News @ M-Media

Author: editor

  • လတ်တလော ဘာသာရေးပြသနာများနှင့် ပတ်သက်ပြီး ကရင်ပြည်နယ် သာသနာရေး ဝန်ကြီး ဦးမင်းတင်ဝင်းနှင့် RFA ဆက်သွယ်မေးမြန်းချက်

    လတ်တလော ဘာသာရေးပြသနာများနှင့် ပတ်သက်ပြီး ကရင်ပြည်နယ် သာသနာရေး ဝန်ကြီး ဦးမင်းတင်ဝင်းနှင့် RFA ဆက်သွယ်မေးမြန်းချက်

    13015188_10207943101809802_7239836922897619700_n
    မေး – အင်္ဂလိကန်ခရစ်ယာန်ဘုရားကျောင်းဝင်းအတွင်းမှာ စေတီတည်တဲ့ကိစ္စကို ဒေသခံတွေကလည်း ကန့်ကွက်မှုရှိနေတော့ ၀န်ကြီးတို့ အစိုးရအဖွဲ့အနေနဲ့ဘာတွေများ စီစဉ်ဆောင်ရွက်သွားဖို့တွေများ ရှိနေပါသလဲရှင်။
    .
    ဖြေ –  ကွမ်းတောကျေးရွာမှာကို အင်္ဂလိကန် ဘုရားရှိခိုးကျောင်းမှာ စေတီတော်တည်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့မှ ကျွန်တော်တို့ အစိုးရအဖွဲ့အနေနဲ့က ပြည်နယ်သံဃာ့နာယကအဖွဲ့၊ မြို့နယ်သံဃာ့နာယကအဖွဲ့၊ ပြည်နယ်အစိုးရအဖွဲ့၊ အဲ့ဒီကနေပြီးတော့ ဆရာတော်ဆီကို မေတ္တာရပ်ခံစာ ပေးပို့ပါတယ်။ သင်္ကြန်မတိုင်ခင်အချိန်ကပေါ့။ သူနဲ့အလွန်ရင်းနှီးတဲ့ဒကာနဲ့ စာတစ်စောင် ပေးခိုင်း ပါတယ်။ စာရောက်တယ်လို့လည်း ပြောပါတယ်။ ဒါပေမယ့် ဆရာတော်ဘုရားဆီက ဘာအကြောင်းပြန်ချက်မှ မရပါဘူး။ မရဘဲနဲ့ အခုလို ၂၃ ရက်နေ့မှာ ဘုရားထီးတင်လိုက်တယ်ဆိုတဲ့ အခြေအနေအထိကို ရောက်သွားပါတယ်။ ရောက်သွားတော့ ကျွန်တော်တို့က တျွန်တော်တို့အစိုးရအဖွဲ့ရဲ့ သဘောထားကို သွားပြောပြတယ်။ ကျွန်တော်တို့ကတော့ ပွတ်တိုက်မှု မဖြစ်စေချင်ဘူး၊ ခရစ်ယာန်ကရင်နဲ့ ဗုဒ္ဓဘာသာကရင်နဲ့ကြားထဲမှာ ပဋိပက္ခတစ်စုံတစ်ရာဖြစ်တဲ့အဆင့်ကို ရောက်သွားရင် လမ်းလွဲကုန်မယ်။ အဲ့ဒါမျိုး မဖြစ်အောင် ထိန်းသိမ်းလုပ်ဖို့ ကျွန်တော်တို့ပြောတဲ့နေရာမှာ ဆရာတော်က မရှိဘူး။ ကျွန်တော်တ့က အကျူးကျော်ခံနေရတဲ့ ခရစ်ယာန် ဘာသာဝင်တွေနဲ့ သူတို့ရဲ့ဆရာကိုပဲ ကျွန်တော်တို့ပြောရတဲံသဘောမျိုး ဖြစ်နေတယ်။ အစိုးရအဖွဲ့သဘောထားကတော့ ဘယ်ကြိုက်မလဲလေ။ ဒီလိုလုပ်ငန်းမျိုးက ကျွန်တော်တို့ပြည်နယ်အတွင်းထဲမှာ ဘာသာရေးအရ ပဋိပက္ခဖြစ်မယ့်အလုပ်တွေကို ကျွန်တော်တို့ သဘောတူမှာမဟုတ်ပါဘူး။ ကြိုတင်ကာကွယ်တဲ့ကြားက မဖြစ်ဖြစ်အောင်ဖြစ်သွားတာပါ။ ကျွန်တော်တို့ပြည်ထောင်စု အစိုးရဆီကိုတော့ အစီရင်ခံစာတင်ထားပြီးတော့ ပြည်ထောင်စုအစိုးရရဲ့လမ်းညွှန်မှုကို စောင့်နေပါတယ်။
    .
    မေး – ဒီ မြိုင်ကြီးငူဆရာတော်အနေနဲ့ပေါ့နော်။ ဒီလှိုင်းဘွဲ့မြို့နယ် အမှတ် ၅ ရပ်ကွက်က မွတ်စ်လင်မ်တွေနေတဲ့ လမ်းအလယ်မှာ လည်း စေတီတည်ဖို့ စီစဉ်နေတယ်ဆိုပြီးတော့လည်း ကျွန်မတို့ ကြားရတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ရော ၀န်ကြီးတို့ အစိုးရဖက်က ဆောက်လုပ်ခွင့်ပေးသွားဖို့များ ရှိသလားရှင့်။
    .
    ဖြေ – အစ္စလာမ်ဘာသာဝင်တွေရဲ့ ဗလီဝင်းထဲမှာ ဘုရားဆောက်တည်ခွင့် ကျွန်တော်တို့ မပေးပါဘူး။ မပေးတဲ့အပြင် အဲ့ဒီဗလီဘေးမှာ ဆိုက်ကားတစ်စင်းလောက်သွားနိုင်တဲ့လမ်းကြားလေးတစ်ခုရှိတယ်။ အဲ့ဒီလမ်းကြားထဲမှာ ဘုရားဆင်းတုမြှုပ်ထားတယ်ဆိုတဲ့ သဘောမျိုး။ အဲ့ဒါ ဗလီအဖွဲ့တွေကရော ရွှေဂွန်းက ဗုဒ္ဓဘာသာတွေကရော တိုင်ပါတယ်။ ခုလောလောဆယ် အဲ့ဒီနေရာကို ရွေဂွန်းမှာရှိတဲ့ အစ္စလာမ်ဘာသာဝင်တွေက အဲ့ဒီအပေါ်ကို တိုင်ကီပြတ်နှစ်လုံး၊ အဲ့ဘေးနားက သစ်သားတိုင်တွေနဲ့ သေချာ အကာအရံလုပ်ထားတယ်။ ဆိုလိုတဲ့သဘောက အဲ့ဒီမှာရှိတဲ့ဆင်းတုတော်ကို တစ်ယောက်ယောက်က ဖော်သွားလိုက်ရင် – ဒီကုလားတွေ ဖော်တယ် ဆိုပြီးတော့မှ ပြဿနာရှာကြပြန်ရင် ဒီအခါ အစ္စလာမ်နဲ့ ဗုဒ္ဓဘာသာ ပဋိပက္ခဖြစ်ရောပေါ့။
    .
    မေး – ၀န်ကြီးတို့လည်းပေါ့နော်။ ဒီလှိုင်းဘွဲ့မြို့နယ်အတွင်းမှာ ဒီခရစ်ယာန်ဘုရားကျောင်းဝင်းအတွင်းမှာ စေတီတည်တဲ့ကိစ္စ၊ မွတ်စ်လင်မ်တွေနေတဲ့လမ်းထဲမှာ စေတီတည်ဖို့ စီစဉ်နေတဲ့ကိစ္စနဲ့ပတ်သက်ပြီး မလုပ်ဖို့လည်း မြိုင်ကြီးငူဆရာတော်ကို လျှောက်ထားတာရှိတယ်။ ဒါပေမယ့် ဒီကွမ်းတောကျေးရွာက ဒီခရစ်ယာန်ကျောင်းဝင်းအတွင်းမှာဆိုရင် ထီးတင်ပွဲတောင် ပြီးသွားပြီဆိုတော့ ဒီအခြေအနေတွေကို ဘယ်လိုကိုင်တွယ်သွားဖို့တွေများ ရှိမလဲရှင်။
    .
    ဖြေ – ကျွန်တော်တို့ ဒီမနက်မှာ အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ အစည်းအဝေးလုပ်ပါတယ်။ ကျွန်တော်တို့ ထုတ်ဖော်ပြောခွင့် မရှိသေးလို့ပါ။ ကျွန်တော်တို့ကတော့ ဒါနဲ့ပတ်သက်ပြီးတော့ တော်တော်လေး အပူတပြင်း ဆောင်ရွက်နေပါတယ်။ ကျွန်တော်တို့ ကရင်ပြည်နယ်မြို့တော့ အများအားဖြင့် ခွင့်လွှတ်စာနာသနားတတ်တဲ့ စိတ်ထားမျိုးတွေ ရှိကြတယ်။ ပဋိပက္ခအသွင်ဆောင်တဲ့ အဆင့်အထိတော့ ရောက်ဖို့ နည်းနည်း နည်းမယ်ထင်တယ်။ အဲ့ဒါ သူတို့စိတ်ဓာတ်အခံက ကောင်းလို့ပါ။ ကျွန်တော်တို့လည်း ၀ိုင်းဝန်းကြမှာပါ။
    .
    မေး – လက်ရှိအစိုးရမတိုင်ခင်ကပေါ့၊ ပြီးခဲ့တဲ့အစိုးရသက်တမ်းအတွင်းကလည်း ဒီဖားအံမြို့နယ်က ခရစ်ယာန်ကျောင်းဝင်းအတွင်းမှာ ဒီလိုစေတီတည်တဲ့ကိစ္စမျိုးတွေ ရှိခဲ့ဖူးတယ်ဆိုတဲ့ သတင်းတွေလည်း ကြားရပါတယ်။
    .
    ဖြေ – ကြားကြမှာပါ။ ဟုတ်ပါတယ်။
    .
    မေး – အဲ့ဒီအခြေအနေကရော ခုလက်ရှိအနေအထားမှာ ဘယ်လိုများရှိသလဲ။
    .
    ဖြေ – ဒီကိစ္စကတော့ အဲ့ဒီမြေတွေကို မြိုင်ကြီးငူဆရာတော်က စေတီတည်သွားပြီးတော့ အဲ့ဒီတစ်ခြမ်းခြမ်း လိုက်ပြီးတော့ စေတီကို လှူလိုက်တယ်။ နေရာကိုဖယ်ထုတ်လိုက်တယ်။ အဲ့လိုမှမလုပ်ရင်လည်း ဘယ်လိုမှ ပြတ်နိုင်တဲ့ အခြေအနေမရှိလို့ပါ။ အဲ့ဒါ ကျွန်တော်တို့လုပ်ခိုင်းတာမဟုတ်ဘူး။ သူတို့ဖာသာသူတို့ လုပ်ကြတာပါ။ အခု ဘာသာပေါင်းစုံအဖွဲ့ကလည်း ဘယ်လိုလုပ်ရမလဲလို့ အကြိတ်အနယ်ကြိုးစားနေကြတယ်။ သူတို့အားလုံးက ပဋိပက္ခကို မဖြစ်စေချင်ပါဘူး။
    .
    မေး – အစိုးရအဖွဲ့ကရော ဒါတွေကို ပိုင်နက်ကျူးလွန်မှုနဲ့ အရေးယူဆောင်ရွက်မှုတွေများ ရှိလာနိုင်မလားရှင့်။
    .
    ဖြေ – ကျွန်တော်တို့ အဲ့ဒီလို အရေးယူလို့ရတဲ့အနေအထားမျိုးက ကျွန်တော်တို့မှာ ပြည့်ပြည့်စုံစုံ ရှိပါတယ်။ ရှိပေမယ့် ကျွန်တော်တို့လုပ်လိုက်တဲ့ပြဿနာကို ကျွန်တော်တို့ကြောင့် ပွတ်တိုက်မှု ပိုပြီးတော့ကြီးလာတာမျိုး မဖြစ်အောင်လို့တော့ ကျွန်တော်တို့ သတိကြီးကြီးထားပြီးတော့ ကိုင်ဆောင်နေပါတယ်။
    .
    မေး – ၀န်ကြီး အခုလို အချိန်ပေးပြီး ဖြေပေးတဲ့အတွက် RFA  က ကျေးဇူးတင်ပါတယ်ရှင်။
    .
    ဖြေ – ဟုတ်ကဲ့ပါ။

  • လွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံပွဲမှ သင်္ဃန်းကျွန်း ပြည်သူလူထုရဲ့ အသံ

    လွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံပွဲမှ သင်္ဃန်းကျွန်း ပြည်သူလူထုရဲ့ အသံ

    ဧပြီ ၂၄ ၊ ၂၀၁၆
    M-Media
    ပေးပို့သူ- သင်္ဃန်းကျွန်းသား
    .13010642_1557543704538942_3351283926917929049_n
    ရန်ကုန်တိုင်းဒေသကြီး တွင် မြို့နယ်ပေါင်း ၄၅ မြို့နယ်ရှိပါတယ် သင်္ကန်းကျွန်းမြို့နယ်တွင် ရပ်ကွက်ပေါင်း ၃၈ ရပ်ကွက်ရှိပါတယ် ပြီးခဲ့တဲ့ ၂၀၁၅ နိုဝင်ဘာ ၈ ရက် ပါတီစုံရွေးကောက်ပွဲကြီးတွင် ၃၈ ရပ်ကွက်က ရွေးကောက်တင်မြှောက်လိုက်သော  ရွေးကောက်ပွဲအနိုင်ရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဆရာဦးရွှေလှဝင်း တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် မဲဆန္ဒနယ်အမှတ် ၂ မှ ဦးမောင်မောင်ဦး မဲဆန္ဒနယ် အမှတ် ၁ ကိုနေဘုန်းလတ် သင်္ကန်းကျွန်းမြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်လွင် မြို့နယ်အထောက်အကူပြုအဖွဲ့ဥက္ကဌအဖွဲ့ဦးခင်ဝေ နှင့် ရပ်ကွက်ပြည်သူလူထု ၂၀၀ ကျော် တက်ရောက်ခဲ့သည် ထိုအခမ်းအနားကို   သင်္ကန်းကျွန်းမြို့နယ် ကျိုလီယာမွတ်စလင် သာသနာ့ရံပုံငွေအဖွဲ့(ခ)ရပ်ကွက် သုခ အဖွားများဂေဟာ မင်္ဂလာခမ်းမတွင် ကျင်းပပြုလုပ် ခဲ့ပါသည် ခ ရပ်ကွက် NLD လူငယ်များက ဦးဆောင်ခဲ့ပါတယ်
    .
    တက်ရောက်လာသော ပြည်သူလုထု ၂၀၀ ကျော်သွားသည် ခန်းမ ပြည့်လျှံသွားခဲ့သည် လွှတ်တော်ကိုယ်စားလှယ်ကြီးများကို မိမိတို့ရင်ဆိုင်ကြုံတွေ့နေရသော အခက်အခဲ အကြပ်အတည်းများကို တင်ပြကြရာဝယ် ပြည်သူ့ကိုယ်စားလှယ်များ က  ပြည်သူ့အသံများကို စနစ်တကျ အသံFile များနဲ့ပါ မှတ်တမ်းတင်ခဲ့သည်   အဲဒိပွဲမှာ  ဗုဒ္ဓဘာသာဝင် မဟုတ်သော ပြည်သူလူထုတွေ မြန်မာနိုင်ငံမှာ နဝတ နအဖ နှင့် ဦးသိန်းစိန် အစိုးရ လက်ထက်ထိ ခွဲခြား ဆက်ဆံခြင်းခံနေရတဲ့ လူဝင်မှု့ကြီးကြပ်ရေး အကြောင်း တင်ပြခဲ့ပါတယ် ကျနော်တင်ပြခဲ့တာတွေအား အဖိနှပ်ခံပြည်သူတွေနှင့် တသားတည်းကျနေလို့လားတော့ မသိပါ လဝက အကြောင်း တစ်ချက်ပြောလိုက်တိုင်း ခန်းမတစ်ခုလုံး လက်ခုပ်သံတွေ သောသောညံခဲ့ပါတယ် ကျနော်ပြောခဲ့တာတွေကို မှတ်မိသလောက်တင်ပြရရင်
    .
    ၁) မြန်မာနိုင်ငံမှာ လူဝင်မှု့ကြီးကြပ်ရေး” လဝက” ဟာ ဗုဒ္ဓဘာသာမှလွဲ၍ ကျန်ဘာသာဝင်များအားလုံး(ခရစ်ယာန် ဟိန္ဒူနှင့် အစ္စလာမ် နတ်ကိုးကွယ်သူများ)ကို သွေးနှောဟု ယူဆပြီး ၁၀နှစ်ပြည့် ၁၂နှစ်ပြည့် ၁၈နှစ်ပြည့် မှတ်ပုံတင်များလုပ်ရာတွင် ပြည်သူလူထုကို  ပညာပြနေကြောင်း အချိန်ဆွဲ မဟာဗျူဟာ ကျင့်သုံးနေကြောင်း စိတ်ဒုက္ခပေးနေကြောင်း ဥပမာပြရရင်
    .
    ၂) အခြေခံပညာကျောင်းများတွင် “လဝက” မှ မှတ်ပုံတင်လာလုပ်ပေးရာတွင် ဗုဒ္ဓဘာသာဝင်များမှလွဲ၍ ကျန်ဘာသာကိုးကွယ်သူများကို လူမျို့းခြားများဟု သွေးခွဲပြီး ခွဲခြားဆက်ဆံပြီး မှတ်ပုံတင် လုံးဝ လုံးဝ မလုပ်ပေးကြောင်း

    ၃) ပြီးလျင် သတင်းစာ မီဒီယာများတွင်မူ လဝက ဦးစီး ဦး***   *****မှ *******မြို့နယ် ******** ကျောင်းမှ ကျောင်းသား/ကျောင်းသူများကို မှတ်ပုံတင်များ လုပ်ပေးနေကြောင်း အသံကောင်း ဟစ်တတ်ကြောင်း  အများသိအောင် နိုင်ငံရေးအမြတ်ထုတ်တတ်ကြောင်း
    .
    ၄) ကျနော့်မိတ်ဆွေ လှိုင်မြို့နယ်နေ ကိုဇော်မင်းရဲ့ဇနီးဟာ နဝတ နအဖ စစ်အစိုးရ မတိုင်မီက ထုတ်ပေးခဲ့သော အစိမ်းရောင် ၃ခေါက်ချိုးကဒ် ကိုင်ဆောင်ထားပါတယ် ကိုဇော်မင်းဟာ  နိုင်ငံသားပြုလက်မှတ် ကိုင်ဆောင်သူဖြစ်ပါတယ်  သူတို့ရဲ့ သမီးလေးတစ်ဦးဟာ တက္ကသိုလ်ဝင်ခွင့်ရမှတ် ၅၂၇ မှတ် ဆေးတက္ကသိုလ်ဝင်ခွင့်မှတ်ကျော်သော်လည်း  နိုင်ငံသားမဟုတ်ဟုဆိုကာ အခြေခံပညာဦးစီးမှ အဝေးသင်အင်္ဂလိပ်စာ သာ တက်ခွင့် ပေးခဲ့ကြောင်း
    .
    ၅) ကျနော်ရဲ့မိခင်ဟာ အမေဗမာလူမျိုး ဗုဒ္ဓဘာသာစစ်စစ်နင့်ဖခင်ပသီလူမျိုး အစ္စလမ်ဘာသာမှ ဖြစ်ကြောင်း ကျနော့်ဖခင်ဟာ အမေကရင်လူမျိုး နတ်ကိုးကွယ်နှင့်ဖခင် ပသီလူမျိုး အစ္စလမ်ဘာသာဖြစ်ကြောင်း ကျနော် အဖေဘက်မှ အဖိုးဖြစ်သူ သခင်ဒေါင်း(သခင်သန်းထွန်းရဲ့နောက်ဆုံးနေ့များ စာအုပ်အတွဲ ၁-၂ တွင်ပါသူ) သည် နိုင်ငံဂုဏ်ရည် ပထမ အဆင့်ဝင်ဖြစ်ပြီး ကျနော်အပါဝင် ကျနော်ရဲ့မိခင်နှင့်ဖခင် နှစ်ဦးစလုံးသည် နဝတ စစ်အစိုးရလက်ထက် ၁၉၈၉ တွင် လဝကမှ ထုတ်ပေးသော ပန်းရောင်နိုင်ကဒ်ရှိထားပြီး ကျနော့်ဇနီးဟာ ရှမ်းတိုင်းရင်းသူ နိုင်ကဒ်ပန်းရောင်ရရှိထားသူ့ဖြစ်ပါတယ် ခလေးများအတွက် ၁၀နှစ်ပြည့် ၁၂နှစ်ပြည့်လျောက်ထားရာတွင် တစ်နှစ်ကျော်သွားသည်အထိ မှတ်ပုံတင်မရသေးကြောင်း

    ၆) မြန်မာနိုင်ငံတွင် ပြည်သူလူထုသည် “လဝက” ရုံးကို သွားရသည်ကို သင်္ချိုင်းကုန်းသွားရသည်ထက် ပိုကြောက်ကြကြောင်း
    .
    ၇) ကျနော့်ခံစားချက်ကို ပြောရလျင်” လဝက “ရုံးကို သွားရသည်မှာ အခြားသူတစ်ယောက်ရဲ့မစင်ကို ကိုင်ရသလို ရွံရှာကြောင်း
    .
    ၈) မြန်မာ “လဝက “သည် မှတ်ပုံတင်ထုတ်ပေးရာတွင် ၁၉၈၂ နိုင်ငံသားဥပဒေအရ မဟုတ်ဘဲ  ကိုးကွယ်သည့်ဘာသာတရားယုံကြည်မှု့ကို ကြည့်၍ ပညာပြ ပေးနေကြောင်း
    .
    ၉)ကမ္ဘာ့ကုလသမဂ္ဂက ကမ္ဘာ့လူမျိုးနွယ်ဝင်များနှင့်ပတ်သက်၍ ကြေညာထားသည်မှာ ကမ္ဘာ့လူသား မျိုးနွယ်ဝင်များသည် သွေးနှောများဖြစ်ကြောင်း သွေးမနှောသည့် လူမျိုးနွယ်ဆိုသည်မှာ မရှိကြောင်း

    ၁၀) မကြာခင် Online တွင် လဝက မှ ထုတ်ပေးသော ကမ္ဘာ့အံ့ဖွယ် ထူးဆန်းသော  နိုင်ငံသား စိစစ်ရေးကဒ် တစ်ခုအကြောင်း ပြောခဲ့ပါတယ် အဲဒါကတော့  လူငယ်ကျောင်းသားလေးတစ်ဦးရဲ့လူမျိုး အမည်နေရာတွင် အင်္ဂလိပ် *တရုတ်*ဗမာ*ကရင်*ကချင်*ခရစ်ယာန်ဟု လဝက မှ အသိဥာဏ်မဲ့စွာ ရေးသွင်းဖြည့်စွက်ထားကြောင်း ၊ ကိုးကွယ်သည့်ဘာသာ(ခရစ်ယာန်)ကိုပါ လူမျိုး အမည်နေရာတွင် ဖြည့်စွက်ထားကြောင်း ပြောပြခဲ့ရာ ခန်းမ တစ်ခုလုံးပွဲဖြစ်သွားခဲ့ပါတယ်။
    .
    အများစုလူထုတွေကတော့ သောက်သုံးရေတွေအကြောင်း လမ်းကျူး ဆိုင်ကျူးတွေအကြောင်း ရေမြောင်း ရေလျှံမှု့တွေ အကြောင်း  ၃၉ဘတ်(စ်) လိုင်းကားများ ရပ်ကွက်များအတွင်း အရင်လို ပုံမှန်ပြေးစွဲပေးရန်အကြောင်းအိမ်ရှင် အိမ်ငှါးပြသာနာများပါမကျန် တင်ပြခဲ့ကြပါတယ် ရွေးကောက်ခံပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များက ပြည်သူလူထုတင်ပြချက်များနှင့်ပတ်သက်၍ အချို့သော အခက်အခဲများကို အမြန်ဆုံး အကောင်အထည်ဖော်ရန် လွှတ်တော်အစည်းအဝေးများတွင် တင်ပြပေးမည့်အကြောင်းကိုပါ ကတိပြု ပြုကြားသွားသည် ညနေ ၄နာရီအချိန်တွင် စတင်ခဲ့သော လူထုနှင့်လွှတ်တော်ကိုယ်စားလှယ်ကြီးများ အပြန်အလှန် တွေ့ဆုံမေးမြန်းခန်းသည် ည ၇နာရီတွင် အောင်မြင်စွာ ပြီးဆုံးသွားခဲ့ပါကြောင်းတင်ပြလိုက်ပါသည်။


