News @ M-Media
Author: editor
  • ပါမောက္ခ ဒေါက်တာ ဦးရဲမြင့် ကွယ်လွန်ခြင်း (သို့) ဆေးလောကရဲ့ ကြွယ်တပွင့် ကြွေလွင့်ခြင်း
    ပါမောက္ခ ဒေါက်တာ ဦးရဲမြင့် ကွယ်လွန်ခြင်း (သို့) ဆေးလောကရဲ့ ကြွယ်တပွင့် ကြွေလွင့်ခြင်း
    ဧပြီ ၂၁ ၊ ၂၀၁၆
    M-Media
    သတင်း-ဖြူလေး
    Prof Ye Myintခွဲစိတ် ဆရာဝန်ကြီး  ပါမောက္ခ ဒေါက်တာဦးရဲမြင့်  ဧပြီလ (၂၀) ရက်နေ့မှာ ကွယ်လွန်သွားခဲ့ကြောင်းသိရပါတယ်။
    .
    ပါမောက္ခ ဒေါက်တာဦးရဲမြင့်ကို (ဦးအီဘရာဟင်-ဒေါ်အေးချို )တို့မှ ၁၉၃၇ ခုနှစ် မန္တလေးတိုင်းဒေသကြီး၊  မြစ်သားမြို့မှာ မွေးဖွားခဲ့ပြီး မွေးချင်း (၇)  ယောက်အနက် (၄) ယောက်မြောက်လည်း ဖြစ်ပါတယ်။
    .
    ငယ်စဉ်ကတည်းက ပညာမှာ ထူးချွန်ခဲ့တဲ့ ဦးရဲမြင့်ဟာ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို မြန်မာနိုင်ငံတစ်ငံလုံး ပထမအဆင့် အမှတ်ပေါင်း (၅၅၄ မှတ်) ဖြင့် ဘာသာစုံဂုဏ်ထူးဖြင့် ထူးချွန်ခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။
    .
    မန္တလေး ဆေးတက္ကသိုလ်မှာ တတိယနှစ်ထိ ပညာသင်ကြားခဲ့ပြီး နောက်ပိုင်း ရန်ကုန်တက္ကသိုလ်သို့ ကူးပြောင်းလာခဲ့သည်။ ရန်ကုန် တက္ကသိုလ်တွင်  M.B.B.S ဘွဲ့ကို ရယူခဲ့ပါတယ်။ ဘွဲ့ရပြီးနောက်ပိုင်းမှာတော့ မန္တလေးဆေးရုံကြီးမှာ ခွဲစိတ်ဌာနတွင် ပထမဆုံး လုပ်ကိုင်ခဲ့ပါတယ်။ ဦးရဲမြင့်ဟာ ခွဲစိတ်ရာမှာ ပါရမီပါသူတစ်ဦးဖြစ်ပြီး ဆရာဝန်ကြီးများ အားကိုးအားထားရသူ တစ်ဦးလည်း ဖြစ်လာခဲ့ပါတယ်။
    .
    ၁၉၆၆ ခုနှစ်မှာတော့ အိမ်ထောင်ပြုခဲ့ပြီး သားရတနာတစ်ဦး ထွန်းကားခဲ့ပါတယ်။
    .
    ဦးရဲမြင့်ဟာ ရန်ကုန် ဆေးတ္ကသိုလ် (၁) ခွဲစိတ်ကုပညာဌာနမှာ ပါမောက္ခ ဌာနမှူးအဖြစ် အသက် (၆၀)အထိ နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။
    .
    ထို့အပြင် ဦးရဲမြင့်ဟာ ရန်ကုန် အထွေထွေရောဂါကု ဆေးရုံသစ်ကြီးမှာ လည်းကောင်း၊ ပုဂ္ဂလိက ဆေးရုံဖြစ်တဲ့ ဗဟိုစည် ဆေးရုံတို့မှာလည်းကောင်း ခွဲစိတ်ကုဆရာဝန်ကြီးအဖြစ် လူနာပေါင်း များစွာရဲ့ အသက်ကို ကယ်တင်ခဲ့သူလည်း ဖြစ်ပါတယ်။
    .
