News @ M-Media

Author: editor

  • စင်ကာပူမှာ ဘွဲ့လွန် မာစတာ တက်ဖို့ ပညာသင်ဆု လျောက်ထားနိုင်

    စင်ကာပူမှာ ဘွဲ့လွန် မာစတာ တက်ဖို့ ပညာသင်ဆု လျောက်ထားနိုင်

    ဧပြီ ၂၃ ၊ ၂၀၁၆
    M-Media
    သီဟ
    13015309_1104681249571389_2058418775258574853_n
    မြန်မာနိုင်ငံအတွင်းရှိ ဘွဲ့ရ လူငယ်များ နိုင်ငံခြားတိုင်းပြည်များ၌ ဘွဲလွန် (MSc, MA) မာစတာ ဒီဂရီ တက်ရောက်လိုသူများအတွက် ပညာသင်ဆု လျောက်ထားနိုင်ကြောင်း သိရပါတယ်။ အဆိုပါ ပညာသင်ဆုကို Myanmar Muslim Education Development Program(MMEDP) နဲ့  အစ္စလာမ့်တံခွန် ပညာရေး ဒါန ကော်မတီတို့က ပူးပေါင်း အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရပါတယ်။

    အဆိုပါ ပညာသင်ဆုနဲ့ပတ်သက်ပြီး MMEDP ရဲ့ တာဝန်ရှိသူ တယောက်က M-Media ကို အခု လိုပြောပါတယ်။

    ” MMEDP scholarship program စဖြစ်တာကတော့ ငွေကြေးထောက်ပံ့နိုင်သူ အလှူရှင် တချို့နဲ့ နည်းပညာ အကူအညီ ပေးနိုင်သူ အချို့ ပေါင်းကာ ပြည်တွင်းမှ ဘွဲ့ရ ပြီးသော ကျောင်းသူကျောင်းသား လူငယ်များကို ဘွဲ့ လွန်ပညာ ဆက်လက် သင်ယူနိုင်ရန် ကူညီဖို့ရည်ရွယ်ပါတယ်၊ အစအနေနဲ့ စင်ကာပူ အစိုးရ တက္ကသိုလ်ကြီး NUS ကို တက်နိုင်အောင်စီစဉ်မယ်။ နောက်ပိုင်းမှာတော့ အခြား နိုင်ငံခြားတက္ကသိုလ်များကိုပါ တက်နိုင်အောင် ကူညီ စီစဉ်ဖို့ ရည်ရွယ်တယ်။ ပညာသင်ဆုမှာ နေစရိတ်၊ စားစရိတ်၊ လေယာဉ်စရိတ် ၊ ကျောင်းစရိတ် အားလုံး ပါဝင်ပါတယ်။”

    အဆိုပါ ပညာသင်ဆုနဲ့ပတ်သက်ပြီး ပူးတွဲ အကောင်အထည်ဖော်ဆောင်ရွက်တဲ့ အစ္စလာမ့်တံခွန် ပညာရေး ဒါန ကော်မတီမှ ဟာဂျီဦးမျိုးမြင့် က M-Media ကို ယခုလိုပြောပြပါတယ်။

    “ဒီဘက်ခတ်မှာ ပညာအရည်အချင်းတွေတိုးတက်လာပြီးတော့ ပတ်ဝန်းကျင်ကို တစ်နည်းပြန်ကြည့်နိုင်ရင် အကျိုးလည်းရှိမယ်၊ နောက် တိုင်းပြည်ရဲ့ လိုအပ်တဲ့နေရာမှာဖြစ်ဖြစ်၊ ကိုယ့်ပတ်ဝန်းကျင် အသိုင်းအဝိုင်းမှာပဲဖြစ်ဖြစ် ပညာအရည်အချင်းနဲ့ဖြစ်ဖြစ် ဘယ်လိုနည်းနဲ့မဆို ကိုယ်တတ်ထားနဲ့ပညာနဲ့ ပြန်လည်အကျိုးပြုနိုင်မယ်ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ အခုလို စင်ကာပူနိုင်ငံမှာ မြန်မာနိုင်ငံက ဘွဲ့ရပြီး ဆက်လက်ပညာသင်ကြားချင်တဲ့ မည်သည့်ဘာသာဝင် လူငယ်တွေမဆို ဆက်လက်သင်ကြားနိုင်အောင် ကျွန်တော်တို့ဘက်က ဆောင်ရွက်ပေးတာပဲ ဖြစ်ပါတယ်” ။

    ယခု ပညာတော်သင်ဆုအဖြစ် မြန်မာနိုင်ငံမှ လူငယ် (၁၀) ယောက်ကို စင်ကာပူနိုင်ငံတွင် ပညာသင်ကြားနိုင်ရန် စေလွှတ်သွားမှာဖြစ်ကြောင်း သိရပါတယ်။
    .

    Application Form များကို ဆက်သွယ်ထုတ်ယူရန် လိပ်စာကတော့
    အစ္စလာမ့်တံခွန် ပညာရေး ဒါန ကော်မတီ၊
    အမှတ် ၁၈၃ ပထမထပ်၊ ဗိုလ်ဆွန်ပက်လမ်း (အလယ်ဘလောက်)
    ပန်းဘဲတန်းမြို့နယ် ၊ရန်ကုန်မြို့
    (အစ္စလာမ်သာသနာရေးရာကောင်စီဌာနချုပ်ရုံး)
    ဖုန်းနံပါတ် – ၀၁ ၂၅၂၆၀၈၊ ၀၁ ၃၈၁၇၈၆
    ၀၉ ၇၃၀၀၈၅၈၁
    ၀၉ ၇၃၀၃၁၆၄၄
    ၀၉ ၅၁၂၇၅၈၀ ဖြစ်ပါတယ်။