    M-Media သို့ စာမူများပေးပို့လိုလျင် [email protected] သို့ ဆက်သွယ်နိုင်ပါသည်။

  • “အပြု သဘောဆောင်သော အမျိုးသားရေး စိတ်ဓာတ်က ကိုယ်နဲ့မတူသော သူတွေကို ချီးမြှောက်ခြင်းအားဖြင့် ကိုယ့်အမျိုးဂုဏ် ဇာတိဂုဏ်ကို မြှင့်တတ်အောင်လုပ်တယ်။”  (အလ်ဟဂ်ျ ဦးအေးလွင်)

    “အပြု သဘောဆောင်သော အမျိုးသားရေး စိတ်ဓာတ်က ကိုယ်နဲ့မတူသော သူတွေကို ချီးမြှောက်ခြင်းအားဖြင့် ကိုယ့်အမျိုးဂုဏ် ဇာတိဂုဏ်ကို မြှင့်တတ်အောင်လုပ်တယ်။” (အလ်ဟဂ်ျ ဦးအေးလွင်)

    13062436_870098113118775_7633061068800214976_n.
    RFA-ဆရာဦးအေးလွင် မင်္ဂလာပါ ခင်ဗျ
    .
    UAL-မင်္ဂလာပါ

    RFA-ဆရာပထမဦးဆုံးအနေနဲ့ ဗမာပြည်မှာ အစိုးရသစ်လည်းပြောင်းလာပြီ ဒါပေမယ့် အစိုးရဟောင်းလက်ထပ်က ပြဿနာအ ချို့ကလည်း ကျန်ခဲ့သေးတယ်။ အထူးသဖြင့်၂၀၁၂ ခုနှစ်ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ် ပြဿနာပေါ့ ဆရာ ရယ် ဒီပြဿနာဟာ လက်ရှိ NLDအရပ်သား အစိုးရအတွက် ဘယ်လောက်ထိ စိန်ခေါ်မှုဖြစ်နိုင်သလဲ ဆိုတာ ဆရာဦးစွာပြောပြပေးစေချင်ပါတယ်။
    .
    UAL-ကျတော်တို့နိုင်ငံဟာ ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံမှီတင်း နေထိုင်တဲ့ နိုင်ငံဖြစ်ပါတယ်။ ဗဟုလူ့အဖွဲ့အစည်းပေါ့နော် အဲ့တော့ကျတော်တို့က မိသားစုတစ်စုလိုပေါ့လေ။ မိသားစု ၀င်ဘယ်လောက်ပဲ အရေးမပါဘူးထင်ရတဲ့ မိသားစုဝင်ဖြစ် စေကာမူ သူ့အတွက်ပြဿနာလေး တစ်ခုဖြစ်နေမယ်ဆို မိသားစုတစ်စုအတွက်က ဒါ သိပ်အဆင်မပြေနိုင်ပါဘူး။ အဲ့ဒါကြောင့်မို့ ဒါဘာသာရေးကို အခြေခံတယ်ဆိုတဲ့ ပြောဆိုမှု တွေလည်းရှိတယ် လူမျိုးရေးကို အခြေခံတယ်ဆိုတဲ့ ပြော ဆိုမှုတွေလည်းရှိတယိ။ ဒါဟာ ကျတော်တို့ မြန်မာနိုင်ငံရဲ့ image အတွက်က အရေးတယူ မဆောင်ရွက်ဘူးဆိုရင် တာရှည်မထားကောင်းတဲ့ ကိစ္စတခုလို့ ကျတော်မြင်ပါတယ် ခင်ဗျာ။
    .
    RFA-ဒီပြသနာဟာ ကမ္ဘာသိပြဿနာ တစ်ခုလည်းဖြစ်တော့ကာ ဘယ်လိုနည်းလမ်းတွေနဲ့များ လက်ရှိအစိုးရသစ်က ပြေ လည်အောင် ဖြေရှင်းသင့်တယ်လို့များ ဆရာထင်ပါသ လဲ ခင်ဗျာ။
    .
    UAL-တော်တော်လေးတော့ ရှုပ်ထွေးပါတယ် ဒီကိစ္စကနော်။ သမိုင်းကြောင်းအရသွားရမှာတွေလည်းရှိတယ်။ ပထ၀ီနိုင်ငံ ရေးအရ သွားရမှာတွေလည်းရှိတယ်။ အဲ့ဒီအထဲမှာ အဓိက အချက်ကတော့ ကျတော်တို့ လုပ်နိုင်ကိုင်နိုင်တဲ့ ကိစ္စသည် ကျတော်တို့ ဘာသာရေးနဲ့ လူမျိုးရေးကို နိုင်ငံရေးအလို့ငှာ အသုံးချတဲ့ အသုံးချမှုတွေကို ကျတော်တို့ရပ်တန့်သွားအောင် လုပ်ဖို့ စပြီးကြိုးစားဖို့လိုအပ်ပါလိမ့်မယ်။ သူဟာသူ သမိုင်းကြောင်းအရဖြစ်ပေါ်နေတဲ့အခြေအနေ နိုင်ငံရေးအရ ဖြစ်ပေါ်နေတဲ့အခြေအနေ ဒီကိစ္စရပ်တွေကတော့ ကျတော် တို့ တွေ့ဆုံဆွေးနွေးရေးတို့ တခြားနည်းလမ်းတွေနဲ့ ကျတော်တို့က ဖြေရှင်းလို့ရတယ်။ တမင်တကာ ဖန်တီးလုပ်ကြံ မှုများကတော့ဖြင့် အဲ့ဒီလုပ်ကြံဖန်တီးမှုများကို ကျတော်တို့ ရပ်တန့် သွားအောင်လုပ်လိုက်လို့ရှိရင် ကျန်တဲ့ကိစ္စရပ်များ ကို ကိုင်တွယ်ဖြေရှင်းရာမှာ တော်တော်လေးလွယ်ကူသွား မယ်ထင်ပါတယ်။
    .
    RFA-လက်ရှိအစိုးရသစ်ပေါ့ ဆရာရယ်။ NlD ဦးဆောင်တဲ့အစိုးရသစ်ကို ပြည်သူတွေက ဒါလူ့အခွင့်ရေးနဲ့ ဒီမိုကရေစီကို အကောင်အထည်ဖော်ပေးမယ်လို့ ယုံကြည်ပြီး တော့ မဲပေးလာကြတယ်ပေါ့ဆရာရယ်။ ဒီအစိုးရ အဖွဲ့ထဲမှာဆိုရင်လည်း အထူးသဖြင့် သာသနရေးဝန်ကြီး ဆိုရင် အရင်စစ်အစိုးရလက်ထက်တုန်းကလည်း သာသနာ ရေးဝန်ကြီးလုပ်ခဲ့တယ်ပေါ့။ သူရဦးအောင်ကိုကပေါ့လေ ဟိုတ လောက အစ္စလာမ်ဘာသာနဲ့ပက်သက်ပြီး မှတ်ချက်တခု ပြောလိုက်တဲ့အတွက် တချို့ကလည်း တော်တော် မကျေမနပ်ရှိကြတယ်ဆိုတော့ ဒီသူရဦးအောင်ကိုရဲ့ ပြော ကြားချက်တွေကိုမူတည်ပြီးတော့ ဆရာတို့လည်းအရင်က ဒီလိုပဂ္ဂိုလ်မျိုးတွေနဲ့ ဆက်ဆံခဲ့ဖူးကောင်းဆက်ဆံခဲ့ ပါလိမ့် မယ်။ သူ့အနေနဲ့ရော ဒီပြောင်းလဲလာတဲ့ စနစ်အောက်မှာပေါ့လေ သာသနာရေးအကျိုးကို ဘယ်လောက်ထိများ ဆောင်ရွက်နိုင်လိမ့်မယ်လို့ ယုံကြည်မှုရှိပါသလဲ ခင်ဗျ။
    .
    UAL-အဲ ကျတော့အနေနဲ့ အများကြီးမျှော်လင့်ထားပါတယ်။ ပုဂ္ဂိုလ်ရေးအရ သူရဦးအောင်ကိုက တချိန်တုန်းက သာသနာရေး ဒုဝန်ကြီးလုပ်ခဲ့ဖူးတယ်။ အဲ့ဒီတုန်းက သူ့ရဲ့လုပ်ရပ်တွေဟာ သူ့မှာအများကြီး အချုပ်အချယ်တွေရှိခဲ့ငြားလည်း သူဟာ တရားမျှတချင်တဲ့ စိတ် လေးတွေ စေတနာလေးတွေကို ကျတော်တို့တွေ့ရတဲ့အ တွက် အင်မတန် သူဝန်ကြီးဖြစ်လာပြီဆိုရင် ကျတော် အားကိုး မျှော်လင့်နေမိတယ်။ နောက်တခါ လွှတ်တော်ထဲမှာလည်းပဲ ဒေါ်စုနဲ့ တဖက်က အတိုက်အခံတွေဖြစ်နေတဲ့ အချိန်မှာလည်းဘဲ သူ ဟာတော်တော်လေးကို ဒါမျက်စိမှိတ်ဒုန်းပိတ်ပြီး ဒါ အား ပေးတာမျိုးမဟုတ်ဘဲနဲ့ ကြောင်း ကျိုးဆီလျော်စွာ ဦးတည်လမ်းကြောင်းတွေကနေပြီးတော့ တကယ့် Democratic တစ်ဦးရဲ့ Mind Set နဲ့ပြော ဆိုနေတယ်ဆိုပြီးတော့ ကျတော်တို့ လေ့လာဖြစ်တဲ့ အတွက် သူ့ကိုတော်တော်လေး အားကိုးထားတယ်။ သို့ သော်လည်းပဲ အဲ့ဒီ interview တခုမှာ သူအစ္စလာမ် ဘာာဝင်များဟာ ဧည့်နိုင်ငံသားများပါလို့ ပြောလိုက်တဲ့အခါကျ တော့ ကျတော်ကတော့ သိပ်မအ့သြဘူး။ ဘာကြောင့်လဲ ဆိုတော့ ဒီဗိုလ်ချုပ်ဟောင်းကြီးတွေဟာ ဦးနေ၀င်းလက် ထက်ထဲကိုက သူတို့ကို ဒီအစ္စလာမ်မုန်းတီးရေး ဆန့်ကျင် ရေးကို သိသိသာသာဖြစ်စေ၊ မသိမသာဖြစ်စေ စနစ်တကျ ရိုက်သွင်းခြင်းခံထားရတာတွေရှိတယ်။
    .
    အဲ့ဒီတော့ ဒီ Islamophobia ဟာသူတို့ရဲ့ မသိစိတ်ထဲ မှာ ကိန်းဝပ်ပြီးနေမယ် တစ်အချက်၊ နှစ် အချက်ကလည်းဘဲ အမျိုးသားရေးစိတ်ဓာတ်တွေရှိကြတယ်။ အဲ့ဒီတော့ ဒီအမျိုးသားရေး စိတ်ဓာတ် တွေဟာ အပြုသဘောဆောင်သော အမျိုးသားရေးစိတ်ဓာတ်က ကိုယ်နဲ့မတူသော သူတွေကို ချီးမြှောက်ခြင်းအားဖြင့် ကိုယ့်အမျိုးဂုဏ် ဇာတိဂုဏ်ကို မြှင့်တတ်အောင်လုပ်တယ်။ မိမိရဲ့သဘောထား ကြီးမှု မိမိရဲ့အမျိုးသားဆိုသည်မှာ အခြားလူတွေကို ခွဲခြား ဆက်ဆံမှုမရှိဘူးဆိုတဲ့ ဗိုလ်ချုပ်အောင်ဆန်းလို အမျိုးသားရေးဝါဒီများဟာ ဒီမြန်မာအမျိုးသားရေး စိတ်ဓာတ်ရဲ့ မှန်ကန်သော သရုပ်သကန်ကိုဖော်ပြခဲ့တယ်။ သို့သော်တစ်ခါတရံမှာ ဒီအမျိုးသားရေး စိတ်ဓာတ်က ကျဉ်းမြောင်းတယ် ဗျ။ ကိုယ်နဲ့အမြင်မတူတာတွေ ကိုယ်နဲ့မတူညီမှုတွေ OTHER တွေကို သိပ်ပြီးတော့လက်မခံချင်တဲ့သဘော တွေရှိတယ်။ အဲ့ဒီအခုအခံလေးတွေရှိနေတယ်ထင်တယ် ကျတော့စိတ်ထဲမှာ။
    .
    RFA-မြန်မာနိုင်ငံမှာ အခုဆိုရင်ခေတ် စနစ်တွေပြောင်းလဲလာပြီ။ ဒါပေမယ့်အမေရိကန်လိုနိုင်ငံကြီးတွေက ဘာသာရေး လွတ်လပ်ခွင့်နဲ့ပက်သက်ပြီးတော့ ဝေဖန်မှုတွေကရှိနေဆဲ့ပေါ့ ဆရာရယ်။ ဆရာတို့အနေနဲ့ပေါ့ လက်ရှိမြန်မာနိုင်ငံရဲ့ ဘာသာရေးလွတ်လပ်ခွင့်တွေနဲ့ပက်သက်ပြီးတော့ ဘယ်လိုရှုမြင်အကဲခပ်လို့ရမလဲခင်ဗျ။
    .
