News @ M-Media

Author: editor

  • တင်ထွန်း (လက်ဝှေ့)  (သို့) တိုကျို အိုလံပစ်တွင် ကမ္ဘာအဆင့်(၅)ရခဲ့သည့် လက်ဝှေ့ကျော်

    တင်ထွန်း (လက်ဝှေ့) (သို့) တိုကျို အိုလံပစ်တွင် ကမ္ဘာအဆင့်(၅)ရခဲ့သည့် လက်ဝှေ့ကျော်

    သြဂုတ် ၁၄ ၊ ၂၀၁၆
    M-Media
    .Tin Tun
    မြန်မာနိုင်ငံအနေနှင့် ကမ္ဘာ့အိုလံပစ် လက်ဝှေ့ပွဲသို့ ၁၉၄၉ ခုနှစ် လန်ဒန် အိုလံပစ်မှ အစပြု၍ ၁၉၈၄ ခုနှစ် လော့အိန်ဂျလိစ် အိုလံပစ်အထိ စေလွှတ်ကာ ထိုးသတ်ယှဉ်ပြိုင်စေ ခဲ့သည်။
    .
    ၁၉၆၄ ခုနှစ် ဂျပန်နိုင်ငံ တိုကျိုမြို့၌ ကျင်းပခဲ့သည့် ၁၈ ကြိမ်မြောက် ကမ္ဘာ့အိုလံပစ် ဖယ်သာ ၀ိတ်တန်း ပြိုင်ပွဲတွင် နိုင်ငံပေါင်း ၃၂ နိုင်ငံမှ လက်ဝှေ့ချန်ပီယံ ၃၂ ယောက် ပါဝင် ယှဉ်ပြိုင်သည်။  မြန်မာ့ လက်ရွေးစင် လက်ဝှေ့သမား သုံးဦးဖြစ်သော ဂျိတ်ဘာဝါး(ဖလိုင်းဝိတ်တန်း)၊ သိန်းမြင့် (ဘင်တန်ဝိတ်)၊ တင်ထွန်း(ဖယ်သာဝိတ်တန်း) တို့အား စေလွှတ်ခဲ့သည်။
    .
    တင်ထွန်းသည် မြန်မာ့စွမ်းရည်ကို ရဲရဲတောက် ပြနိုင်သည့် လက်သီးကျော်တစ်ဦး ဖြစ်သည်။ ပထမညတွင် ဗြိတိန်နိုင်ငံမှ ဥရောပ ချန်ပီယံ ရွန်စမစ်နှင့် တင်ထွန်း ထိုးသတ် ရသည်။ ဥရောပ ဖယ်သာဝိတ်တန်း ချန်ပီယံ ရွန်စမစ်သည် ဥရောပတွင် အကောင်းဆုံး လက်ဝှေ့ကျော် တစ်ဦး ဖြစ်သည်။ ထို့ကြောင့် အားလုံးကပင် ရွန်စမစ် နိုင်မည်ဟု ယုံကြည် ထားကြသည်။
    .
    ပထမအချီတွင် စတင် လွှတ်လျှင် လွှတ်ချင်း ရွန်စမစ်က ညာ ထောက်လက်သီး တစ်လုံးကို တင်ထွန်း၏ ဝမ်းဗိုက်သို့ အစမ်းသဘော အရ ထိုးလွှတ်လိုက်သည်။ တင်ထွန်းသည် အလွန် လျင်မြန်သော ဘယ်၊ ညာ ဖြောင့် ထောက်လက်သီးဖြင့် ပစ်သွင်း လိုက်ရာဝယ် ”ဝုန်း” ခနဲ ပြုတ်ကျ သွားတော့သည်။ ပရိသတ် ၅ဝဝဝဝ ကျော်သည် ထိတ်ခနဲ ဖြစ်သွား၏။ ပြီး တဝေါဝေါ၊ တသောသောနှင့် တစ်ခဲနက် တစ်ပြိုင်တည်း ဟစ်၍ အားပေး ကြတော့သည်။ ရွန်စမစ်သည် ရှက်ကိုး ရှက်ကန်းနှင့် ချက်ချင်း ပြန်ထ လာသည်။ ပြန်ထ အလာတွင် တင်ထွန်းက ညာဖြတ်တစ်လုံး အားကုန် ထိုးချလိုက်ရာဝယ် ရွန်စမစ် ပစ်လဲ ကျသွားပြန်သည်။ တင်ထွန်း (မြန်မာ)သည် ရွန်စမစ် (အင်္ဂလိပ်) လက်သီးကျော်ကို ပထမ အချီစ၍ တောက်လျှောက် အပိုင်အနိုင် ထိုးသတ် နိုင်ခဲ့သည်။
    .
    တင်ထွန်းက ပွဲဦးထွက်တွင် ဗြိတိသျှ (အင်္ဂလန်၊ စကော့တလန်၊ အိုင်ယာလန်၊ ဝေလ) ချန်ပီယံ ရွန်စမစ်ကို ပထမအချီ ၆၇ စက္ကန့်တွင် အလဲထိုး အနိုင်ယူခဲ့သည်။
    .
    နောက်တစ်ရက် ဂျပန် သတင်းစာ မျက်နှာဖုံးတွင် အောက်ပါ ခေါင်းစီး အတိုင်း ရေးသား ထားသည်ကို တွေ့ရသည်။
    .
    ”ဗြိတိန် လက်ဝှေ့ကျော်ကို မြန်မာ တင်ထွန်းက အလဲထိုးချ၍ လက်ဝှေ့ ပါရဂူများ အံ့အား သင့်ရခြင်း” ဟူ၍ဖြစ်သည်။ လန်ဒန်မှ ထုတ်ဝေသော သတင်းစာ တစ်စောင်က အောက်ပါအတိုင်း ရေးသား၏။
    .
    ”ပန်းဝါ တိုက်ပွဲတွင် မြန်မာ စစ်သူကြီး မဟာဗန္ဓုလသည် အင်္ဂလိပ် တပ်မကြီးကို အပြတ် အနိုင်ယူခဲ့ပြီးသည့် နောက် မြန်မာ လက်ဝှေ့ကျော် တင်ထွန်းသည် ဗြိတိန် ချန်ပီယံ ရွန်စမစ်ကို အောင်ပွဲ ခံလိုက်ခြင်းသည် ဒုတိယ အကြီးမားဆုံးသော အောင်ပွဲပင် ဖြစ်တော့သည်” ဟု ရေးသား တင်စား ခဲ့ပေသည်။
    .
    ဒုတိယညတွင် တင်ထွန်းသည် တောင်အာဖရိကတိုက် နိုင်ဂျီးရီးယား နိုင်ငံမှ အန်ထော်နီ အင်ဒေ့ရှ်နှင့် သတ်ရ၏။ သုံးချီ သုံးလား စလုံး အကြိတ်အနယ် ထိုးသတ်ပြီးနောက် တင်ထွန်းက အမှတ်ဖြင့် အနိုင် ရပြန်သည်။ တင်ထွန်းသည် မျက်ခုံး တစ်ဖက် စုတ်ပြတ် သွားသော်လည်း တစ်လက်မမျှ နောက် မဆုတ်စတမ်း ယှဉ်သတ်ကာ အနိုင် ယူလိုက်သည်။ ရွန်စမစ်သည် အန်ထော်နီ အင်ဒေ့ရှ်ကိုပါ အနိုင် ရလေ၍ မြန်မာကို ကမ္ဘာ့ လက်ဝှေ့ ပရိသတ်ကရော၊ ကမ္ဘာ့ လက်ဝှေ့ ပါရဂူတွေကပါ အထူး လေးစား လာကြတော့၏။ ကွာတားဖိုင်နယ် ညတွင် တင်ထွန်းသည် အနောက် ဂျာမနီနိုင်ငံမှ အိပ်စကုနှင့် တွေ့ကြရသည်။ အိပ်စကုနှင့် ထိုးသတ်စဉ် အိပ်စကုကို ဖင်ထိုင် လဲကျအောင် ထိုးချ နိုင်သည်။ သို့သော်လည်း သုံးချီ အပြီးမှာ (၃-၂)ဖြင့် မြန်မာ တင်ထွန်းကပ်၍ ရှုံးရသည်။ တကယ်တော့ တင်ထွန်းနိုင်သည့်ပွဲ ဖြစ်သည်။ တင်ထွန်း၏ မျက်ခုံး နှစ်ဖက်မှ သွေးစိမ်း ရှင်ရှင်များ တသွင်သွင် ယိုစီး၍ ကျနေပါသော်လည်း လုံးဝ မမှုပါဘဲ ရဲရဲတောက် စိတ်ဓာတ်ဖြင့် ယှဉ်ပြိုင် ထိုးသတ်ခဲ့သည်။အသည်းနာစရာ ကောင်းသည်။ တင်ထွန်းခမျာ ငိုလျက် ကြိုးဝိုင်းပေါ်မှ ဆင်းလာရှာသည်။
    .
    တင်ထွန်းသည် ကွာတားဖိုင်နယ်၌ ရှုံးနိမ့်ခဲ့သဖြင့် အိုလံပစ် မှတ်တမ်း တွင် ကမ္ဘာ့အဆင့် ၅ သတ်မှတ်ခံရသည်။
    .
    အာရှအဆင့်။ ။  တင်ထွန်းသည်  ၁၉၆၇ ခုနှစ် အင်ဒိုနီးရှား ဂျာကာတာမြို့တွင် ကျင်းပသည့် အာရှနှင့် သြစတြေးလျ လက်ဝှေ့ပြိုင်ပွဲ၌ ရွှေတံဆိပ်ရသည်။
    .
    မြန်မာနိုင်ငံအနေနှင့် ကမ္ဘာ့အိုလံပစ် လက်ဝှေ့ပွဲသို့ ၁၉၄၉ ခုနှစ် လန်ဒန် အိုလံပစ်မှ အစပြု၍ ၁၉၈၄ ခုနှစ် လော့အိန်ဂျလိစ် အိုလံပစ်အထိ စေလွှတ်ကာ ထိုးသတ်ယှဉ်ပြိုင်စေ ခဲ့သည်။ မျိုးသန့်၊ စောဟာဒီ၊ ကျားဘညိမ်း၊စံလှ၊ သကြားမဂျစ်၊ ရဲဆွေ၊ ရဲချစ်၊ တီအောင်၊  ဘယ်လင်သော်မဆင်၊ တင်ထွန်း၊ သက်ဦးလေး၊ ၀င်းမောင်၊ ဒေါ်လာ၊ လှညွန့်၊သိန်းမြင့်၊  သန်းထွန်း၊ ဇော်လတ်တို့ အပါအဝင် (၁၈)ဦး ရှိခဲ့ရာ (၆)ဦးသည် မွတ်စလင်မ်များ ဖြစ်ကြသည်။ ထို (၆)ဦးတို့ကတော့ ကျားဘညိမ်း၊ မဂျစ်၊ တင်ထွန်း၊ ဂျိတ်ဘာဝါး၊ ၀င်းမောင်နှင့် သက်ဦးလေးတို့ဖြစ်သည်။
    .
    ကမ္ဘာ့အိုလံပစ်လက်ဝှေ့ဗိုလ်လုပွဲသို့ မြန်မာ့လက်ရွေးစင်(၁၈)ဦးယှဉ်ပြိုင်ရာတွင် သိန်းမြင့်(နှစ်ပွဲ)၊ တင်ထွန်း(နှစ်ပွဲ)၊ မျိုးသန့်(တစ်ပွဲ)၊ လှညွန့်(တစ်ပွဲ)၊ စုစုပေါင်းခြောက်ပွဲအနိုင်ရခဲ့သည်။