    ပညာသင်ဆု လျောက်ထားလိုသူများ ဟာ လျောက်လွှာများကို ဖြည့်သွင်းပြီး ၃၀-၀၅-၂၀၁၆ နောက်ဆုံးထားပြီး ပို့ပေးရမှာ လို့ သိရပါတယ်။

    [email protected] သို့လည်း လိုအပ်သည်များကို ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရှိရပါတယ်။

    SCHOLARSHIP INFORMATION PDF

  • ရိုးသားစွာ ကူညီခဲ့ရာမှ နိုင်ငံရပ်ခြားမှာ လုယက်ခံရပြီး ဒဏ်ရာ အနာတရ ဖြစ်ခဲ့ရ

    ရိုးသားစွာ ကူညီခဲ့ရာမှ နိုင်ငံရပ်ခြားမှာ လုယက်ခံရပြီး ဒဏ်ရာ အနာတရ ဖြစ်ခဲ့ရ

    ဧပြီ ၂၂ ၊ ၂၀၁၆
    M-Media
    ယွန်းမီမီမောင် ပေးပို့သည်။

    attck in malay
    ” နိုင်ငံ ရပ်ခြားသို့အလည်အပတ်သွားသူများ သတိထားဖို့ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်ကိုမျှဝေပေးလိုက်ပါတယ်။ သူတစ်ပါး အခက်အခဲကို ကူညီချင်တဲ့စိတ်ကြောင့်ကူညီခဲ့တာကို အခွင့်ကောင်းယူကာ ရက်ရက်စက်စက်ပြုမူ သွားတာခံခဲ့ရပါတယ်။

    အသက်၇၀ကျော်ရှိပီဖြစ်တဲ့ကျွန်မအဖိုးကို မလေးရှားနိုင်ငံ (ဟိန္ဒူ နတ် ဘုရားရုပ်ကြီးရှိရာ) နေရာတွင် လူတစ်ဦးရောက်လာပြီး သူကကမ္ဘာလှည့်ခရီးသွားဖြစ်ကာ ထိုနေရာ အကြောင်းကို အဖိုးဖြစ်သူအားမေးပါတယ်။

    အဖိုးကလည်း သူတကယ်မသိလို့မေးတယ်ထင်ပြီးသိသလောက်ရှင်းပြခဲ့ပါတယ်။

    အဖိုးနဲ့အမှတ်တရဓာတ်ပုံရိုက်ချင်တယ်ပြောပြီး အဖိုးတို့နဲ့ ဓာတ်ပုံရိုက်ခဲ့ပါသေးတယ်။ နှုတ်ဆက်ပြီးသူ ကားပေါ်တက်စဉ် တံခါးပိတ်ခါနီး အဖိုးရဲ့ခါးပတ်အိတ်ကိုစောင့်ဆွဲကာ ကားတံခါးနဲ့ အဖိုး လက်ညှပ်ပြီး တရွတ်တိုက်ပါသွားတယ်။

    ကားကိုလည်း တရကြမ်းမောင်းတယ်။ အနီးနားက လူတွေကလည်းလိုက်ကြပါတယ်။ လမ်းခုလပ်မှာ ဒဏ်ရာပြင်းထန်စွာနဲ့အဖိုးကျန်ရစ်ခဲ့ပါတယ်။

    ခါးပတ်အိတ်ကတော့ပါသွားတယ်။အိတ်ထဲမှာ passport,visa,နိုင်ငံခြားငွေ,မှတ်ပုံတင်၊ ဖုန်း ပါသွားတယ်။ လက်ထဲကVideo camera ကတော့ ပျက်စီးသွားပါတယ်။ မလေးရှားဆေးရုံမှာလည်းဆေးကုသမှုခံယူခဲ့ရပါတယ်။

    ရဲစခန်းမှာလည်းအမှုဖွင့်ခဲ့ပါတယ်။သံရုံးနဲ့ဆေးရုံကတာဝန်ရှိသူတွေ အစစအရာရာဂရုစိုက်ပေးကြတဲ့အတွက်လည်းကျေးဇူး အများကြီးတင်ပါတယ်။

    အတူသွားခဲ့တဲ့ဂန္တဝင်ရွှေပုဂံ travel & tours မှတာဝန်ရှိသူများ ခရီးသွားမိတ်ဆွေများ မလေးရောက်မိတ်ဆွေသူငယ်ချင်းများ အရမ်း ဂရုစိုက်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်။ အဖိုးကတော့ခုရန်ကုန်မှာဆေးကုသမှုခံယူနေတုန်းပါ။

    ဆီးချိုရောဂါလည်းရှိတော့အနာကျက်ဖို့အချိန်ယူရဦးမှာပါ။ ခါးပတ်အိတ်လုယူသွားတဲ့သူရဲ့ပုံလည်းတင်ပေးလိုက်ပါတယ်။ လူပုံစံကြည့်ပြီးယုံလို့လည်းမရပါဘူး ကူညီပေးလို့လည်း မရပါဘူး။

    ရိုးသားတဲ့အရင်းခံကူညီချင်တဲ့စိတ်ကြောင့် မသမာသူတွေရဲ့အသုံးချတာ အဖိုးခံလိုက်ရပါတယ်။

    ခရီးသွားအားလုံး ဘေးရန်ကင်းရှင်းကြပါစေ။

    (camera ထဲသူပုံပါနေတဲ့အတွက် camera ကိုပါ ယူဖို့ချဉ်းကပ်ကြပါသေးတယ် ဂိုဏ်းနဲ့ကို လုပ်နေကြတာပါ။ ဆူညံနေတာကိုလည်း ဂိတ်တံခါးလည်း မပိတ်ပေးကြပါဘူး)”