    UAL-စာအုပ်ထဲမှာပေါ့လေ။ ၄၇ရော၊ ၇၄ရော၊ ၂၀၀၈မှာရောက ဘာသာရေးနဲ့ပတ်သက်ပြီးတော့ ခွဲခြားဆက်ဆံမှု မရှိစေရ၊ နိုင်ငံသားတစ်ဦးရဲ့ရပိုင်ခွင့်တွေ အပြည့်အ၀ ရရမယ်လို့ ပြောထားတယ်။ သို့သော်အင်္ဂလိပ်စကားလိုပေါ့။ Work the talk (ပြောသလိုလုပ်)ပေါ့လေ။ တကယ်လက်တွေ့အကောင်အထည်ပေါ်မလာဘူး။ လက်တွေ့အကောင်အထည်မပေါ်ဘဲနဲ့ မရေးထားသော ဥပဒေများ Unwritten Law တွေက ဘာဖြစ်နေလဲဆိုရင် အထူးသဖြင့် လူနည်းစုနေရာမှာပေါ့လေ။ လူနည်းစု လူမျိုးစုတွေလည်းပါတယ်၊ ဘာသာဝင်တွေလည်းပါတယ်။ တကယ်အရေးပါတဲ့နေရာမှာဆို ချန်ထားတဲ့ ကိစ္စတွေ။ အစ္စလာမ်ဘာသာဝင်တွေကျတော့ တိတိကျကျကို ခွဲခြားဆက်ဆံမှုတွေက ဖြစ်လာတယ်။ ဥပမာ တပ်မတော်ထဲမှာ ထူးထူးချွန်ချွန်အမှုထမ်းခဲ့တဲ့ အစ္စလာမ်ဘာသာဝင်တွေရှိခဲ့တယ်။ ဦးနေ၀င်းလက်ထက်ကတော့ သူရဘွဲ့ရတဲ့ စစ်သားကောင်းကြီးတွေ ရှိခဲ့တယ်။ သို့သော်လည်းပဲ တဖြည်းဖြည်း တဖြည်းဖြည်း တပ်မတော်ထဲမှာတောင်မှ အမှုထမ်းခွင့် မရအောင် အစ္စလာမ်ဘာသာဝင်ဆို ပိတ်ပင်တာတွေ ရှိတယ်။ အခုရဲဝန်ထမ်းအဖြစ်တောင်မှ အမှုထမ်းခွင့်မရလောက်အောင်ဆိုတဲ့ Unwritten Law (ရေးဆွဲပြဋ္ဌာန်းထားခြင်း မရှိတဲ့ ဥပဒေ) တွေရဲ့ သြဇာတွေက သက်ရောက်မှုရှိနေတယ်။ ဒါ့အပြင် ဘာကိုပြနေသလဲဆိုတော့ အစ္စလာမ်ကို အန္တရာယ်သဖွယ် အဖြစ်နဲ့ အခုထက်ထိကို ယုံကြည်နေသေးတယ်လို့ ထင်တယ်။ အဲဒါဟာ အင်မတန်ဝမ်းနည်းဖို့ ကောင်းပါတယ်။ မတူကွဲပြားမှုဆိုတာ ခွဲခြားဖို့ မဟုတ်ဘဲနဲ့ တွဲသွားရမယ်ဆိုတဲ့ အသိ သူတို့မှာ မရှိသေးဘူးခင်ဗျ။ အဲဒါလေးတွေ ၀င်လာဖို့ လိုအပ်ပါတယ်။
    .
    RFA-အစ္စလာမ်အစွန်းရောက်တွေရဲ့ လှုပ်ရှားမှုပေါ့နော်။ ပြီးခဲ့တဲ့နှစ်တွေကဆို အယ်ကိုင်ဒါးလို့ အဖွဲ့တွေရဲ့ ခြိမ်းခြောက်မှုတွေ ရှိတယ်။ ဒီနှစ်ပိုင်းမှာဆိုလည်း အိုင်အက်စ်ဆိုတဲ့ အစ္စလာမ္မစ်နိုင်ငံတော် ထူထောင်ရေးအဖွဲ့၊ ဥပမာ မလေးရှားတို့ အင်ဒိုနီးရှားတို့ဆိုရင် အီရတ်တို့ ဆီရီးယားတို့သွားပြီးတော့ အမှုထမ်းကြတယ်။ ဒါမျိုးတွေကို အစိုးရတွေက အစ တော်တော်စိုးရိမ်နေကြတယ်။ ပြီးခဲ့တဲ့ ၂၀၁၃လောက်ကဆိုရင် အယ်ကိုင်ဒါးအဖွဲ့က မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် လို နေရာမျိုးအတွက် ရုံးခွဲဖွင့်မယ် စသဖြင့် ကြားလိုက်မှာပေါ့လေ။ အခုလက်ရှိအခြေအနေမှာ မြန်မာနိုင်ငံရော အပြင်က ဒီလိုအစွန်းရောက်အဖွဲ့တွေရဲ့ ခြိမ်းခြောက်မှုတွေက စိုးရိမ်စရာရှိသလားဆရာ။
    .
    UAL- ကျွန်တော်တို့ အနေနဲ့ အိုင်အက်စ်နဲ့ ပတ်သက်တဲ့ ခြိမ်းခြောက်မှုကို သိပ်မစိုးရိမ်ဘူး။ ဘာကြောင့်လဲဆိုတော့ အိုင်အက်စ်ရဲ့လုပ်ရပ်တွေ အစ္စလာမ်သာသနာနဲ့ မကိုက်ညီဘူး၊ ဘာမှမပတ်သက်ဘူးဆိုတာ သာသနာရေးပညာရှင်တွေ ကမ္ဘာနဲ့အ၀န်းက ကြေညာပြီးပြီ။ သို့သော် စိုးရိမ်စိတ်က ဘာရှိလဲဆိုရင် လူငယ်လေးများအစွန်းရောက်အောင် တွန်းပို့စေတဲ့ အကြောင်းတရားတွေရှိနေတယ်။ အဲဒါတွေကဘာလဲဆိုတော့ ခွဲခြားဆက်ဆံခံရမှု။ သူတို့တွေမှာ အနာဂတ်ပျောက်သွားပြီ ဆိုရင်၊ သူတို့ဘ၀မှာ အနှိမ်ခံရပြီဆိုရင် သူတို့ချစ်မြတ်နိုးတဲ့ သာသနာအစော်ကားခံရပြီဆိုရင်၊ သူတို့ချစ်မြတ်နိုးတဲ့ တမန်တော်မြတ်ကြီးကို စော်ကားပြီဆိုရင် ဒီလူတွေဟာ အခုဏပြောတဲ့ အစွန်းရောက်သမားများရဲ့ သိမ်းသွင်း စည်းရုံးမှု အောက်မှာ ပါသွားနိုင်စရာတွေ ရှိတယ်။ ဥပမာ မှတ်ပုံတင်တဲ့အတွက် ဘာမှလုပ်လို့မရတဲ့အတွက် မွတ်စလင်ဆိုရင် မှတ်ပုံတင်မရတာ မြန်မာပြည်မှာ ဖြစ်နေတာ။ အဲဒီလိုအနေအထားမျိုးမှာ အနာဂတ်ပျောက်နေတဲ့ ဒီလူငယ်လေးတွေဟာ အစွန်းရောက်အောင် တွန်းပို့နေတဲ့ အကြောင်းတရားတွေရှိနေတယ်။ အဲဒီအကြောင်းတရားတွေကို အမြန်ဆုံးရပ်စဲသွားအောင် လုပ်မှသာလျင် အိုင်အက်စ်အပါအ၀င် မသမာသူများရဲ့ ထောင်ချောက်ထဲကို ကျွန်တော်တို့ လူငယ်တွေ ၀င်မသွားမှာပါ။ ကာကွယ်ဖို့ အထူးလိုအပ်နေပါတယ်လို့ ထင်ပါတယ်။
    .
    RFA-ဆရာလည်း မြန်မာပြည်မှာဘာသာပေါင်းစုံ လှုပ်ရှားမှု့ထဲမှာ ထဲထဲဝင်ဝင် ဦးဆောင်ပါဝင်လှုပ်ရှားနေတယ် သီတဂူဆတော်ကြီးတို့ ချားလ်စ်မောင်ဘို တို့စသဖြင့် ဒီမတူညီတဲ့ ဘာသာဝင်တွေ အချင်းချင်းကြားထဲမှာချစ်ကြည်မှု့တွေ ဘယ်လောက်ထိ တိုးတက်လာပီလဲ ။ ဘာတွေများဦးစားပေးတိုးမြှင့်လုပ်ဆောင်သင့်သလဲ ။ လက်ရှိအခြအနေမှာရော ဘယ်လိုတွေရှိနေသလဲ။
    .
    UAL-သမိုင်းကြောင်း အရကိုက ကျတော်တို့မတူကွဲပြားတဲ့လူတွေ အတူနေခဲ့ကြတယ်။ ရန်မဖြစ်ဘူးမဟုတ်ဘူးဖြစ်တယ် ကျတော်တို့ ရန်ဖြစ်ကြပါတယ်။ ဘာသာရေးကြောင့်ရန်ဖြစ်တယ်ဆိုတာမရှိဘူး။ နောက်ပိုင်းမှသာ ဒီဘာသာရေးကို တမင်တကာ အကြောင်းပြုပီး တော့ ခြွဲခားဆက်ဆံမှုတွေရှိလာအောင်လို့ စနစ်တကျကြံစီ ပီးတော့ဖန်တီးခဲ့တယ်ဆိုတဲ့ဟာ တွေကိုတွေရတယ် ။အဲတော့ကျတော်တို့ ဘာလုပ်ရမလဲ အသစ်လုပ်စရာမလိုဘူး မြန့်မာ့စိတ်ဓာတ်မှာကိုက ဒီ Tolerance ဆိုတာရှိပြီးသား မြန်မာ့စိတ်ဓာတ် မြန်မာမင်းတွေ ဟာဆိုရင် ဗလီ တွေဆောက်လုပ်ပေးတယ် မင်းတုံးမင်း ဆို မက္ကာ မှာ ဆိုရင်ဒေါင်းဇရပ်ကြီး ဒေါင်းတံဆိပ်ကြီး ခပ်နှိပ်ပီးဒေါင်းဇရပ်ကြီးဆောက်လုပ်ပေးခဲ့တယ်။ ဒိ့အရင် ပုဂံခေတ်ကတည်းကိုကလည်း မင်းကြီးမင်းလေးဆိုရင် နတ်အဖြစ်နဲ့ တောင် ကိုးကွယ်ထားသေးတာပဲ နော် ဒါသမိုင်းတွေမှာ ရှိခဲ့ပါတယ်။ဒီလို ကျတော်တို့ မတူကွဲပြားမှုတွေကို welcoming the others ကိုယ် နဲ့မတူပေမယ့်လည်း အဲ့ဒီသူတွေကို နားလည်သဘောပေါက်ပြီးတော့ ဆက်ဆံပေးတယ်ဆိုတာ မြန်မာ့စိတ်ဓာတ်က ရှိပြီး သား ပြန်လည်နိုးကြားလာအောင်လုပ်ရမယ်။ အပ ပယောဂနဲ့ဒါ နိုင်ငံရေး အလို့ငှာ အသုံးချလိုက်တဲ့အတွက် ကြောင့် ပြည်သူတွေနားယောင်နေတယ်။ တော်တော်လေး အဆိပ်သင့် နေတာတွေမြင်ရတယ်နော်။ သူရဦးအောင်ကို လို ပုဂ္ဂိုလ်တောင်ဒီလို mind set တွေရှိနေသေးတယ် ဆိုတာဟာ ကျတော်တို့အတွက် အင်မတန်ကို အလုပ်လုပ်ရမယ်ဆိုတာ ဖော်ညွှန်းနေပါတယ်။
    .
    RFA-နောက်ဆုံအနေနဲ့ ဆရာရယ်။ လက်ရှိ NLD အစိုးကလည်း ရက် ၁၀၀ ပြုပြင်ပြောင်းလဲရေးတွေလုပ်နေတယ်။ လုပ်နေတဲ့အခါမှာ ဘာသာပေါင်းစုံချစ်ကြည်ရေးတွေ အား ကောင်းလာအောင် ပဋိပက္ခတွေပြေလျော့ပြီးတော့ နိုင်ငံသားတွေ စည်းစည်းလုံးလုံးဖြစ်အောင် ဘာတွေဦးစား ပေးလုပ်ဆောင်သင့်လဲလို့ ဆရာဘာသာရေးခေါင်းဆောင် တစ်ဦးအနေနဲ့ အကြံပြုတိုက်တွန်းချင်တာများရှိပါ သလားခင်ဗျ။
    .
    UAL-ဘာတွေလဲဆိုလို့ရှိရင် ကျတော်တို့မတူကွဲပြားမှုပ်ါမှာ မြင်နေတဲ့အမြင်လေးတွေကို ကျတော်တို့ အဲ့ဒါ အား လို့မြင် ရမယ်။ အမှားတစ်ခုမဟုတ်ဘူး။ ခြားနေတာအမှားမဟုတ်ဘူး။ ခြားနေတာသည် အား လို့မြင်နိုင်ဖို့လိုတယ်။ နောက် ပြီးတော့ ယုံကြည်မှုတွေတည်ဆောက်ရမယ် နော်။ အခုန ကပြောတဲ့တစ်ယောက်အကြောင်းတစ်ယောက်ကို အမှန် တကယ်သိဖို့လိုတယ်။ ဒါကြောင့်မို့ ကျောင်းတွေကအစ သင်ခန်းစာတွေမှာ ပြည်သူ့နိတိတွေမှာ ဘာသာတရားတွေ ရဲ့အခြေခံသဘောတရားကို အမှန်တိုင်းတင်ပြဖို့။ ဗုဒ္ဓဘာသာ တရားအကြောင်းကို အစ္စလာမ်ကတင်ပြလို့မရဘူး။ အစ္စလာမ်အကြောင်းကို ခရစ်ယာန်ကလည်း တင်ပြလို့မရ ဘူး။ နော် ကိုယ်တကယ်ဘာယုံကြည်တယ်ဆိုတဲ့ အခြေခံ အသိတရား လေးတွေကို အများပြည်သူအောက်ခြေက ကလေးတွေကအစ ဒီအသိပညာတွေပေးထားမယ်ဆိုရင် မတူ ကွဲပြားမှုကို diversity is strength လို့မြင်လာလိမ့်မယ်။ Others are brothers ငါနဲ့တခြားပေမယ့် ငါ့ ညီပါလို့ ဗိုလ်ချုပ်အောင်ဆန်းပြောသလို သွေးတူတာထက် စိတ်တူဖို့ လိုတယ်။ မြန်မာနိုင်ငံသား အချင်းချင်း မြန်မာနိုင်ငံရဲ့အကျိုးကိုလိုလားတဲ့ လူ့အစုအဝေး ကြီးတရပ်ဟာ လူမျိုး ဘာသာပေါ်မှာမဆိုင်ပါ။ တိုင်းပြည်ချစ်တဲ့စိတ်နဲ့ တိုင်း ပြည်ပေါ်သစ္စာရှိတယ်။ မေတ္တာနဲ့သစ္စာပေါ်မှာပဲ အခြေခံပါတယ်လို့ ကျတော်ပြောချင်ပါတယ်။
    .
    RFA – ဆရာဦးအေးလွင်ကို RFA မှ ကျေးဇူးတင်ပါတယ်။
    .
    RFA Radio မှ အစ္စလာမ်ဓမ္မဗိမာန် ဦးဆောင်ဆော်သြရေးမှူး အလ်ဟဂ်ျ ဆရာဦးအေးလွင်တွေ့ဆုံမေးမြန်းခဲ့ပြီး ၂၃ . ၄ . ၂၀၁၆ တွင် ထုတ်လွှင့်ခဲ့သည့် အင်တာဗျူး ဖြစ်ပါသည်။