    ကမ္ဘာ့အိုလံပစ်လက်ဝှေ့ကြိုးဝိုင်းလက်ရွေးစင်အဖြစ် သိန်းမြင့်သုံးကြိမ်၊ တင်ထွန်းနှစ်ကြိမ်တိုင်တိုင် အရွေးခံခဲ့ရသည်။

    ကိုးကား-
    —————
    ရွှေဘိုဘာမထီခင်အောင် ရေးသည့်
    ” ကမ္ဘာ့ အိုလံပစ်ကြိုးဝိုင်း အတွင်းမှ မြန်မာ့လက်ဝှေ့ကျော်များ” (“မန္တလေး အနှစ် ၁၅၀ ပြည့် မဂ္ဂဇင်း” )
    “ကမ္ဘာ့ လက်ဝှေ့ကြိုးဝိုင်းထဲမှ မွတ်စလင်များ”(အစ္စလာမ်သုတ မဂ္ဂဇင်း )

    ဆက်စပ်ဆောင်းပါးများ ဖတ်ရန်
    ——————————–
    ကမ္ဘာ့ အိုလံပစ်ကြိုးဝိုင်း အတွင်းမှ မြန်မာ့လက်ဝှေ့ကျော်များ
    http://www.m-mediagroup.com/news/21411

  • သံအမတ်ကြီးဟောင်း ဦးမောင်မောင်ကြီး (ငြိမ်း-ဗိုလ်မှူးကြီး-တပ်မတော်ရေ)

    သံအမတ်ကြီးဟောင်း ဦးမောင်မောင်ကြီး (ငြိမ်း-ဗိုလ်မှူးကြီး-တပ်မတော်ရေ)

    သြဂုတ် ၁၃ ၊ ၂၀၁၆
    M-Media
    ရုပ်သံ/တည်းဖြတ် – မိုးစက်
    .Cover Photo
    ဦးမောင်မောင်ကြီး (ခ) အက္ကဘရ် (မွတ်စလင်ဘွဲ့အမည်) ကို ၁၉၂၅ ခုနှစ် မေလ ၂၅ ရက်နေ့တွင် မန္တလေးမြို့၌ အဖ ဦးမောင်မောင်ဂျမ်း၊ အမိ ဒေါ်မဘီတို့မှ မွေးဖွားခဲ့သည်။
    .
    လွတ်လပ်ရေး မတိုင်ခင် ခေတ်တွင် စစ်ပွဲကာလအတွင်း အာဇာနည်ခေါင်းဆောင်ကြီး ဆရာကြီး ဦးရာဇတ်၏ အသက်အား ကယ်ဆယ်ခဲ့ဘူးသည်။
    .
    လွတ်လပ်ရေးမရခင် ကာလကတည်းက တပ်မတော်ရေ သို့ ဝင်ရောက်တာဝန်ထမ်းဆောင်ခဲ့ပြီး ဗိုလ်မှူးကြီး အဆင့်ထိ ၄၆ နှစ် တိုင် တပ်မတော်၌ တာဝန်ထမ်းရွက်ခဲ့သည်။
    .
    တပ်မတော်သား ဘဝ တွင် သမိုင်းဝင် စစ်ရေယာဉ် မေယု ရဲ့ စစ်ယာဉ်မှူးဟောင်း၊ စစ်ဦးစီး တက္ကသိုလ်ရဲ့ နည်းပြချူပ် တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် .သီလဝါဆိပ်ကမ်းကိုလည်း စတင်အကောင်အထည်ဖော်ခဲ့သူ ဖြစ်သည်။
    .

    .
    ၁၉၇၈ ခုနှစ်မှ ၁၉၈၀ ခုနှစ်အထိ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။
    .
    ၁၉၈၀ ခုနှစ်တွင် သီရိလင်္ကာနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်အဖြစ် တာဝန်ပေးခြင်းခံရပြီး ၁၉၈၄ ခုနှစ်အထိ ဆောင်ရွက်ခဲ့သည်။ ထို့နောက် ၁၉၈၄ ခုနှစ်မှစ၍ အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
    .
    သံအမတ်ကြီးအဖြစ် နိုင်ငံပေါင်း (၇) နိုင်ငံတွင် ၈ နှစ်ခွဲ ၉ နှစ်နီးပါး တာဝန်ထမ်းဆောင်ခဲ့ကြောင်းသိရသည်။
    .
    ၁၉၅၁ ခုနှစ် မတ်လ ၄ ရက်နေ့တွင် ဒေါ်ညွန့်ညွန့်ကြီးနှင့် လက်ထပ်ခဲ့ပြီး တင်ကြီး၊ ခင်စံပါယ်၊ ညွန့်ကြီး ဟူသည့် သားသမီး ၃ ယောက် ထွန်းကားခဲ့သည်။
    .
    လှေလှော်ရွက်တိုက်အသင်း၊ ရေကူးအသင်း၊ သေနတ်ပစ်အသင်း၊ အလုပ်သမားနှင့် လယ်သမားများအသင်း၊ သမ္မတ၏ ကိုလံဘိုစီမံကိန်းကောင်စီ (၁၉၈၂-၁၉၈၃) တွင် ပါဝင်ဆောင်ရွက်ခဲ့ပြီး ၁၉၆၂ ခုနှစ်တွင် ကျင်းပသည့် စတုထ္ထ အကြိမ်မြောက်အာရှ အားကစား ပြိုင်ပွဲတွင် ရေကူး ပြိုင်ပွဲ၌ ချန်ပီယံ ဆု ဆွတ်ခူးရရှိခဲ့သည့် မြန်မာဂုဏ်ဆောင် တင်မောင်နီကို လေ့ကျင့်ပေးခဲ့ဘူးကြောင်း သိရသည်။
    .
    ယခုအခါ အသက် ၉၁ ကျော်ရှိပြီ ဖြစ်တဲ့  ဦးမောင်မောင်ကြီး (ငြိမ်း-ဗိုလ်မှူးကြီး-တပ်မတော်ရေ) ဟာ ရန်ကုန်မြို့ မလိခလမ်းနေအိမ်မှာ မိသားစုနဲ့ အတူ ကျန်းမာစွာဖြင့် နေထိုင် လျက်ရှိကြောင်းသိရသည်။