    ===========================

    (လုယက်ခံရသူ အဖိုးအိုမှာ မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင် တဦးဖြစ်ပါသည်။ ယခု အဖြစ်အပျက်ကို မသမာ သူများမှ လူမျိုးရေး၊ ဘာသာရေး လှုံဆော် အသုံးချမှာ စိုးရိမ်သဖြင့် ယခုကဲ့သို့ ဖြည့်စွက်ဖော်ပြရခြင်းဖြစ်ပါသည်။)
    M-Media သို့ စာမူများပေးပို့လိုလျင် [email protected] သို့ ဆက်သွယ်နိုင်ပါသည်။

  • မိတ္ထီလာအား ပြန်လည် ကုစားခြင်း

    မိတ္ထီလာအား ပြန်လည် ကုစားခြင်း

    အသွင်မတူသော လူအုပ်စုနှစ်စု၏ အကြမ်းဖက်မှုများဖြင့် တစ်စစီကြေမွခဲ့ရပြီးနောက် သုံးနှစ်အကြာတွင် မိတ္ထီလာမြို့မှာ ဘာသာပေါင်းစုံအပေါ် နားလည်ရန် အားပေးမြှင့်တင်သော ကြိုးပမ်းမှုများကြောင့် တစ်ဖြည်းဖြည်းခြင်း ပြန်လည် နလန်ထူလာလျက်ရှိသည်။