    ** Soft-copy text ကို Fans Of Islamic Centre Of Myanmar မှ ရယူဖော်ပြပါသည်။

  • အက္ကပတ်မြို့ဝန် ဦးခြုံစု

    အက္ကပတ်မြို့ဝန် ဦးခြုံစု

    ဧပြီ ၂၃ ၊ ၂၀၁၆
    M-Media
    13043619_877194999055766_9192061333787795584_n
    မင်းတုန်းမင်းလက်ထက်၌ မြို့ဝန်လေးဦးခန့်ထားသော်လည်း သားတော်သီပေါမင်းလက်ထက်၌ မြို့ဝန်သုံးဦးသာ ခန့်ထားသည်။ ကုန်းဘောင်ခေတ် မဟာရာဇဝင်တော်ကြီး တတိယတွဲတွင် ”သက္ကရာဇ် ၁၂၄၅ ခုနှစ်၊ တပို့တွဲ လပြည့်ကျော် ၇ ရက်နေ့ မြို့ဝန်တို့ကို ရွှေမြို့တော်နှင့် ရာဇဝတ်တော်ရေး ထိန်းသိမ်းရန် တံခါး ၁၂ ရပ်၊ မြို့တွင်း၁၂ ရပ်၊ ကင်းစောင့်လူများအပြင် မြို့တံခါးကြီး ၅၇ရပ်၊ မြို့ပြင် ၁၂၄ ကင်းလူတို့ကို ရုပ်သိမ်း၍ ယင်းမြို့တော်ဝန်မှာ နန်းဦး မင်္ဂလာမြင်းအမှုထမ်းလူ ၁၅ဝ၊ ရွှေလှံမြို့ဝန်မှာ ရွှေလှံအမှုထမ်းလူ ၁၅ဝ အသီးသီးပေးအပ်စောင့်ထိန်းစေ အမိန့်တော်ရ ရာဇဝတ်တော်ရေး၊ ခိုးသေးမီးပွား မရှိရအောင် စောင့်ကင်း၊ ဝပ်ကင်း၊ ပတ်ကင်းထား၍ ထိန်းသိမ်းကြသည်”ဟူ၍ ဖော်ပြထားသည်။

    ထို့ကြောင့် ယင်းမြို့တော်ဝန်မှာ မင်းကြီးသီရိမဟာဇေယျ ဂါမဏိဘွဲ့ရ ဦးပေစိဖြစ်သည်။ ဦးပေစိ၏ အတ္ထုပ္ပတ္တိ ကျောက်စာနှင့် အလှူဒါနကုသိုလ်များမှ ရွာဟိုင်းအနောက်ဘက် ရတနာပုံသာစေတီအတွင်း လေ့လာနိုင်သည်။ ရွှေလှံမြို့ဝန်ကား မင်းကြီးမဟာမင်းခေါင်နော်ရထာဘွဲ့ရ၍ အက္ကပတ်မြို့ဝန်မှာ မင်းကြီးမဟာမင်းထင်ရာဇာဘွဲ့ရသူ ဖြစ်သည်။

    13015540_877195015722431_7548469477289573963_n

    အက္ကပတ်မြို့ဝန် အမည်သည် ဦးခြုံစု သိရှိရပေသည်။ ပသီအမျိုးသားဖြစ်၍ နိုင်ငံခြားမှ တွေ့မြင်မှတ်သားထား သော အထူးသဖြင့် အီတလီနိုင်ငံမှ တွေ့မြင်ခဲ့သော အဆောက်အအုံပုံစံယူ၍ အက္ကပတ်မြို့ဝန်အုတ်ကျောင်းတော်ကို ယခု မဟာဒီပဲယင်းတိုက်အတွင်း တည်ဆောက်ခဲ့ခြင်းဖြစ်သည်ဟု သိရှိရပေသည်။

    အက္ကပတ်မြို့ဝန်သည် ပင်လယ်မြို့စားအဖြစ် သနားတော်မြတ်ခံရသည်။

    အက္ကပတ်မြို့ဝန်၏ မြေးများသည် မန္တလေးမြို့ ဓာတ်စက်ရုံ အရှေ့ဘက်၌ နေထိုင်ခဲ့သည်။ ယခု ဝကပ်ဖ်တိုက်နေရာဖြစ်မည်ဟု ထင်ရသည်။ အက္ကပတ်မြို့ဝန်သည် သူ့ကုသိုလ်ကျောင်းတော်ကို ဂငယ်ပုံစံ လှေကားအဝိုက်အဆင့်တို့ဖြင့် သူမတူအောင် ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။ ၄င်းသည် မင်းတုန်းမင်းလက်ထက် ပညာတော်သင်အီတလီ၊ ပြင်သစ် စသည့်ဥရောပနိုင်ငံများ ရောက်ခဲ့သူ ဖြစ်သည်။

    သတင်းစာဆရာ စာရေးဆရာကြီး နတ်မောက်ထွန်းရှိန်၏ “ဝင်းတွေနဲ့တည်ခဲ့သည့် မင်းနေပြည်” ဆောင်းပါးမှ ကူးယူဖော်ပြပါသည်။
    ၆၊၁၁၊ ၂၀၁၅ (ကြေးမုံ)

    13055358_877195062389093_4393957333816386099_n
    .
    မူရင်းလင့်ခ်
    https://www.facebook.com/MOIWebportalMyanmar/posts/796797010448167
    .
    ဓါတ်ပုံများကို Zaw Tun FB မှာ တဆင့် ဖော်ပြသည်။

  • “လူကိုကြည့်ပြီး၊ တရားစီရင်မှာလား၊ လူမျိုးနဲ့ဘာသာကိုကြည့်ပြီး ဆုံးဖြတ်မှာလား?”

    “လူကိုကြည့်ပြီး၊ တရားစီရင်မှာလား၊ လူမျိုးနဲ့ဘာသာကိုကြည့်ပြီး ဆုံးဖြတ်မှာလား?”

