန်ကြောင့် ဥရောပက ၀င်ရောက်လာတဲ့ဂျူးတွေ လက်နက်ကိုင်ကာ ပါလက်စတိုင်းနယ်မြေတွေကို ကျူးကျော်သိမ်းပိုက်ပြီး ၁၉၄၈ ခုနှစ်မှာ ဖြစ်ပေါ်လာတဲ့ အစ္စရေးနိုင်ငံဟာ အဲဒီအချိန်ကတည်းက ပါလက်စတိုင်းပြည်သူတွေကို နည်းမျိုးစုံနဲ့ နှိပ်စက်သတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။
ကလေးငယ်တွေအပေါ် အကြမ်းဖက်တဲ့ အမည်ပျက်စာရင်းမှာ ISIL၊ ဘိုကိုဟရမ်၊ ရုရှား၊ အာဖဂန်နစ္စတန် စတဲ့ အဖွဲ့တွေ၊ နိုင်ငံတွေ ပါ၀င်ပါတယ်။
ဒီအမည်ပျက်စာရင်းကို အခုလအတွင်း ပြုလုပ်မယ့် ကုလရဲ့ အထွေထွေညီလာခံမှာ ထုတ်ပြန်မှာ ဖြစ်ပါတယ်။
လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ Human Rights Watch က ကလေးငယ်တွေကို အကြမ်းဖက်သတ်ဖြတ်တဲ့ ‘ရှက်စရာ အမည်ပျက်စာရင်း’ မှာ အစ္စရေးပါ၀င်လာတာဟာ ကြောင်းကျိုး ဆီလျော်မှန်ကန်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ ကြေငြာချက် ထုတ်ပြန်ခဲ့ပါတယ်။
လူ့အခွင့်အရေးအဖွဲ့ Amnesty International ရဲ့ အတွင်းရေးမှူး အဂ်နက်စ် ကော်လာမာ့ဒ်က “ဒီရှက်စရာစာရင်းထဲ အစ္စရေးပါလာဖို့ ကလေးငယ် ၁၅၀၀၀ လောက် အသတ်ခံရတဲ့အထိစောင့်နေတာ မဖြစ်သင့်ပါဘူး” လို့ ပြောကြားခဲ့ပါတယ်။
အစ္စရေး၀န်ကြီးချုပ် နေတန်ယာဟုကတော့ အမည်ပျက်စာရင်းထဲ ထည့်သွင်းခံရမှုအတွက် ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပါတယ်။
Ref: Aljazeera