    Frontier Myanmar 1
    မိတ္ထီလာမြို့ ဗဟိုဈေး အနီးရှိ မွတ်ဆလင်တစ်ဦးပိုင် လက်ဖက်ရည်ဆိုင် တစ်ဆိုင်တွင် ဗုဒ္ဓဘာသာဝင်သုံးဦး ဝင်ရောက် ထိုင်လိုက်ကြပြီးနောက် တိတ်ဆက်ငြိမ်သက်စွာ စကားပြောဆိုလျက်ရှိသည်။ ထိုမြင်ကွင်းမှာ ဖုန်ထူသော ကုန်သွယ်ရေးမြို့တွင် ဘာသာမတူသူ လူအုပ်စုနှစ်စုအကြားရှိ အကြမ်းဖက်မှုများကြောင့် တုန်လှုပ်ခြောက်ခြားစေခဲ့ရသည့် လွန်ခဲ့သောသုံးနှစ် အချိန်ခန့်ကမူ တွေးကြည်၍ပင် မဖြစ်နိုင်သော မြင်ကွင်းမျိုးဖြစ်သည်။
    .
    အနှီလက်ဖက်ရည်ဆိုင်အတွင်းရှိ ယခုကဲ့သို့သောမြင်ကွင်းမှာ သွေးထွက် သံယိုမှုများကြောင့် ဖြစ်ပွားခဲ့ရသည့် မိတ္ထီလာ လူမှုအသိုင်းအဝိုင်း၏ စိတ်ဒဏ်ရာများအား တစ်ဖြည်းဖြည်းခြင်း ကုစားခဲ့ပြီးဖြစ်သည်ဟု ညွှန်းဆိုခဲ့ခြင်းလည်း ဖြစ်ပေသည်။
    .
    မိတ္ထီလာ၌ ၂၀၁၃ ခုနှစ်၊ မတ်လ ၂၀ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုမှာ မွတ်ဆလင်တစ်ဦးပိုင် ရွှေဆိုင် တစ်ဆိုင်အတွင်း အချင်းများမှုမှတစ်ဆင့် ပဋိပက္ခတစ်ခုအဖြစ်သို့ ကူးပြောင်းသွားခဲ့ရပြီးနောက် သံဃာတော်တစ်ပါး သတ်ဖြတ်ခံရပြီးနောက်တွင်မှု ထိန်းမနိုင်သိမ်းမရ အခြေအနေသို့ ရောက်ရှိသွားခဲ့ရသည်။ သုံးရက်ကြာဖြစ်ပွားခဲ့သည့် သွေးထွက် သံယိုမှုတွင် မီးရှို့မှုများနှင့် ဝင်ရောက်လုယက်ခြင်းများဖြစ်ပွားခဲ့ပြီး လူပေါင်း ၄၃ ဦး သေဆုံးခဲ့ရသည်။ အများစုမှာ မွတ်ဆလင်များဖြစ်ကြပြီး အိမ်များစွာမှာလည်း ပြာကျသွားခဲ့ကာ လူပေါင်း ၁၂,၀၀၀ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။
    .Frontier Myanmar 2
    မန္တလေးတိုင်းဒေသကြီးအတွင်းရှိ လူ ၁၀၀,၀၀၀ ခန့်နေထိုင်သော မိတ္ထီလာမြို့မှာ မွတ်ဆလင် အများအပြား နေထိုင်ရာ မြို့တစ်မြို့ဖြစ်သည်။ ရန်ကုန်၊ မန္တလေး၊ မြင်းခြံ၊ ကျောက်ပတောင်းနှင့် တောင်ကြီးမြို့တို့၏ လမ်းလေးဂွဆုံမြို့ ဖြစ်ပြီး မြန်မာနိုင်ငံအလယ်ပိုင်းတွင် အရေးပါသော ကုန်သွယ်ရေးဒေသတစ်ခုလည်း ဖြစ်သည်။
    .
    “ပဋိပက္ခဖြစ်ပွားပြီး တစ်လလောက်ပဲကြာတဲ့အချိန်မှာ ဘာသာပေါင်းစုံ လှုပ်ရှားဆောင်ရွက်မှုတွေကို ကျွန်တော်တို့ စတင်ဆောင်ရွက်ခဲ့ပါတယ်” ဟု မွတ်ဆလင်လူမှုအသိုင်းအဝိုင်း၏ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးဆန်းဝင်းရှိန်က လက်ဖက်ရည်ဆိုင်တစ်ဆိုင်တွင် Frontier က တွေ့ဆုံမေးမြန်းစဉ် ပြောကြားခဲ့သည်။
    .
    ဗုဒ္ဓဘာသာဝင် ဘုန်းတော်ကြီးများနှင့် မွတ်ဆလင်အမျိုးသားများ ပါဝင်သည့် အဖွဲ့သည် နေအိမ်မီးရှို့ခံခဲ့ရသည့် လူမှုအသိုင်းအဝိုင်းနှစ်ခုစလုံးမှ လူပုဂ္ဂိုလ်များနေထိုင်ရာ စခန်းသို့ သွားရောက်လည်ပတ်ခဲ့ကြသည်ဟုလည်း ၎င်းကဆိုသည်။
    .Frontier Myanmar 3
    “ကျွန်တော်တို့က အိုးမဲ့အိမ်မဲ့တွေနဲ့ စကားပြောခဲ့တယ်။ လိုအပ်တာတွေကို လှူဒါန်းခဲ့တယ်။ လူတွေက ကျွန်တော်တို့ကို [အတူတကွ] တွေ့မြင်ရတဲ့ အပေါ်မှာ အံ့သြခဲ့ကြတယ်” ဟုလည်း ၎င်းက ပြောသည်။
    .
    ဦးဆန်းဝင်းရှိန်၏ အဆိုအရ လူအုပ်စုနှစ်စုအကြားတွင် အကြမ်းဖက်မှုဖြစ်ပွားပြီးနောက် နှစ်လ၊ သုံးလကြာသည်အထိ တင်းမာမှုများ မြင့်မားခဲ့သည်။
    .
    “ခြောက်လလောက် ကြာတဲ့ခါမှာတော့ လူအနည်းငယ်ကလွဲပြီး ပုံမှန်အတိုင်း ပြန်ဖြစ်ခဲ့တယ်” ဟုလည်း ၎င်းကဆိုသည်။
    ဦးဆန်းဝင်းရှိန်မှာ မိတ္ထီလာတွင် အခြေစိုက်သည့် ဘာသာပေါင်းစုံ လှုပ်ရှားဆောင်ရွက်မှုများ မြှင့်တင်ရေးအဖွဲ့တစ်ဖွဲ့၏ ဒုဥက္ကဋ္ဌဖြစ်ပြီး အစိုးရက ဖွဲ့စည်းထားသည့် ခရိုင်အဆင့် ဘာသာပေါင်းစုံအဖွဲ့၏ ဒုတိယအတွင်းရေးမှူးလည်း ဖြစ်သည်။