    ဧပြီ ၂၃ ၊ ၂၀၁၆
    M-Media
    ရေးသားသူ-ဦးအုန်းမောင်(ရန်ကင်း) တရားလွှတ်တော်ရှေ့နေ

    rule of law
    မြေကွက်တစ်ကွက်အတွင်းမှာ(က)နှင့်(ခ)ဆိုတဲ့ သီးခြားစီအဆောက်အဦး ၂ခု ရှိပါတယ်။ အဆောက် အဦးနံပါတ်မတူပါ။ ဒီမြေကွက်နဲ့ အဆောက်အဦးတွေရဲ့ပိုင်ရှင်တွေက A ပါဝင်သောပုဂ္ဂိုလ်များဆိုပါစို့။ ဒီအဆောက်အဦးတွေကို လက်ရှိထားစီမံခန့်ခွဲနေသူတွေကတော့ B ပါဝင်သောပုဂ္ဂိုလ်များဆိုပါစို့။ ဒီမြေကွက်နဲ့ အဆောက်အဦးတွေကဖြစ်ပေါ်လာတဲ့ အကျိုးအမြတ်အသီးအပွင့်တွေကိုလည်း A နှင့် B ပုဂ္ဂိုလ်များက ခံစားရယူနေကြသည်ဆိုပါစို့။

    ဒီအဆောက်အဦး(က)ဟာ အများပြည်သူဝင်ထွက်အသုံးပြုရာ နေရာတစ်ခုဖြစ်ပြီး A နှင့် B အုပ်စုက ပုဂ္ဂိုလ်များလက်ရှိထား စီမံခန့်ခွဲကြီးကြပ်ကွပ်ကဲ လျှက်ရှိပါတယ်။ အဆောက်အဦး(ခ)ကတော့ ကျောင်း အိပ် ကျောင်းစား၊ စာသင်ကျောင်းတစ်ကျောင်းဖြစ်ပြီး၊ A နှင့် B အုပ်စုကပုဂ္ဂိုလ်တွေကပဲ လက်ရှိထား စီမံခန့်ခွဲအုပ်ချုပ် လျှက်ရှိပါတယ်။ ဒီမြေကွက်နဲ့အဆောက်အဦး ၂ခုမှာရှိတဲ့ ရွှေ့ပြောင်းနိုင်သော ပစ္စည်း၊ မရွှေ့ပြောင်းနိုင်သောပစ္စည်းတွေကလည်း A နှင့် B အုပ်စုက ပုဂ္ဂိုလ်များပိုင်ဆိုင်ခြင်း၊ လက်ရှိထားခြင်း၊စီမံခန့်ခွဲအသုံးပြုခြင်း ပြုလုပ်လျှက်ရှိပါတယ်။

    ဒီအဆောက်အဦး(ခ)မှာ ကျောင်းတက်တဲ့ကျောင်းသားတွေနဲ့ ပြင်ပကပုဂ္ဂိုလ်တွေဟာ အဆောက်အဦး (က)မှာ A နှင့် B တို့ရဲ့ခွင့်ပြုချက်နဲ့ အတူဝင်ထွက်သွားလာ အသုံးပြုကြပါတယ်။ အဆောက်အဦး(ခ) မှာတော့ ကျောင်းသားများနေထိုင်၊ စာသင်ကြားကြ ပါတယ်။ ကျောင်းပိတ်တဲ့ ကာလမှာ ကျောင်းသားတွေဟာ ကိုယ့်မိဘရပ်ထံပြန်ကြပါတယ်။ စာသင်ဆရာတွေကလည်း တာဝန်ပြီးဆုံး လို့ ပြန်ကြပါတယ်။ စာသင်ဆရာတွေကိုတော့ တစ်နှစ်တစ်ကြိမ်ကျောင်းပြန်ဖွင့်ရင် အလုပ်ပြန်လျှောက်ထားချက်အရ ခန့်တဲ့
    စနစ်ကိုကျင့်သုံးပါတယ်။ ကျောင်းပိတ်တဲ့ကာလမှာ လုပ်ခ၊ လစာ ခံစားခွင့်မရရှိကြတော့ပါဘူး။

    ကျောင်းပိတ်တဲ့ကာလမှာသာမန်အားဖြင့် နှစ်စဉ်ဝါတွင်းကာလဖြစ်ပါတယ်။ ၀ါတွင်းကာလ ကုန်ဆုံးရင်ကျောင်းပြန်ဖွင့်ပြီး၊ ကျောင်းပြန် အပ်ကြရပါတယ်။ စာသင်ဆရာတွေလည်း အလုပ်ပြန်ဝင်ကြရပါတယ်။ အုပ်ချုပ်ရေးတာဝန်ရှိတဲ့ A နှင့် B တို့က တာဝန်ခွဲဝေ သတ်မှတ်ပေးပါတယ်။ ယခုကျောင်းပိတ်ရက်က တော့ ပုံမှန်ကျောင်းပိတ်ရက်မဟုတ်ဘဲ အရေးပေါ် အခြေအနေ တစ်ခုကြောင့် ကျောင်းပိတ် ထားခြင်းဖြစ်ပြီး၊ ကာလသတ်မှတ်ချက်မရှိပါဘူး၊ တာဝန်ရှိသူတွေက ဆက်သွယ် အကြောင်းကြားမှ ကျောင်းပြန်တက်ကြရမှာ ဖြစ်ပါတယ်။

    ကျောင်းပြန်ဖွင့်မယ်လို့သတင်းရပြီး  တဆင့်စကားတဆင့်ကြားသိရှိကြတဲ့ကျောင်းသား အချို့ကျောင်းကို ရောက်လာကြ ပါတယ်။ ကျောင်းသားကြီးအချို့ကအဆောက်အဦး(က)မှာ ကျောင်းသားငယ်အချို့ကို ယာယီနေရာချထားပေး ပါတယ်။ ကျောင်း အုပ်ချုပ်ရေး တာဝန်ရှိသူတွေက ကျောင်းမဖွင့်သေးလို့ ကြိုတင်ရောက်နေတဲ့ ကျောင်းသားတွေကို အဆောက်အဦး(က)မှာ သင့်သလို အဆင်ပြေရန် ခေတ္တယာယီနေထိုင်ဖို့ စီစဉ်ပေးထားခြင်းဖြစ်ပါတယ်။ စာသင်ဆရာတွေကတော့ မရောက်ရှိကြသေးသလို အလုပ်တာဝန်ခန့်အပ်ခြင်း၊ တာဝန်ပေးထားခြင်းလည်း မရှိသေးပါဘူး။ ကြိုတင်ရောက်နေတဲ့ ကျောင်းသား အချို့ရဲ့နေထိုင်စားသောက်ရေးကို ကျောင်းအုပ်ချုပ်ရေးတာဝန်ရှိတဲ့ A နှင့် B ပုဂ္ဂိုလ်များကစီစဉ်ပေးပါတယ်။ ကျောင်းလဲ မဖွင့်ရသေး။ စာလည်းမသင်ရသေးပါဘူး။

    ကျောင်းသားအချို့ရောက်ပြီး ၂ရက်၊ ၃ရက်လောက်အကြာ၊ ညသန်းခေါင်ကျော် နောက်တစ်နေ့အကူးလောက်မှာ အဆောက်အဦး(က)ရဲ့မီးအားမြှင့်စက်ထားတဲ့အခန်းကစပြီး မီးလောင်မှုဖြစ်ပါတယ်။ ကံအကြောင်းမလှလို့အဆောက်အဦး(က)မှာ ယာယီညအိပ်တဲ့ကျောင်းသားငယ်တွေထဲက ဆယ်ယောက်ကျော်မီးလောင်မှုကြောင့် အသက်သေဆုံးခဲ့ကြရပါတယ်။ အချိန်ကာလကတော့လူမျိုးရေး၊ ဘာသာရေးပဋိပက္ခအကြမ်းဖက်မှုတွေဖြစ်နေတဲ့ကာလလို့ဘဲဆိုကြပါစို့။ ယခုလိုဧပြီလ နွေရာသီကာလဆိုပါစို့။

    တာဝန်ရှိသူတွေက မီးအားမြှင့်စက်အပူရှိန်လွန်ကဲရာမှမီးလောင်မှုဖြစ်ကြောင်း စုံစမ်းစစ်ဆေးတွေ့ရှိချက်အရ မီးလောင်မှုနဲ့လူသေမှုအရ အမှုဖွင့်လှစ်စစ်ဆေးခဲ့ပါတယ်။ စစ်ဆေးပေါ်ပေါက်ချက်အရမီးလောင်တဲ့ညက ညအိပ်ရောက်ရှိနေတဲ့ဆရာ C နဲ့ D ကိုဖမ်းဆီး အရေးယူတရားစွဲခဲ့ပါတယ်။ အမှုနဲ့ပတ်သက်ပြီး၊ သေဆုံးသူ ကျောင်းသားများရဲ့မိဘများက ကံအကြောင်းမလှလို့ သူတို့ရဲ့ကလေးတွေသေရခြင်းဖြစ်ပြီး စွပ်စွဲခံရတဲ့ဆရာ C နဲ့ D ရဲ့ပြုလုပ်မှုကြောင့်မဟုတ်၍ တရားနှင့်ဖြေခွင့်လွှတ်ပြီး ဆရာတွေအပေါ် အပြစ်ပေးအရေးယူခြင်း မပြုစေလိုသဖြင့် အမှုကြေအေးလွှာများ လက်မှတ်ရေးထိုးတင်ပြခဲ့ပါတယ်။ သက်သေခံဝင်ထားပါတယ်။

    အမှုမှာတရားလိုဘက်မှတရားလိုပြသက်သေအယောက်(၄၀)ကျော် အစစ်ခံထွက်ဆိုခဲ့ပါတယ်။ တရားလိုပြသက်သေတွေထဲမှာ ရဲအရာရှိတွေ၊ မီးသတ်အရာရှိတွေ၊ လျှပ်စစ်ဌာနမှတာဝန်ရှိသူတွေ၊ မီးလောင်တဲ့အဆောက်အဦးက တာဝန်ရှိအုပ်ချုပ်သူတွေနဲ့ ၀န်ထမ်းဟောင်းအချို့၊ မီးလောင်စဉ်ကရှိနေတဲ့ကျောင်းသား အချို့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှတာဝန်ရှိသူတွေ၊ လမ်းလုံခြုံရေးတွေ၊ ကြက်ခြေနီနဲ့ရှာဖွေပုံစံသက်သေတွေပါဝင်ပါတယ်။ တရားလိုဘက်သက်သေများ အစစ်ခံထွက်ဆိုချက်များ အရ အောက်ပါ အချက်အလက် များပေါ်ပေါက်ပါတယ်။

    – အပူရှိန်မြင့်တက်ရာမှ မီးစတင်လောင်ကျွမ်းပါတယ်ဆိုတဲ့ မီးအားမြှင့်စက်ကိုစွပ်စွဲခံရသူ C နဲ့ D ကပိုင်ဆိုင် ခြင်း၊ လက်ရှိထားခြင်း၊ စီမံခန့်ခွဲခြင်း၊ အသုံးပြုခြင်းဖြစ်ကြောင်း သက်သေခံချက်မရှိဘဲ ကျောင်းအုပ်ချုပ်ရေး တာဝန်ရှိသူ A နှင့် B ပုဂ္ဂိုလ်များကပိုင်ဆိုင်၊ လက်ရှိထား၊ အသုံးပြုခြင်းဖြစ်ကြောင်း

    – အခင်းဖြစ်ချိန်ကကျောင်းပြန်မဖွင့်သေးဘဲ၊ ကျောင်းသားအချို့ ကြိုတင်ရောက်နေပြီး စွပ်စွဲခံရသူဆရာ(၂)ဦး C နဲ့ D မှာအခင်းဖြစ်ညကအဆောက်အဦး(က)သို့လာရာမှ တပည့်များဝိုင်းဝန်းတောင်းဆိုမေတ္တာရပ်ခံချက်အရ၊ ဆရာ C ကမီးလောင်တဲ့ အဆောက်အဦး(က)ရဲ့ အောက်ထပ်မှာကျောင်းသားငယ်အချို့နှင့် ညအိပ်ခဲ့ပြီး၊ ဆရာ D ကတော့မီးမလောင်တဲ့ သီးခြားအဆောက်အဦး(ခ)အပေါ်ထပ်မှာ ကျောင်းသားကြီးအချို့နှင့်ညအိပ်ခဲ့ကြောင်း

    – ဆရာ C နဲ့ D တို့သည်အခင်းဖြစ်ချိန်က ကျောင်းမဖွင့်သေး၍ ဆရာအဖြစ်ပြန်လည်လျှောက်ထားခြင်း၊ ဆရာအဖြစ်ခန့်ထား ခံရခြင်းမရှိသေးသဖြင့် တာဝန်မရှိသေးကြောင်း၊ စွပ်စွဲခံရသူဆရာ C နဲ့ D တို့ဟာအချင်းဖြစ်ကာလကတာဝန်ရှိ လစာစားဝန်ထမ်းများမဟုတ်ကြောင်း ကျောင်းအုပ်ချုပ်ရေးအကြီးအကဲရဲ့ထွက်ဆိုချက်ရှိကြောင်း