  • သြဂုတ်လအကုန်ထိ တက္ကသိုလ်ဝင်ခွင့် လျှောက်ထားရန် ကြေညာထား

    သြဂုတ်လအကုန်ထိ တက္ကသိုလ်ဝင်ခွင့် လျှောက်ထားရန် ကြေညာထား

    သြဂုတ် ၁၃ ၊ ၂၀၁၆
    M-Media
    သတင်း- သူရိန်
    14030754_10202258875549526_1429514587_n

    ၂၀၁၆ ခုနှစ် မတ်လတွင် ကျင်းပခဲ့သည့် တက္ကသိုလ်ဝင်တန်း အောင်မြင်သူများအနေဖြင့် ၎င်းတို့ ရရှိသည့် အမှတ်စာရင်းဖြင့် မိမိတို့ ရွေးချယ်လိုသော တက္ကသိုလ်များကို လျှောက်ထားကြရန် သက်ဆိုင်ရာက ကြေညာထားသည်။

    ဝင်ခွင့်လျှောက်ထားမည့် တက္ကသိုလ်ဝင်တန်း အောင်မြင်သူများ အနေဖြင့် သြဂုတ်လ ၁၇ ရက်နေ့မှ စ၍ သက်ဆိုင်ရာ စာစစ်ဌာနကြီးကြပ်ရေးမှူးများ ဖြစ်သည့် အခြေခံပညာ အထက်တန်း ကျောင်းအုပ်ကြီးများထံတွင် မိမိတို့ အောင်မြင်ခဲ့သည့် အမှတ်စာရင်း အရည်အချင်း မှတ်တမ်းချုပ် ရမှတ်အဆင့်နှင့် လျှောက်လွှာပုံစံအိတ်များကို ကျပ်ရှစ်ရာ ပေးသွင်း၍ ထုတ်ယူနိုင်ကြောင်း သိရသည်။

    တက္ကသိုလ် ဝင်ခွင့် လျှောက်ထားရာတွင် မိမိတို့ရရှိသည့် ဝင်ခွင့် ရမှတ်များဖြင့် ရွေးချယ်တက်ရောက်လိုသော သင်တန်းများသို့ ဦးစားပေးလျှောက်ထားရမည် ဖြစ်ပြီး တက္ကသိုလ်ဝင်ခွင့် စိစစ်ရွေးချယ်ရေး အဖွဲ့မှ စိစစ်ရွေးချယ်မည် ဖြစ်သည်။

    ထိုသို့ ရွေးချယ်ရာတွင် တက္ကသိုလ် ဝင်ခွင့် စိစစ်ရွေးချယ်ရေး အဖွဲ့သည် အမှတ်အများဆုံးရသည့် လျှောက်ထားသူ၏ ကတ်ပြားမှ စ၍ အမှတ်အနည်းအများအလိုက် ကတ်ပြားတစ်ခုချင်းတွင် ဖော်ပြထားသော ဦးစားပေးအစီအစဉ်များ အတိုင်း စိစစ်ဆောင်ရွက်မည် ဟုသိရသည်။ လျှောက်ထားသူ တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား ကျောင်းသူများ အနေဖြင့် သက်ဆိုင်ရာ အထူးပြုဘာသာရပ်များအလိုက် လက်ခံရန်သတ်မှတ်ထားသည့် ဦးရေ အတိုင်း တက္ကသိုလ် ၊ ဒီဂရီကောလိပ် ၊ ကောလိပ်များသို့ တက်ရောက်ခွင့်ရရှိမည်လည်း ဖြစ်သည်။