    .
    “လူအုပ်စုနှစ်စုအကြားမှာ ကြောက်လန့်မှုတွေနဲ့ မလုံခြုံမှုတွေ တစ်ဝဲလည်လည် ဖြစ်နေခဲ့ပါတယ်” ဟုလည်း ၎င်းက ဆိုသည်။ “ကျွန်တော့်ရဲ့ အသက် ၈၀ အရွယ်မိခင်ဖြစ်သူကလည်း မိတ္ထီလာ ဇာတိဖွားတစ်ဦးပါ။ သူ့ဘဝမှာ အခုလို အဖြစ်အပျက်မျိုးကို တစ်ခါမျှ မကြုံခဲ့ဖူးပါဘူး” ဟု ၎င်း၏ အရင်းနှီးဆုံးသူငယ်ချင်းဖြစ်သူ၏ သားဖြစ်သူ အထက်တန်းကျောင်းသားတစ်ဦးလည်း သေဆုံးခဲ့ရသည့် အကြမ်းဖက်မှုအတွင်း အသက်ဆုံးရှုံးသွားခဲ့ရသူများ အတွက် ကြေကွဲဝမ်းနည်းလျက်ရှိသူ ဦးဆန်းဝင်းရှိန်က ပြောကြားသည်။
    .
    အဆိုပါအကြမ်းဖက်မှုသည် မိတ္ထီလာမြို့၏ စီးပွားရေးကို အနှောက်အယှက်ပေးခဲ့ပြီး ဗဟိုဈေးရှိ စီးပွားရေးလုပ်ငန်းများမှာလည်း သုံးပုံနှစ်ပုံခန့် ကျဆင်းသွားခဲ့ရသည်ဟု စိတ်ဒဏ်ရာ နှစ်သိမ့်ဆွေးနွေးမှုဆိုင်ရာ သင်တန်းတစ်ခုကို တက်ရောက်နေသည့် မြို့ခံတစ်ဦးဖြစ်သူ ကိုအောင်မျိုးထွဋ်က ဆိုသည်။
    .Frontier Myanmar 4
    အကြမ်းဖက်မှု၏ ရိုက်ခိုက်မှုအား ခံစားရဟန် မရှိသော်လည်း စိတ်ဒဏ်ရာများ ခံစားနေရသူများစွာ ရှိနေသေးဟု ၎င်းကဆိုသည်။
    .
    “သေလုမျောပါး ဒဏ်ရာရရခဲ့တဲ့ ကျွန်တော့်အသိ အမျိုးသားတစ်ဦးက လူကြားထဲမှာဆိုရင် သူအဆင်ပြေပါတယ်လို့ ပြောဆိုလေ့ရှိပေမယ့် သူ့ကို သီးသန့် နှစ်သိမ့်ဆွေးနွေးတဲ့အခါမှာ သူတွေ့ကြုံခဲ့ရတာနဲ့ ပတ်သက်ပြီး ပြင်းပြင်းထန်ထန် စိတ်လှုပ်ရှားပြီး ပြောလေ့ရှိပါတယ်” ဟု ကိုအောင်မျိုးထွဋ်က ပြောကြားခဲ့သည်။
    .
    မိတ္ထီလာမြို့တွင်းရှိ တင်းမာမှု လျော့ကျရေး ကြိုးပမ်းမှုများတွင် ပါဝင်ဆောင်ရွက်ခဲ့ပြီးဖြစ်သည့် ၈၈ မျိုးဆက်မှ တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သည့် ကိုထိန်လင်းခိုင်က ဗုဒ္ဓဘာသာနှင့် မွတ်ဆလင် အသိုင်းအဝိုင်းကြား ဆက်ဆံရေးများ တိုးတက်လာခဲ့ပြီ ဖြစ်သည်ဟုဆိုသည်။
    .
    ဥပမာအားဖြင့် ပဋိပက္ခအတွင်း ပျံလွန်တော်မူသွားခဲ့သည့် သံဃာတော်အား ပြင်းပြင်းထန်ထန် တိုက်ခိုက်မှုဖြင့် ထောင်ဒဏ် ချမှတ်ခံခဲ့ရသူတစ်ဦးမှာ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာခဲ့ပြီး မိတ္ထီလာသို့ ပြန်လည်ရောက်ရှိလာသည့် အချိန်မှ စတင်ကာ စော်ကားပြောဆိုခံရမှုများ သို့မဟုတ် ဖိနှိပ်ခံရမှုများ ကြုံတွေ့ရခြင်း မရှိခဲ့ဟု ၎င်းက ထောက်ပြခဲ့သည်။
    .
    “ကျွန်တော့်အမြင်အရ ပဋိပက္ခရဲ့ အကြောင်းအရင်းက ဘာလဲဆိုတာကို နှစ်ဖက်စလုံးက နားလည်ခဲ့ပြီဖြစ်လို့ ငြိမ်းငြိမ်းချမ်းချမ်း ပြန်ဖြစ်နေပါပြီ” ဟု မွတ်ဆလင်တစ်ဦး ငှားရမ်းထားသည့် နေအိမ်တစ်အိမ်တွင် အလှပြင်ဆိုင် ဖွင့်ထားသည့် ဗုဒ္ဓဘာသာဝင် မိသားစုတစ်စုမှ ကိုထင်လင်းခိုင်က ဆိုသည်။
    .
    သို့သော် လတ်တလော တိုးတက်မှုတွင် လူမှုအသိုင်းအဝိုင်းအတွင်းရှိ သဟဇာတဖြစ်မှုကို ထိန်းသိမ်းရန်အတွက် သွယ်ဝိုက်သော ညွှန်းဆိုမှုများလည်း ရှိနေဖွယ်ရှိသည်။
    .
    The Voice သတင်းဌာန၏ မိတ္ထီလာအခြေစိုက် သတင်းထောက်တစ်ဦးဖြစ်သူ ကိုကျော်စိုးမိုး၏ အဆိုအရ မဘသ၏ အဖွဲ့ခွဲတစ်ဖွဲ့ဖြစ်သည်ဟု ကျယ်ကျယ်ပြန့်ပြန့်ယုံကြည်ခြင်းခံထားရသည့် အမျိုးသားလုံခြုံရေးနှင့် ကာကွယ်ရေးကော်မတီဟု ၎င်းတို့ကို၎င်း ခေါ်ဆိုနေသောအဖွဲ့အား လွန်ခဲ့သောတစ်လခန့်က ဖွဲ့စည်းခဲ့သည်။ မဘသဆိုသည်မှာ အမျိုးဘာသာ သာသနာ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ဟုဆိုသည့် ဗုဒ္ဓဘာသာ အမျိုးသားရေး အစွန်းရောက် အဖွဲ့အစည်းတစ်ခု ဖြစ်သည်။
    .