    – ဆရာ C နဲ့ D တို့အခင်းဖြစ်ချိန်က ကြီးကြပ်သူဆရာများအဖြစ်တာဝန်ရှိကြောင်း တရားဝင်ခန့်အပ်ပြီးသောဝန်ထမ်းဖြစ်ကြောင်း သက်သေခံချက်တစ်စုံတစ်ရာ တင်ပြထားနိုင်ခြင်းမရှိကြောင်း

    – မီးစတင်လောင်သည့်အဆောက်အဦးမှာ သီးခြားအဆောက်အဦး(က)ဖြစ်ပြီး၊ ကျောင်းဆောင်(ခ)မှာမီးလုံးဝလောင်ခြင်းမရှိသည့် သီးခြားအဆောက်အဦးဖြစ်ကြောင်း

    – အခင်းဖြစ်ကာလက အဆောက်အဦး(က) နှင့် (ခ) မှာအုပ်ချုပ်သူများဖြစ်ကြသည့် A နှင့် B ပုဂ္ဂိုလ်များ လက်ရှိထားစီမံခန့်ခွဲအုပ်ချုပ်လျှက်ရှိကြောင်း

    – အခင်းဖြစ်မီးစတင်လောင်ကျွမ်းသည့်မီးအားမြှင့်စက်ထားရာ အခန်းတွင်ဒီဇယ်ဆီပုံးတွေ့ရှိသည်ဆိုရာတွင် ဒီဇယ်ဆီပုံးကို စွပ်စွဲခံရသူဆရာ C နဲ့ D က၀ယ်ယူထားရှိခြင်းဖြစ်ကြောင်း၊ ထိုသို့ထားရှိသည်ကိုသိကြောင်းလည်း လုံးဝသက်သေခံချက် မပေါ်ပေါက်ကြောင်း

    – အခင်းဖြစ်မီးစတင်လောင်ကျွမ်းသည့်မီးအားမြှင့်စက်ကို အခင်းဖြစ်ညကစွပ်စွဲခံရသူဆရာ C နဲ့ D တို့ကကိုင်တွယ် အသုံးပြုခဲ့ခြင်းဖြစ်သည်ဟု သက်သေခံချက်များလုံးဝမပေါ်ပေါက်ကြောင်း

    – စွပ်စွဲခံရသူ (C) နဲ့ (D) တို့၏ မဆင်မခြင်ပေါ့ဆစွာပြုလုပ်မှုကြောင့် မီးအားမြှင့်စက်အပူလွန်ကဲပြီး မီးစတင်လောင်ကျွမ်းရခြင်းဖြစ်သည်ဟု သက်သေခံချက်မပေါ်ပေါက်ကြောင်း

    – စာသင်သားကလေးများသေဆုံးရခြင်းမှာ စွပ်စွဲခံရသူဆရာ (C) နဲ့ (D) တို့၏ပြုလုပ်မှုကြောင့်၊ မဆင်မခြင်ပေါ့ဆမှုကြောင့် မီးလောင်သေဆုံးရခြင်းဖြစ်သည်ဟု သက်သေခံချက်မပေါ်ပေါက်ကြောင်း

    – စွပ်စွဲအရေးယူခြင်းခံရသည့်ဆရာ (၂)ဦးအနက်ဆရာ (C) ညအိပ်သည့်အဆောက်အဦး(က)သာ မီးလောင်ခြင်းဖြစ်ပြီး ဆရာ (D)ညအိပ်သည့် သီးခြားကျောင်းဆောင်(ခ) မှာလုံးဝမီးမလောင်ကြောင်း

    – မီးလောင်သည့်အဆောက်အဦး(က)နှင့် မီးမလောင်သည့်ကျောင်းဆောင်(ခ)တို့မှာ စွပ်စွဲခံရသူဆရာ C နဲ့ D တို့ပိုင်ဆိုင်ခြင်းမရှိသည့်အပြင် လက်ရှိထားစီမံခန့်ခွဲအုပ်ချုပ်ကြီးကြပ်နေသော ပစ္စည်းလည်းမဟုတ်ကြောင်း

    – မီးအားမြှင့်စက်အပူလွန်ကဲပြီး မီးစတင်လောင်ကျွမ်းခြင်းဖြစ်သည်ဆိုသော်လည်း အမှန်တကယ်မည်သည့်နေရာက မီးစတင်လောင်ကျွမ်းခြင်းဖြစ်ကြောင်း တိကျသေချာသည့် မျက်မြင်သက်သေအထောက်အထားလည်းမရှိ၊ မီးလောင်ကျွမ်းပြီးမှ သိမ်းဆည်းထားသောသက်သေခံမီးအားမြှင့်စက်မှာလည်း မီးအားမြင့်တက်ခဲ့ကြောင်း တိကျခိုင်လုံသည့် သိပ္ပံနည်းကျသက်သေခံချက်လည်းမရှိဘဲ ထင်မြင်ယူဆချက်သာရှိကြောင်း

    – အခင်းဖြစ်မီးလောင်မှုတွင် စွပ်စွဲခံရသူဆရာ (C) နဲ့ (D) တို့၏ပေါ့ဆစွာမဆင်မခြင်ပြုလုပ်မှုကြောင့်ဖြစ်ကြောင်း မျက်မြင်သက်သေတစ်ဦးမျှမရှိကြောင်း၊ ကွင်းဆက်ပြတ်နေသောထင်မြင်ယူဆချက်သာရှိကြောင်း

    – သေဆုံးသူစာသင်သားကျောင်းသားများကို စွပ်စွဲခံရသူဆရာ (C) နဲ့ (D) တို့ကစီမံခန့်ခွဲနေရာချထားပေးပြီး တာဝန်ယူကြီးကြပ်လျှက် ရှိစဉ် သေဆုံးရခြင်းဖြစ်သည်ဟု တရားဝင်တာဝန်ရှိကြောင်း၊ အထောက်အထားသက်သေ ခံချက်မရှိကြောင်း

    – စွပ်စွဲခံရသူဆရာ (D) ညအိပ်သည့်သီးခြားကျောင်းဆောင်အဆောက်အဦး(ခ)မှာ မီးမလောင်သည့်အပြင် ကျောင်းသား တစ်ဦးမျှသေဆုံးခြင်းမရှိကြောင်း

    – စွပ်စွဲခံရသူဆရာ(၂)ဦးသည် မီးငြိမ်းသတ်ရေးနှင့် ကျောင်းသားများလွတ်မြောက်ရေးအတွက် ကြိုးစားလုပ်ဆောင်ခဲ့ကြောင်း

    – အထက်ပါသက်သေခံချက်များပေါ်ပေါက်နေပါလျှက် ဆရာ(C)နှင့်(D)တို့သည် ဆရာဟောင်းမဖြစ်ကြ၍ မီးအားမြှင့်စက်နှင့် ဒီဇယ်ဆီပုံးထားရှိသည်ကို မသိနိုင်စရာအကြောင်းမရှိကြောင်းနှင့် မီးအားမြှင့်စက်နှင့် ဒီဇယ်ဆီပုံးကိုစစ်ဆေးရန်ပျက်ကွက်ကြောင်း သုံးသပ်ပြီး အပြစ်ပေးထားကြောင်း

    အကယ်၍သင်သာတရားသူကြီးဖြစ်သည်ဆိုလျှင် ဤအချက်များပေါ်ပေါက်နေပါက စွဲချက်တင်မည်လား?

    စွပ်စွဲခံရသူဆရာ(၂)ဦးစလုံးကိုပြစ်မှုဆိုင်ရာဥပဒေပုဒ်မ-၂၈၅(ဒုတိယပိုဒ်)နှင့် ပုဒ်မ-၃၀၄(က)တို့အရ  စွဲချက်တင်ခဲ့သည်ဆိုပါစို့။ ဆရာ(၂)ဦးက အပြစ်မရှိကြောင်းငြင်းဆိုပြီး သက်သေအဖြစ် အစစ်ခံခဲ့ကာ တရားခံပြသက်သေများတင်ပြခဲ့ပါတယ်။ တရားခံပြသက်သေများက စွပ်စွဲခံရသူဆရာ(၂)ဦးအပေါ် ထောက် ခံထွက်ဆိုခဲ့ပါတယ်။ တရားလိုပြသက်သေ အများစုရဲ့ထွက်ချက်နဲ့လည်း ထပ်တူဖြစ်နေတာရှိပါတယ်

    ဒီအချက်တွေကိုတရားခံတွေရဲ့ ရှေ့နေကအသေးစိတ်ထောက်ပြပြီးဥပဒေပြဌာန်းချက်၊ စီရင်ထုံးတွေနဲ့ အညီ အပြစ် မပေးထိုက်ကြောင်းလျှောက်လဲ တင်ပြခဲ့တယ်လို့ ဆိုပါစို့။

    တရားရုံးက စွပ်စွဲခံရသူဆရာ(၂)ဦးအပေါ်ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ-၂၈၅(ဒုတိယပုဒ်)အရအလုပ်နှင့် ထောင်ဒဏ်(၂)နှစ်စီ၊ ပုဒ်မ-၃၀၄(က)အရအလုပ်နှင့်ထောင်ဒဏ်(၆)နှစ်စီကို သီးခြားစီကျခံစေရန် အမိန့် ချမှတ်ခဲ့လို့ ဆရာ(၂)ဦး ဟာ ပြစ်ဒဏ်(၈)နှစ်စီကျခံနေရသည်ဆိုပါစို့။

    ဆရာ(၂)ဟာအထက်တရားရုံးအဆင့်ဆင့်သို့ အယူခံနှင့်ပြင်ဆင်မှုတွေ ၀င်ရောက်ရာမှာလည်းပယ်ခြင်း၊ ပလပ်ခြင်းခံရပြီး ယခုအထူးခုံရုံး(စုံညီ) ၀င်ရောက်ခွင့်သာ ကျန်ရှိတော့သည်ဆိုပါစို့။

    ကဲ……ဒီလိုဆို

    – ဒီအဆာက်အဦး(က) မီးလောင်မှုမှာအဆောက်အဦး(၂)ခု၌ တာဝန်မရှိဘဲ သီးခြားစီညအိပ်ခဲ့မိတဲ့ဆရာ (၂)ဦးမှာတာဝန်ရှိပါသလား? အပြစ်ရှိပါသလား?

    – မီးမလောင်၊ လူမသေတဲ့သီးခြားအဆောက်အဦး(ခ)မှာ တာဝန်မရှိသေးဘဲ ညအိပ်ခဲ့မိတဲ့ဆရာ(D)မှာ ရောတာဝန်ရှိပါသလား? အပြစ်ရှိပါသလား?

    – ဆရာ(၂)ဦးမှာအပြစ်မရှိဘူးလို့ယူဆရင် ဘယ်သူတွေမှာတာဝန်ရှိပါသလဲ? (မဖြေဘဲနေနိုင်ပါသည်။)

    – မီးလောင်၊ လူသေတဲ့အဆောက်အဦး(က) မှာတာဝန်မရှိဘဲ ညအိပ်ခဲ့မိတဲ့ဆရာ(C)မှာရော တာဝန်ရှိပါသလား? အပြစ်ရှိပါသလား?

    – ဒီဆရာ(၂)ဦးဟာမီးစတင်လောင်သည်ဆိုသည့် မီးအားမြှင့်စက်ကိုပေါ့ဆစွာမဆင်မခြင်အသုံးပြုခဲ့ကြ တယ်။ မီးမြှင့်စက်နဲ့ ဒီဇယ်ပုံးကိုစစ်ဆေးရန်ပျက်ကွက်ခဲ့ကြတယ်လို့စွပ်စွဲ၊ သုံးသပ်ချက်ဟာအထက်ပါ ပေါ်ပေါက်ချက်များအရ ခိုင်လုံပါသလား? ဥပဒေနဲ့ညီညွှတ်ပါသလား?