    ယခုနှစ်အတွက် ဆေးတက္ကသိုလ်ဝင်ခွင့်ရမှတ်မှာ အမျိုးသားများအတွက် ၅၀၁ မှတ်ဖြစ်ကာ အမျိုးသမီးများအတွက် ၅၁၀ မှတ်ဖြစ်သည်။ ရန်ကုန်နည်းပညာ တက္ကသိုလ်သို့ ဝင်ခွင့်ရမှတ်မှာ အမျိုးသားများအတွက် ၄၉၈ မှတ်ဖြစ်ပြီး အမျိုးသမီးများအတွက် ၄၈၀ မှတ်ဖြစ်သည်။

    တပ်မတော် နှင့်ဆိုင်သော စစ်တက္ကသိုလ်များကိုမူ သက်ဆိုင်ရာ စစ်ဌာနချုပ်များမှ တဆင့် တပ်မတော် ဗိုလ်ရွေးအဖွဲ့သို့ သီးခြား လျှောက်ထားရမည်ဖြစ်ပြီး တက္ကသိုလ် အသီးသီးအတွက် ဝင်ခွင့် ရမှတ်များကို ၂၀၁၆ ခုနှစ် တက္ကသိုလ် ဝင်ခွင့် လမ်းညွှန်စာအုပ်တွင် အသေးစိတ်ဖော်ပြထားကြောင်း သိရသည်။
    တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာများကို ရန်ကုန်မြို့ တက္ကသိုလ်နယ်မြေ သထုံလမ်းရှိ အခြေခံပညာဦးစီးဌာန (ရန်ကုန်ရုံးခွဲ) သို့ စနေတနင်္ဂနွေအပါအဝင်  သြဂုတ်လ ၃၁ရက်နေ့အထိ လျှောက်ထားနိုင်ကြောင်း သတင်းရရှိသည်။

  • ၂၀၂၀ အမှီ ရန်ကုန်မြို့လယ်မှာ မိုးပျံအဆောက်အဦများ ပေါ်ထွက်လာတော့မည်

    ၂၀၂၀ အမှီ ရန်ကုန်မြို့လယ်မှာ မိုးပျံအဆောက်အဦများ ပေါ်ထွက်လာတော့မည်

    သြဂုတ် ၁၂ ၊ ၂၀၁၆
    M-Media
    သတင်း- သူရိန်
    LANDMARK DEVELOPMENT
    ရန်ကုန်မြို့လယ် ဗိုလ်ချုပ်အောင်ဆန်း လမ်းမပေါ်ရှိ ရှေ့ဟောင်း အဆောက်အဦ တစ်ခုဖြစ်သည့် မြန်မာ့မီးရထား ရုံးချုပ် နှင့် အတူ  နိုင်ငံတကာအဆင့်မှီ စီမံကိန်းကြီး တစ်ခုကို စတင် ပြုလုပ်တော့မည်ဟု F.M.I ကုမ္ပဏီမှ ထုတ်ပြန်ကြေညာချက်အရ သိရပါတယ်။

    ထိုစီမံကိန်းကို F.M.I ကုမ္ပဏီမှ ရှယ်ယာထည့်ဝင် ဆောင်ရွက်မည်ဖြစ်ပြီး ၂၀၂၀ ပြည့်နှစ် နောက်ဆုံးထား၍ လေးနှစ်တာကာလအတွင်း အကောင်အထည်ဖော်မည် ဖြစ်ပါတယ်။

    F.M.I ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးဖြစ်သည့် ဦးလင်းမြိုင်က ” ဒီစီမံကိန်းကြီးဟာ ကျွန်တော်တို့ မှန်းတာက ဒီနှစ်မကုန်ခင်မှာ အရှိန်အဟုန်နဲ့ စနိုင်မယ်လို့ မျှော်မှန်းတယ်။ ကာလအားဖြင့် လေးနှစ်လောက် သတ်မှတ်ထားတယ်။ ၂၀၂၀ မကုန်ခင်မှာစီမံကိန်းကြီး ပြီးမယ်လို့ ကျွန်တော်တို့ မျှော်မှန်းထားပါတယ်” ဟု ပြောပါတယ်။