    ဝါဒမှိုင်းတိုက်သော စကားများဖြန့်ဖြူးနေသည့် အခမ်းအနားများအား မိတ္ထီလာမြို့၌ တစ်လလျင် တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်ခန့် ကျင်းပခဲ့သည်ဟုလည်းမိတ္ထီလာဒေသခံများကဆိုသည်။
    .
    ထိုအခမ်းအနားများမှာ ဘာသာမတူသူ လူအုပ်စုအကြားတွင် အမုန်းတရားများ ဖြစ်ပေါ်စေခဲ့သည်ဟု ဦးဆန်းဝင်းရှိန်က ပြောဆိုခဲ့သော် လည်း ကိုထိန်လင်းခိုင်၏ အဆိုအရ ထိုအခမ်းအနားများကို စိတ်ဝင်စားသူ အရေအတွက်မှာ လျော့ကျသွားခဲ့ပြီးဖြစ်သည်။
    .
    မိတ္ထီလာမှာ ပြီးခဲ့သည့်နှစ် နိုဝင်ဘာရွေးကောက်ပွဲ၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီကို ရှုံးနိမ့်ခဲ့ရသည့် ရှားရှားပါးပါး မဲဆန္ဒနယ်တစ်နယ်ဖြစ်ပြီး ၂၀၁၃ ခုနှစ်၊ မတ်လက ဖြစ်ရပ်မှာ ထိုရလဒ်ကို ဖြစ်ပေါ်စေသော အကြောင်းအရင်းတစ်ရပ်ဖြစ်သည်။
    .
    ၂၀၁၂ ခုနှစ်၊ ကြားဖြတ်ရွေးကောက်ပွဲတွင် လွှတ်တော်အမတ်နေရာ တစ်နေရာကို အနိုင်ရရှိခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ထင်ရှားသော အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးဝင်းထိန်ကမူ မိမိအနိုင်ရရှိပြီးနောက် တစ်နှစ်အကြာတွင် ဖြစ်ပွားခဲသည့် သွေးထွက်သံယိုမှုက ၎င်းအား “မိတ္ထီလာမြို့ခံတစ်ဦး ဖြစ်ရခြင်းအတွက် အရှက်ရစေခဲ့ရပြီး” နိုဝင်ဘာရွေးကောက်ပွဲ တွင် ထပ်မံယှဉ်ပြိုင်ခြင်း မပြုခဲ့ဟု ပြောကြားသည်။
    .Frontier Myanmar 5
    မိတ္ထီလာမြို့တွင် ရှုံးနိမ့်ခဲ့ရသည့် အခြားသူတစ်ဦးမှာ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီဝင် ဒေါ်ခင်ဝိုင်းကြည်ပင် ဖြစ်သည်။ ၎င်းမှာ ယခင်က ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ် (၁) အား ကိုယ်စားပြုခဲ့ပြီး ဘာသာကူးပြောင်းခြင်းဆိုင်ရာဥပဒေအား လွှတ်တော်တွင် အဆိုပြုခဲ့သူဖြစ်သည်။
    .
    မိတ္ထီလာမြို့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရှုံးနိမ့်ခဲ့ရခြင်းအတွက် အကြောင်းရင်းအမျိုးမျိုး ပေါ်ထွက်ခဲ့သည်။
    .
    ကိုကျော်စိုးမိုးကမူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် မိတ္ထီလာရှိ မဲရုံများတွင် အနိုင်ရရှိခဲ့သော်လည်း ကျေးရွာများတွင် မဲအပြတ်အသတ်ဖြင့် ရှုံးနိမ့်သွားခဲ့ရသည်ဟု ဆိုသည်။
    .
    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနိုင်ရရှိခဲ့ပါက တိုင်းပြည်အား မွတ်ဆလင်များ လွှမ်းမိုးသွားလိမ့်မည်ဆိုသော အန်(န်)အယ်လ်ဒီ ဆန့်ကျင်ရေးလှုပ်ရှားမှု၏ လွှမ်းမိုးမှုကို ကျေးလက်ဒေသများရှိ မဲဆန္ဒရှင်များ ခံခဲ့ရသည်ဟု ၎င်းက ယုံကြည်ထားသည်။
    .
    ကိုထိန်လင်းခိုင်ကမူ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ အောင်နိုင်ရေး လှုပ်ရှားမှုမှာ ထိရောက်မှုမရှိသောကြောင့် ရှုံးနိမ့်ခဲ့ရခြင်းဖြစ်သည်ဟု ဆိုသည်။
    .
    ၂၀၁၃ ခုနှစ်တွင်ဖြစ်ပွားခဲ့သည့် အကြမ်းဖက်နှင့်ပတ်သက်၍ မိတ္ထီလာမြို့တွင် ပြုလုပ်ခဲ့သည့် အင်တာဗျူးအား ဖြေကြားခဲ့သူများအားလုံးက ထိုအကြမ်းဖက်မှုအား ရည်ရွယ်ချက်ရှိရှိ စီစဉ်ခဲ့ခြင်းဖြစ်သည်ဟု ယုံကြည်ခဲ့ကြသည်။
    .
    “ဒီပဋိပက္ခနောက်ကွယ်ကနေ ကြိုးကိုင်ခြယ်လှယ်နေတဲ့ ပဉ္စလက် လက်တစ်ချောင်းရှိပါတယ်” ဟု အကြမ်းဖက်မှု ဖြစ်ပွားနေစဉ် မိမိ၏ ကျောင်းပရဝုဏ်အတွင်း၌ မွတ်ဆလင် ၈၀၀ ခန့်အပါအ၀င် လူပေါင်း ၁,၀၀၀ ကျော် ခိုလှုံနိုင်ရန် နေရာထိုင်ခင်းများ စီစဉ်ပေးခဲ့သည့်အတွက် ကျယ်ကျယ်ပြန့်ပြန့် ချီးမွှမ်းခံခဲ့ရသည့် ဆရာတော် ဦးဝိသုဒ္ဓက မိန့်ကြားခဲ့သည်။
    .
