News @ M-Media

ပါလက်စတိုင်းနယ်မြေ ၅ မိုင်ပတ်လည်ကို အစ္စရေးက ထပ်မံသိမ်းယူမည်

ဇူလိုင် ၃၊ ၂၀၂၄

M-Media 


(ဓာတ်ပုံ – ပါလက်စတိုင်းနယ်မြေအတွင်းရှိ အစ္စရေး၏ ကျူးကျော်အိမ်ယာများ)

-ပါလက်စတိုင်းပိုင်နက်တစ်ခုဖြစ်တဲ့ အနောက်ဖက်ကမ်းက စကွဲယားမိုင် ၄ ဒဿမ ၉ မိုင်ရှိတဲ့ မြေနေရာတစ်ခုကို သိမ်းယူဖို့ အစ္စရေးအာဏာပိုင်တွေ မကြာသေးခင်က ခွင့်ပြုချက်ပေးခဲ့ကြောင်း ကျူးကျော်အိမ်ယာဆောက်လုပ်မှု ဆန့်ကျင်ရေးအဖွဲ့  Peace Now က ထုတ်ပြန်ပါတယ်။ 

ဒုတိယကမ္ဘာစစ် နာဇီရန်ကြောင့် ဥရောပကနေ ပါလက်စတိုင်းထဲ ထွက်ပြေးလာရတဲ့ ဂျူးတွေဟာ လက်နက်ကိုင်အဖွဲ့တွေ ဖွဲ့စည်းကာ ဒေသခံ ပါလက်စတိုင်းတွေကို သတ်ဖြတ်မောင်းထုတ်ပြီး ၁၉၄၈ ခုနှစ်မှာ အစ္စရေးနိုင်ငံကို ထူထောင်ခဲ့ပါတယ်။ 

အဲဒီနောက်ပိုင်း ကုလနဲ့ နိုင်ငံတကာအသိုင်းအ၀ိုင်းက ပါလက်စတိုင်းနယ်မြေအဖြစ် တရား၀င်အသိအမှတ်ပြုပေးထားတဲ့ နယ်မြေတွေကိုလည်း နည်းမျိုးစုံနဲ့ သိမ်းယူခဲ့ပါတယ်။

အခုတစ်ခေါက် ၅ မိုင်ပတ်လည် သိမ်းယူဖို့ အစ္စရေးအာဏာပိုင်တွေ ခွင့်ပြုမှုဟာ နှစ် ၃၀ အတွင်း တစ်ကြိမ်တည်း အများဆုံး သိမ်းပိုက်မှုဖြစ်ပါတယ်။ အခုနှစ် ဇန်န၀ါရီလကစရင် အနောက်ဖက်ကမ်းမှာ အစ္စရေးအာဏာပိုင်တွေက သိမ်းပိုက်ဖို့ အမိန့်ထုတ်ထားတဲ့ မြေနေရာအရေအတွက်ဟာ စကွဲယားမိုင် ၉ ဒဿမ ၁၅ မိုင် ရှိနေပါပြီ။ 

“အစ္စရေးနဲ့အတူ ယှဥ်တွဲတည်ရှိမယ့် ပါလက်စတိုင်းနိုင်ငံ ထူထောင်ရေး နိုင်ငံရေးနည်းနဲ့ မဆောင်ရွက်မချင်း ဒီပြဿနာ ပြေလည်ဖို့မရှိဘူးဆိုတာ ဒီကနေ့ကိစ္စက ရှင်းရှင်းလင်းလင်း ပြသနေပါတယ်။ ငြိမ်းချမ်ရေးရဖို့၊ သွေးထွက်သံယိုမှုတွေ ရပ်တန့်ဖို့ ခက်ခဲအောင်၊ ဒါတွေကနေ ၀ေးကွာအောင် အစ္စရေးအစိုးရက ဆက်လက်လုပ်ဆောင်နေဆဲပါ” လို့ Peace Now ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

အနောက်ဖက်ကမ်းမှာ တရားမ၀င်အခြေချအိမ်ယာတွေ အစ္စရေးက ထပ်မံချဲ့ထွင် တည်ဆောက်နေတာဟာ အနာဂတ် ပါလက်စတိုင်းနိုင်ငံရဲ့ လူမှုအ၀န်းအ၀ိုင်း ပြောင်းလဲသွားအောင် လုပ်ဆောင်နေတာ ဖြစ်တယ်လို့လည်း အဖွဲ့က ထောက်ပြခဲ့ပါတယ်။ 

Ref: Aljazeera