    မြေငှားရမ်းမှု အနေဖြင့် မြန်မာ့မီးရထားနှင့် F.M.I ကုမ္ပဏီတို့အကြား ပြီးခဲ့သည့် ဇူလိုင်လ ၂၃ရက်နေ့က သဘောတူ စာချုပ်ချုပ်ဆိုခဲ့ပါတယ်။

    မြေငှားရမ်းစာချုပ်သည် နှစ် ၅၀ဖြစ်ပြီး F.M.I ကုမ္ပဏီလီမီတက်မှ အမှုဆောင် ဒါရိုက်တာ ဦးထွန်းထွန်းကတော့ စီမံကိန်းနှင့် ပတ်သက်၍ ” LANDMARK DEVELOPMENT သည် ကမာ့နာမည်ကျော် စီးပွားရေး ကုမ္ပဏီကြီးများနှင့် ပူးပေါင်းဆောင်ရွက်သည့် လုပ်ငန်း တစ်ခုဖြစ်ကြောင်း၊ ဤ စီမံကိန်းသည် နိုင်ငံတကာ ရင်းနှီးမြုပ်နှံမှု အမေရိကန် ဒေါ်လာသန်း (၆၀၀) ကျော်ကို ပြည်တွင်း စီးပွားရေးသို့ ရောက်ရှိလာစေမည်ဖြစ်ကြောင်း ၊ အဓိက ပြည်တွင်း မိတ်ဖက် တစ်ဦးအနေဖြင့် ဤအရေးပါသော စီမံကိန်းတွင် ပါဝင်ရခြင်းကြောင့် F.M.I အနေဖြင့် ဂုဏ်ယူမိပါကြောင်း LANDMARK DEVELOPMENT သည်ရန်ကုန်မြို့လယ်အား ကောင်းမွန်သော တိုးတက်မှုရရှိစေမည်ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံတွင် အိမ်ရာ တည်ဆောက်ရေး လုပ်ငန်းများ အတွက် စံသတ်မှတ်ချက်ဖြစ်လာမည်ဟု မိမိတို့ယုံကြည်ပါကြောင်း ” ဖြင့် ပြောကြားပါတယ်။

    စီမံကိန်း ဧရိယာသည် ဗိုလ်ချုပ်အောင်ဆန်း လမ်းမပေါ်ရှိ F.M.I စင်တာ၊ မီးရထားရုံးဟောင်းနှင့် ဂရင်းမီးရထားဟိုတယ်တို့ ပါဝင်သည့် မြေ၁၀ဧကခန့် ကျယ်ဝန်းပြီး မကြာမီတွင် ဂရင်းမီးရထား ဟိုတယ် နှင့် F.M.I စင်တာတို့ကို ဖြိုဖျက်မည် လည်းဖြစ်ပါတယ်။

    ရှေ့ဟောင်းအဆောက်အဦ တစ်ခုဖြစ်သည့် မြန်မာ့မီးရထားရုံးချုပ် အဆောက်အဦကို Peninsula Hotel Yangon အဖြစ် မွမ်းမံတည်ဆောက်ကာ ဇိမ်ခံ ကွန်ဒို၊ ဟိုတယ်များနှင့် လူနေခန်း ရုံးခန်းများ နှင့် အရောင်းဆိုင်များ ပါဝင်မည်ဟု သိရပါတယ်။

    အဆိုပါ စီမံကိန်းကို စင်ကာပူအခြေစိုက် Yoma Strategic ဟောင်ကောင် အခြေစိုက် Shanghai ဟိုတယ် နှင့်  Mitsubishi Group ၊ IFC ၊ ADB စသော နိုင်ငံတကာ ရင်းနှီးမြုပ်နှံမှုများဖြင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း သတင်းရရှိပါတယ်။

  • IS များ ဖယ်ခုံသို့ ရောက်ရှိနေခြင်းဆိုသည်မှာ ချဲ့ကားသတင်းသာ ဖြစ်ကြောင်း ကယန်း အမျိုးသားပါတီ ထုတ်ပြန်