    အကြမ်းဖက်မှုများမဖြစ်ပွားမီအချိန်က မိတ္ထီလာရှိ ဗုဒ္ဓဘာသာနှင့် မွတ်ဆလင်အသိုင်းအဝိုင်းအကြား မိသားစုဝင်များကဲ့သို့ အတူကွနေထိုင်ခဲ့ကြသည်ဟု ဆရာတော်က မိန့်ကြားသည်။
    .
    “သူတို့က [မွတ်ဆလင်များ] ဒီနေရာမှာ ရာစုနှစ်များစွာ နေထိုင်ခဲ့ကြတာပါ” ဟုလည်း ဆရာတော်က မိန့်ကြားခဲ့သည်။
    .
    “ပုံမှန်အခြေအနေ တစ်ရပ်မှာဆိုရင် ပဋိပက္ခဖြစ်လာစရာ အကြောင်းမရှိပါဘူး။ ဖြစ်ရတဲ့ အကြောင်းအရင်းကလည်း ရည်ရွက်ချက်ရှိရှိ လုပ်ခဲ့လို့ပါ” ဟု ဆရာတော်က မှတ်ချက်ပြုခဲ့သည်။
    .
    နှစ်ဖက်စလုံးမှ လူပုဂ္ဂိုလ်များအတွက် မိမိကျောင်းဝင်းထဲတွင် နေရာထိုင်ခင်းစီစဉ်ပေးပြီးနောက် နာရီပိုင်းမျှအကြာတွင် အတူတကွ စကားပြောဆိုခြင်းများနှင့် စားနပ်ရိက္ခာများ ဝေမျှ စားသောက်ခဲ့ရသည်ဟုလည်း ဆရာတော်က မိန့်ကြားခဲ့သည်။
    .
    ပညာရေးမှာ နားလည်မှုတည်ဆောက်ခြင်းနှင့် ပဋိပက္ခရှောင်ရှားခြင်းအတွက် အကောင်းဆုံး နည်းလမ်းဖြစ်သည်ဟုလည်း ဆရာတော်က မှတ်ချက်ပြုခဲ့သည်။ ဆရာတော်မှာ မိတ္ထီလာမြို့ရှိ ဗုဒ္ဓဘာသာ၊ မွတ်ဆလင်၊ ခရစ်ယာန်နှင့် ဟိန္ဒိုအသိုင်းအဝိုင်းမှ ကလေး ၁၅ ဦးစီအား အတူတကွ ပညာသင်ပေးခြင်းကိုလည်း အခြားဘာသာရေး ခေါင်းဆောင်များနှင့်အတူ ဆောင်ရွက်လျက်ရှိသည်။
    .
    တင်းမာမှုများ လျော့ကျသွားပြီဖြစ်သော်လည်း အကြမ်းဖက်မှုဖြစ်စဉ်အတွင်း လူများစွာကြုံတွေ့ခဲ့ရသည့် စိတ်ဒဏ်ရာများမှ ပြသနေသည်မှာ ၎င်းတို့အနေဖြင့် ပုံမှန်ဘဝများသို့ ပြန်လည်ရောက်ရှိနိုင်ဖွယ် နည်းပါးသည်ဟူ၍ပင် ဖြစ်သည်။
    .
    လူမှုအသိုင်းအဝိုင်းအတွင်း အပြန်အလှန် နားလည်မှုကို အားပေးမြှင့်တင်ရန်ပြုလုပ်သည့် ဘာသာပေါင်းစုံ လှုပ်ရှားမှု အကြောင်းအား လက်ဖက်ရည်ဆိုင်တွင် ဦးဆန်းဝင်းရှိန်က Frontier ကို ပြောကြားနေသည့် စကားဝိုင်းသို့ အခြားမိတ္ထီလာ မြို့ခံတစ်ဦးဖြစ်သည့် ကိုမင်းအောင်လည်း ဝင်ရောက်လာသည်။
    .
    “တစ်ဖက်နဲ့ တစ်ဖက်အကြားမှာ ရန်ငြိုးအချို့ ရှိနေတုန်းပါပဲ” ဟု မငြိမ်မသက်မှုအတွင်း တိုက်ခိုက်ခံခဲ့ရသည့်အတွက် ဦးခေါင်းတွင် ဒဏ်ရာရရှိကာ ဆေးရုံတွင် ကုသမှု ခံခဲ့ရသည့် ကိုမင်းအောင်က ဆိုသည်။ ဆေးရုံတွင် ၎င်းရှိနေခြင်း၏ အကျိုးဆက်များကို ဝန်ထမ်းများက ကြောက်လန့်နေသည့်အတွက် ကုသမှုခံယူပြီးနောက်တွင် ဆေးရုံမှ ထွက်သွားပေးရန် ပြောကြားခြင်း ခံခဲ့ရသည်ဟုလည်း ၎င်းကဖြည့်စွက် ပြောကြားခဲ့သည်။
    .
    မြို့နေလူထုသည် မငြိမ်မသက်မှုများ ပေါ်ပေါက်စေမည့် အခြားမတော်တဆဖြစ်ရပ်တစ်ခု ပေါ်ပေါက်လာနိုင်ဖွယ် ရှိသည့်အပေါ်တွင်လည်း စိုးရိမ်ပူပန်လျက်ရှိသည်ဟု ကိုမင်းအောင်က ဆိုသည်။
    .
    “တရားဥပဒေစိုးမိုးမှုနဲ့ တရားမျှတမှုမရှိဘူးဆိုရင် ပဋိပက္ခတွေထပ်ဖြစ်ပြီး တစ်နိုင်ငံလုံးကို ပျံ့နှံ့သွားမယ့်အပေါ်မှာ ကျွန်တော်စိုးရိမ်ပါတယ်” ဟုလည်း ၎င်းကပြောသည်။
    .
    ကျော်ဖုန်းကျော် ရေးသားသည်။
    အောင်မင်း ဘာသာပြန်သည်။
    ဓာတ်ပုံများ – ယုယုမြင့်သန်း / အသွင်ကူးပြောင်းမှုအား ပုံဖော်ကြည့်ခြင်း
    .
    Frontier Myanmar မှ ကူးယူဖော်ပြပါသည်။
    .
    http://frontiermyanmar.net/mm/news/1620
    ——————————
    စာရေးသူ ကျော်ဖုန်းကျော်သည် လွန်ခဲ့သည့် ငါးနှစ်က သတင်းသမားဘဝကို ယူနတီ သတင်းဂျာနယ်မှ စတင်ခဲ့သည်။ ရေဒီယိုအစီအစဉ် ထုတ်လုပ်တင်ဆက်သူ၊ အလွတ်တန်း သတင်းသမားအဖြစ်လည်း လုပ်ခဲ့သေးသလို ရုပ်သံသတင်းထောက်လည်း လုပ်ဖူးသည်။ မဇ္ဈိမတွင် တာဝန်ခံစာတည်းအဖြစ် လုပ်ခဲ့ပြီး မြန်မာတိုင်းမ်သို့ ပြောင်းရွှေ့ခဲ့သည်။ ယခု Frontier သတင်းမဂ္ဂဇင်း၌ အကြီးတန်းသတင်းထောက်အဖြစ် တာဝန်ထမ်းဆောင်နေသည်။