    – မိဘတွေကကျေအေးလွှာတင်ထားပါလျှက်ပြင်းထန်တဲ့ ပြစ်ဒဏ်ချမှတ်ခံရတာ ဘာကြောင့်လို့ထင်ပါလဲ?

    – တစ်ဆက်တည်းဖြစ်တဲ့ဖြစ်ရပ်(၂)ခုအတွက် ပြစ်ဒဏ်ကိုသီးခြားစီကျခံခိုင်းတာရော၊ တရားပါသလား?  မှန်ပါသလား?

    – ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ-၂၈၅(ဒုတိယပုဒ်)မှာ မီးကြောင့်လူ့အသက်အန္တရာယ်ဖြစ်စေလျှက် ပြစ်ဒဏ်ပေး ရန်သတ်မှတ် ထားခြင်းဖြစ်ကြောင်း ထင်ရှားနေရာယခုဖြစ်ရပ်မှာလည်း မီးလောင်မှုကြောင့်အသက်ဆုံးရှုံး ရသည့် တစ်ဆက်တည်းဖြစ်ရပ်ဖြစ်ခြင်းကြောင့် ယင်းပုဒ်မဖြင့်သာစီရင်နိုင်ပါလျှက် ပုဒ်မ-၃၀၄(က) လူ သေမှုဖြင့် သီးခြားပြစ်ဒဏ်ထပ်ပေးသင့်ပါသလား? ဥပဒေနဲ့ညီညွှတ်ပါသလား?

    – ပုဒ်မ-၃၀၄(က)မှာ မီးကြောင့်လူသေစေမှုမဟုတ်ဘဲယင်းပုဒ်မပါ အရမ်း သို့မဟုတ် မဆင်မခြင်ပေါ့လျှော့ သောပြုလုပ်မှုဆိုသည့် စကားရပ်သည် ပုဒ်မ-၂၈၅တွင်ပါဝင်ပြီးဖြစ်ရာ မီးကြောင့်လူသေရခြင်းသည်  ပုဒ်မ-၂၅၈(ဒုတိယပိုဒ်) အပြင်ပုဒ်မ-၃၀၄(က) တွင်ပါအကြုံးဝင်နေပါသလား?

    – စွပ်စွဲခံရသူတွေပြုလုပ်မှုကြောင့်၊ ပေါ့ဆမှုကြောင့်၊ မဆင်မခြင်ပြုလုပ်မှုကြောင့်၊ တရားဝင်တာဝန်ရှိမှု  ကြောင့်မီးလောင်မှု၊ လူသေရမှုဖြစ်ကြောင်းတိုက်ရိုက်မျက်မြင်သက်သေခံချက်မရှိဘဲ ထင်မြင်ချက်၊ ယူဆချက်ဖြင့် ကွင်းဆက်ပြတ်နေသော သက်သေခံချက်ကို ထင်ကြေးဖြင့်ပြစ်ဒဏ်ချမှတ်လျှင် ဥပဒေနဲ့ညီညွှတ်ပါသလား? မှန်ပါသလား? ဘာသာရေးကိုနိုင်ငံရေး အတွက်အလွဲသုံးစားပြုခြင်း ဖြစ်ပါသလား?

    အကယ်၍စာဖတ်သူလူကြီးမင်းသာ ဒီအမှုကိုတရားစီရင်ရမယ်ဆိုရင်ဘ…….

    – လူကိုကြည့်ပြီး၊ စီရင်မှာလား၊ လူမျိုးနဲ့ဘာသာကိုကြည့်ပြီးဆုံးဖြတ်မှာလား? အပြစ်ဒဏ်ချမှတ်မှာလား။?

    – လူကြီးမင်းသာရှေ့နေဆိုရင်ရော ဘာဆက်လုပ်မလဲ။? ဒီပုစ္ဆာကိုဖြေပါ။

    * ထည့်သွင်းလေ့လာသုံးသပ်ရမည့် ဥပဒေပြဌာန်းချက်ကတော့
    ပြစ်မှုဆိုင်ရာဥပဒေ(ရာဇသတ်ကြီး)
    ပုဒ်မ-၂၈၅(ဒုတိယပိုဒ်)
    (၁) တရားခံသည်မီးသို့မဟုတ် မီးလောင်လွယ်သောအရာဝတ္ထုကို လက်ရှိဖြစ်ခြင်း
    (၂) မီးသို့မဟုတ် မီးလောင်လွယ်သောအရာဝတ္ထုကြောင့် လူ့အသက်အန္တရာယ်ဖြစ်ခြင်းမှ ကာကွယ်ရန် လုံလောက်အောင် နေရာတကျမထားဘဲပျက်ကွက်ခြင်း
    (၃) ယင်းပျက်ကွက်မှုသည် သိလျက်နှင့်သော်လည်းကောင်း၊ ပေါ့ဆ၍သော်လည်းကောင်းဖြစ်ခြင်း

    စီရက်ထုံးများ
    (၁) “အခင်းဖြစ်နေရာမှစတင်၍မီးလောင်မှုဖြစ်ပွားသည့် အကြောင်းကြောင့်တရားခံသည် ဤပုဒ်မအရ ပြစ်မှုကျူးလွန်သည်ဟု ယူဆရန်မဟုတ်ကြောင်း”

    အစိုးရနှင့် မအုန်း၊ ရွေးချယ်ထားသည့်စီရင်ချက်များ၊ အောက်မြန်မာပြည်၊ ၁၃၄အမှု။
    အစိုးရနှင့် မောင်စိန်၊ ရွေးချယ်ထားသည့်စီရင်ချက်များ၊ အောက်မြန်မာပြည်၊ ၅၆၉အမှု။

    (၂) “တရားခံက အရမ်းပြုမူ၊ ပေါ့လျော့မှု သို့မဟုတ် ပြုသင့်သည်ကိုမပြုဘဲ ပျက်ကွက်မှုကြောင့်ဖြစ်သည် ဟု တရားလိုဘက်မှ သက်သေအထင်အရှားတင်ပြရန်လိုသည်။”
    အစိုးရနှင့်မောင်ဏ(၁၉၀၂-၀၃)၊ အတွဲ-၁၊ အထက်မြန်မာပြည်စီရင်ထုံး၊ ၇ (ပြစ်မှု)။
    မတင်ရွှေနှင့်ပြည်ထောင်စု၊ ၁၉၆၅၊ မြန်မာပြည်စီရင်ထုံး၊ ၆၅၀

    ပုဒ်မ-၃၀၄(က)
    “မည်သူမဆိုပြစ်မှုပြစ်ဒဏ်ထိုက်သောလူသေမှုအဖြစ်ဖြင့်သော်လည်းကောင်း၊ လူသတ်မှုအဖြစ်ဖြင့်သော်လည်း၊ အပြစ်ဒဏ်ချမှတ်ခြင်း မခံထိုက်သောအရမ်းပြုလုပ်မှုကိုသို့တည်းမဟုတ် ပေါ့လျော့သောပြုလုပ်မှု ကိုပြု၍ လူကိုသေစေလျှင်ထိုသူကို ခုနစ်နှစ်အထိ ထောင်ဒဏ် တစ်မျိုးမျိုးချမှတ်ရမည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်ပါသည်။”

    စီရင်ထုံးများ
    ————–
    (၃) “လူသေသည့်အမှုတိုင်းတွင် တရားခံ၏အရမ်းပြုလုပ်မှုကြောင့်ဖြစ်ရသည် ဟုတထစ်ချ ယူဆရန်မဟုတ်ကြောင်း၊ တရားခံ၏အရမ်း သို့မဟုတ် ပေါ့လျော့သော ပြုလုပ်မှုကြောင့်သေဆုံးရကြောင်း သက်သေအခိုင်အလုံတင်ပြရန်လိုကြောင်း၊ ထို့အပြင်အခြားလူ တစ်ဦး၏ပေါ့လျော့မှုကြောင့် သေဆုံးရခြင်း မဟုတ်ဘဲ တရားခံ၏ပြုလုပ်မှုနှင့် တိုက်ရိုက်သက်ဆိုင်ကြောင်းပြသရန်လိုသည်။”
    မောင်ဘိုကေနှင့် ပြည်ထောင်စု၊ ၁၉၅၆၊ မြန်မာပြည်စီရင်ထုံး၊ ၁၀၁(လွှတ်တော်)

    * အရမ်း သို့မဟုတ် ပေါ့လျော့သောပြုလုပ်မှုအဓိပ္ပါယ်
    “အရမ်းသို့မဟုတ်ပေါ့လျော့သော ပြုလုပ်မှုဆိုသည်မှာ ဆင်ခြင်တုံတရားရှိသည့် သာမန်အသိဥာဏ်ရှိသောသူတစ်ဦး၏ ပြုလုပ်မှုမျိုးကို မပြုလုပ်ဘဲပျက်ကွက်ခြင်း သို့မဟုတ် တစ်ခုခုကို လုပ်ကိုင်ဆောင်ရွက်ရာ၌
    ထိုကဲ့သို့သောသူမျိုး ပြုလုပ်လိမ့်မည်မဟုတ်သည့် ပြုမူမှုများကိုပြုလုပ်ခြင်းကို ဆိုလိုသည်။” မောင်ဘိုကြည် နှင့် ပြည်ထောင်စု၊ ၁၉၆၇၊ မြည်မာပြည်စီရင်ထုံး၊ စာ-၅၆၅

    စီရင်ထုံးများ
    ————–
    (၁) “ပြစ်မှုမြောက်စေမည့်အကြောင်းအင်္ဂါရပ်များစုံလင်အောင် တင်ပြသက်သေထူရန် မူလရုံးတရားလိုဘက်၌ တာဝန်ရှိသည်။ ကွင်းဆက်ပြတ်နေပါက ထိုကွင်းဆက်ကိုထင်ကြေးဖြင့် မဆက်နိုင်ပေ”
    မောင်ဟန်စိုးနှင့်ပြည်ထောင်စုမြန်မာနိုင်ငံတော်၊ ၁၉၈၀၊ မတစ၊ ၆(အထူး)

    (၂) “တရားခံသည်၊ တကယ်ပင်ပြစ်မှုကျူးလွန်ကြောင်းခိုင်လုံသော သက်သေမရှိဘဲ သံသယကြောင်းဖြင့် ၎င်းအားပြစ်ဒဏ် စီရင်ခြင်းမပြုနိုင်…”
    အော်ဒရော်ဖမန်နှင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်၊ ၁၉၆၅၊ မတစ၊ ၅၃၈

    (၃) “လျှောက်ထားသူများသည် အမှန်တကယ်ပင်ပြစ်မှုကျူးလွန်ကြောင်းခိုင်လုံသော သက်သေအထောက် အထားမရှိဘဲ သံသယနှင့်အပြစ်ဒဏ်စီရင်မည့်အစား တရားလိုဘက်မှ တရားခံအပြစ်ရှိကြောင်း သက်သေ
    ထူရန်ပျက်ကွက်သည် ဟု သုံးသပ်၍ တရားခံသက်သာစေမည့် ကောက်ချက်ကို လက်ခံခြင်းဖြင့်ပို၍ တရား မျှတ ရာရောက်မည်။”
    အမ်အေအာ ရာဇ်နှင့် နိုင်ငံတော် (၁၉၇၀၊ အထူးအယူခံအဖွဲ့၊ ၁၆)

    * ၁၉၇၃-ခုနှစ် စကားရပ်များအနက်အဓိပ္ပါယ်ဖွင့်ဆိုရေး ဥပဒေပုဒ်မ-၂၂

    “ပြုလုပ်မှု သို့မဟုတ် ပျက်ကွက်မှုတစ်ခုခုသည် ဥပဒေနှစ်ရပ် သို့မဟုတ် နှစ်ရပ်ထက်ပိုသော ဥပဒေများအ ရပြစ်မှုမြောက်လျှင် ပြစ်မှု ကျူးလွန်သူကို ယင်းဥပဒေများအနက် ဥပဒေတစ်ရပ်ရပ်ဖြင့်သာ တရားစွဲဆိုအပြစ်ပေးရမည်။ ပြစ်မှု တစ်ရပ်တည်း အတွက် ပြစ်ဒဏ်တစ်ကြိမ်ထက်ပို၍ မခံစေရ”

    ဦးအုန်းမောင်(ရန်ကင်း) တရားလွှတ်တော်ရှေ့နေ