    IS များ ဖယ်ခုံသို့ ရောက်ရှိနေခြင်းဆိုသည်မှာ ချဲ့ကားသတင်းသာ ဖြစ်ကြောင်း ကယန်း အမျိုးသားပါတီ ထုတ်ပြန်

    သြဂုတ်၊ ၁၀ ၊၂၀၁၆
    Hinthar Media မှ ကူးယူဖော်ပြသည်။
    . phal-khone
    ရန်ကုန်၊ သြဂုတ် ၁၀ ။ ။ ကမ္ဘာ့နိုင်ငံကြီးများတွင် အကြမ်းဖက်လုပ်ရပ်များကို အဓိက လုပ်ကိုင်နေသည့် အိုင်အက်စ်(IS) အဖွဲ့ဝင်များ မြန်မာနိုင်ငံရှိ ကယားပြည် နယ် ဖယ်ခုံမြို့နယ်အတွင်း သို့ ရောက်ရှိနေခြင်းဆိုသည်မှာ ချဲ့ကားသတင်းသာ ဖြစ်ကြောင်း ကယန်းအမျိုးသား ပါတီ KNP က ကြေညာချက်ထုတ်ပြန်လိုက်သည်။
    .
    ဖယ်ခုံမြို့နယ်အတွင်း အခြေစိုက်သည့် ကယန်း အမျိုးသားပါတီ၏ သြဂုတ်လ ၁၀ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သော ကြေညာချက်တွင် ပြည်သူများ ထိတ်လန့် ဖြစ်စေသည့် အရေးကြီးသည့် ညွှန်ကြားချက်များကို တိကျစွာ စိစစ် ထုတ်ပြန်သင့်သည်ဟု ဖယ်ခုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးကို တိုက်တွန်းကြောင်း ဖော်ပြထားသည်။

    ဖယ်ခုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးက အင်ဒိုနီးရှားနိုင်ငံမှ အစွန်းရောက် ဘာသာရေးခေါင်းဆောင်များ မြန်မာပြည်သို့ ရောက် ရှိနေကြောင်း သတင်းရရှိမှုကြောင့် သတိရှိစေရန် အုပ်ချူပ်ရေးအဖွဲ့အဆင့်ဆင့်သို့ သြဂုတ် လ ၃ရက်နေ့ ရက်စွဲဖြင့် ညွှန်ကြားခဲ့သော်လည်း ညွှန်ကြားချက်များတွင် သတင်းချဲ့ကားမှုများ ပါဝင်နေသည်ဟု KNP ၏ ကြေညာချက်တွင် ဖော်ပြထားသည်။
    .
    သြဂုတ်လ မလေးရှားနိုင်ငံအစိုးရသို့ အိုင်အက်စ် အဖွဲ့မှပေးပို့သည့် စာအတွင်း အရှေ့တောင်အာရှနိုင်ငံများရှိ ပစ်မှတ်ထားသော ထိပ်တန်းပုဂ္ဂိုလ် များတွင် မြန်မာနိုင်ငံမှ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်၏ အမည်လည်း ပါဝင်လျက်ရှိကြောင်း မလေးရှားနိုင်ငံအခြေစိုက် သတင်းဌာနများတွင်ဖော်ပြထားသည်။
    .
    အလားတူ ယင်းသို့ အိုင်အက်စ် အဖွဲ့၏ ခြိမ်းခြောက်မှု သတင်းရရှိမှုကြောင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် အပါအဝင် နိုင်ငံတော်အဆင့် အကြီးအကဲများ၏ လုံခြုံရေးကို အထူးဂရုပြု တိုးမြှင့်ထားကြောင်း နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောဆိုထားသည်။

    မူရင်းသတင်း link =>http://tinyurl.com/jrss4mj

    13886465_1146280485444646_9218220696528434591_n
    ကြံခိုင်ရေးပါတီဝင် လွှတ်တော် အမတ်ဟောင်း ဦးလှဆွေ ထုတ်ဝေသည့် ဘူးလက်ဂျာနယ်၏ သတင်းဖော်ပြမှု
    wunna  moe and queen min ya
    ဖယ်ခုံသို့ IS များ ဝင်ကြောင်း သတင်းနှင့် နိုင်ငံသား မွတ်စလင်မ်များကို အထင်မြင်လွှဲမှားစေရန် ချိတ်ဆက်ရေးသား ဖော်ပြမှုများ

    .