  • ကိုယ်ချင်းစာတက်ကြပါစေ (ကဗျာ)

    ကိုယ်ချင်းစာတက်ကြပါစေ (ကဗျာ)

    13012617_242222606165836_7252693284853674323_n
    ဘာသာမတူ
    လူမျိုးမတူလဲ
    ညီလေးမင်းဟာ
    လူထဲကလူပါကွာ။

    ခိုးဝင်ပဲဖြစ်ဖြစ်
    ခိုးသွင်းပဲဖြစ်ဖြစ်
    ညီလေးမင်းဟာလူဆိုတာ
    ဘယ်မှာမှမှတ်ပုံတင်စရာမလိုဘူး
    မင်းအတွက်လဝကမလိုဘူး
    နယ်စပ်ဂိတ်မရှိဘူး
    မင်းမှာမွေးကတည်းက
    လောကကြီးကမင်းအတွက်
    လူဆိုတဲမှတ်ပုံတင်ပေးပြီးသားပါ။

    ဘာသာမတူလည်း
    နှလုံးသားတူဖို့ပဲလိုတယ်
    အသားဖြူ ဖို့မလိုဘူး
    စိတ်ထားဖြူ ဖို့ပဲလိုတယ်။

    မင်းဟာလူထဲကလူဆိုတာ
    ငါတို့အားလုံးအသိမှတ်ပြုပါတယ်။

    ဝမ်းနည်းစွာဖြင့်
    နိုင်ရဲဝေ(ပလိပ်)
    ——————————
    ရခိုင်ပြည်နယ်မှ စက်လှေမှောက်သေဆုံးသွားသော
    အစ္စလမ်ဘာသာဝင် ကလေးငယ်အတွက်

    စာရေးသူ၏ FB စာမျက်နှာမှ ကူးယူဖော်ပြပါသည်။
    မူရင်း Link
    https://www.facebook.com/photo.php?fbid=242222606165836&set=a.138041473250617.1073741827.100011342957294&type=3&theater

  • ပစ္စည်းသိမ်းခံ မွတ်စလင် ဈေးသည်များအား ဗုဒ္ဓဘာသာနှင့် အစ္စလာမ်ဘာသာဝင်များ ပူးပေါင်းပြီး ထောက်ပံ့

    ပစ္စည်းသိမ်းခံ မွတ်စလင် ဈေးသည်များအား ဗုဒ္ဓဘာသာနှင့် အစ္စလာမ်ဘာသာဝင်များ ပူးပေါင်းပြီး ထောက်ပံ့

    ဧပြီ ၂၁၊ ၂၀၁၆
    M-Media
    သတင်း-သီဟ
    M-Media(for web)
    – ရွှေတိဂုံစေတီအနီးမှာ ဈေးရောင်းလို့ ရိုက်နှက် မောင်းထုတ်ခံရကာ ပစ္စည်းတွေအသိမ်းခံလိုက်ရတဲ့ မွတ်စလင်ဈေးသည်တွေကို ဗုဒ္ဓဘာသာဝင်တွေက နှစ်သိမ့်အားပေးကာ ထောက်ပံ့ငွေများ ပေးအပ်ခဲ့တယ်လို့ အစ္စလာမ်သာသနာရေးရာကောင်စီက
    တာဝန်ရှိသူဖြစ်တဲ့ ဦးတင်မောင်သန်းရဲ့ Facebook စာမျက်နှာမှာ ရေးသား ဖော်ပြချက်အရ သိရပါတယ်။

    ပြီးခဲ့ရက်ပိုင်းအတွင်းက ဖြစ်ပွားခဲ့တဲ့ အဲဒီအဖြစ်အပျက်မှာ မျိုးချစ်ရဟန်းတော်များသမဂ္ဂဆိုတဲ့ အဖွဲ့က ဘုန်းကြီးတွေ ဦးဆောင်တဲ့ အဖွဲ့ဟာ အနည်းဆုံး မွတ်စလင်ဈေးသည် ၃ ဦးကို မောင်းထုတ်ကာ ကျပ်သိန်းချီ တန်ဖိုးရှိတဲ့ ပစ္စည်းတွေကို သိမ်းယူခဲ့တာဖြစ်ပြီး

    ဈေးသည်တွေကို ထိုးကြိတ်ကန်ကျောက်မှုတွေလည်း ပြုလုပ်ခဲ့ပါတယ်။

    အင်တာနက်စာမျက်နှာမှာ အလျင်အမြန်ပြန့်နှံ့သွားတဲ့ ဒီကိစ္စကို ဗုဒ္ဓဘာသာဝင်အများစုက ရှုတ်ချခဲ့ပြီး၊ တရားဥပဒေစိုးမိုးရေးကို စိန်ခေါ်နေတဲ့ ဒီလုပ်ရပ်တွေကို အရေးယူပေးဖို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရထံ ပေးပို့မယ့် တင်ပြလွှာအတွက်
    အွန်လိုင်းကနေ လက်မှတ်ကောက်ယူမှုတွေလည်း ပြုလုပ်ခဲ့ပါတယ်။

    ဧပြီ ၂၁ ရက် (ယနေ့) နေ့လည် ၃ နာရီခွဲမှာ ပစ္စည်းတွေအသိမ်းခံခဲ့ရတဲ့ အစ္စလာမ်ဘာသာဝင် ၃ ဦးကို ဗုဒ္ဓဘာသာဝင်များ ဦးဆောင်တဲ့ အဖွဲ့က သွားရောက်တွေ့ဆုံ အားပေးစကား ပြောကြာခဲ့ပြီး ခါးပတ်ရောင်းချသူ ကိုရဲကိုကို ကို ထောက်ပံ့ငွေ
    ၄ သိန်း၊ ဒံပေါက်ရောင်းသူ မွတ်စလင်တစ်ဦးကို ၅ သိန်း၊ ဖုန်း အပိုပစ္စည်းရောင်းချသူကို ၈ သိန်း အသီးသီး ပေးအပ်ခဲ့တာပါ။

    အဲဒီ ထောက်ပံ့ငွေတွေကို ဗုဒ္ဓဘာသာဝင်တွေက မ,တည်ခဲ့တာဖြစ်ပြီး အစ္စလာမ်ဘာသာဝင်အချို့ကလည်း ပံ့ပိုးကူညီပေးခဲ့ကြတယ်လို့ ဦးတင်မောင်သန်းရဲ့ Facebook စာမျက်နှာမှာ ရေးသားဖော်ပြထားပါတယ်။ အားပေးစကားပြောကြားပြီး

    ထောက်ပံ့ငွေတွေပေးအပ်ခဲ့တဲ့ မှတ်တမ်းဓာတ်ပုံတွေကိုတော့ ကာယကံရှင်တွေရဲ့ မေတ္တာရပ်ခံချက်ကြောင့် မတင်ခဲ့တာဖြစ်တယ်လို့လည်း ထည့်သွင်းရေးသားထားပါတယ်။