    အသက် (၇၉) နှစ်အရွယ်ရှိပြီဖြစ်တဲ့ ပါမောက္ခ ဒေါက်တာဦးရဲမြင့်ဟာ ဧပြီလ (၂၀) ရက်နေ့ နံနက်မှာ ကွယ်လွန်သွားခဲ့ပြီး  မသေဆုံးမီ သူ့ ကိုယ်ခန္ဓာကို ရန်ကုန်ဆေးတက္ကသိုလ် (၁) ကို လှူဒါန်းထားခဲ့သူလည်း ဖြစ်ပါတယ်။
  • စစ်တွေမှာ စက်လှေမှောက်လို့ သေဆုံးသူ ၂၀ ကျော်
    စစ်တွေမှာ စက်လှေမှောက်လို့ သေဆုံးသူ ၂၀ ကျော်
    BBC မှ ကူးယူဖော်ပြသည်။
    13015587_1011783062210912_3976056087535824762_n
    စစ်တွေမြို့ သဲချောင်းဆိပ်ကမ်းအနီး ဧပြီလ ၁၉ ရက်နေ့က တိမ်းမှောက်ခဲ့တဲ့ စက်လှေပေါ်လိုက်လာကြသူတွေထဲက အလောင်း ၄ လောင်းကို ဧပြီလ ၂၀ ရက်နေ့မှာ ထပ်မံ တွေ့ရှိခဲ့ပါတယ်။
    ဒါကြောင့် စုစုပေါင်း သေဆုံးသူ အရေအတွက်ဟာ ၂၂ ဦး ထိရှိလာပြီ ဖြစ်ပါတယ်။
    ပျောက်ဆုံးနေတဲ့ လူအရေအတွက်ကလည်း ၄၀ ကျော် လောက်ရှိပြီး ရှာဖွေရေး လုပ်ငန်းတွေကို လုပ်နေဆဲဖြစ်ပါတယ်။
    ရှာဖွေရေးလုပ်ငန်းတွေကို အစိုးရဘက်ကထက် ဒုက္ခသည်စခန်းဘက်က လှေတွေကပဲအဓိကလုပ်ကိုင်နေတာဖြစ်တယ်လို့ သဲချောင်းဒုက္ခသည်စခန်းက ကယ်ဆယ်ရေးလုပ်ငန်းလုပ်ကိုင်နေသူတစ်ဦးက ပြောပါတယ်။
    ဒီစက်လှေမှောက်တဲ့ နေရာကတော့ ပြီးခဲတဲ့နှစ်က လူကုန်ကူးစက်လှေတွေ ခိုးထွက်တဲ့နေရာလို့ လူသိများတဲ့ သဲချောင်းဆိပ်ကမ်းအနီး ဖြစ်ပါတယ်။
    အသက်မသေဘဲ လွတ်လာသူတွေအပြောအရဆိုရင်တော့ သူတို့ဟာ ရိက္ခာပြတ်တာ၊ ဆေးကုသမှုခံချင်တာတို့ကြောင့် ရခိုင်ပြည်နယ်၊ ပေါက်တော်မြို့နယ်၊ ဆင်တက်မော် ကျေးရွာကနေ အမျိုးသမီးနဲ့ ကလေးငယ်တွေ အပါအဝင် လူပေါင်း ၈၀ ကျော်လောက် စက်လှေနဲ စစ်တွေမြို့ဘက်ကို အလာ အဲဒီ့ သဲချောင်းဆိပ်ကမ်း မရောက်ခင် ဧပြီလ ၁၉ရက်နေ့က လှိုင်းဒဏ်ကြောင့် တိမ်းမှောက်ခဲ့တာ ဖြစ်ပါတယ်။
    ဒီစက်လှေနဲ လိုက်ပါပြီး အသက်မသေဘဲလွတ်လာသူ ကိုညီချေက သူတို့ဟာ မြေပုံဒုက္ခသည်စခန်းကနေ ဆင်တက်မော် ကိုလာပြီး အဲဒီကနေ စစ်တွေကိုလာခဲ့တာလို့ ပြောပါတယ်။
    သူကတော့ ရေကူးတတ်လို့ အသက်မသေဘဲ လွတ်လာခဲ့ပေမယ့် ရေမကူးတတ်သူတွေ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
    စက်လှေမှောက်လို့ သေဆုံးခဲသူတွေရဲ မိသားစုဝင်တွေကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့ နယ်စပ်ရေးရာဝန်ကြီးက သဲချောင်းစခန်းကို လာရောက်ပြီး မိသားစု တစ်စုကို ငွေ ၂ သိန်းစီ ထောက်ပံ့ပေးခဲတယ်လို့လည်းသိရပါတယ်။
    အခုစက်လှေမှောက်တဲနေရာဟာ မကြာခဏစက်လှေမှောက်တဲ့ နေရာဖြစ်ပြီး ဒုက္ခသည်တွေကတော့ ဒီလိုဒုက္ခဆိုးတွေလွတ်အောင် သူတို့လွတ်လပ်စွာခရီးသွားလာခွင့်ရဖို့ နဲ့ ကိုယ့်နေရပ်ရင်းတွေမှာပြန်နေခွင့်ရကြဖို့ကို မျော်လင့်နေကြပါတယ်။
    Photo-AFP
    http://www.bbc.com/burmese/burma/2016/04/160420_boatcapsize
  • Sea Cucumber တစ်ကောင်၏ ရန်ရှောင်နည်း
    Sea Cucumber တစ်ကောင်၏ ရန်ရှောင်နည်း
    ဧပြီ ၂၀ ၊ ၂၀၁၆
    M-Media
    အေးထွန်း ရှာဖွေတင်ဆက်သည်။
    Bohadschia_argus
    ရန်သူတွေ လာနေတာ ကျွန်တော် ထောက်လှမ်းသိရှိလိုက်တယ်။ သူတို့တွေ ကျွန်တော့ကို ရန်မရှာသေးဘူး ၊ ပုန်းဖို့ ဘေးမှာ အပေါက်ငယ်လေးတစ်ခုပဲ ရှိတာ စမ်းသပ်မိတယ်။ ကျွန်တော့် ခန္ဓာကိုယ်နဲ့ ဒီတိုင်းဝင်လို့ မဆန့်ဘူး။
    ဘယ်လိုလုပ်မလဲ၊ ??? လွယ်ပါတယ်။ ကျွန်တော့်ကိုယ် ကျွန်တော် အရည်ဖျော် (Liquefy) ပြီး အရည်အိတ် ခန္ဓာကိုယ်ဖြစ်အောင် လုပ်လိုက်မယ်လေ။ ဒါဆိုရင် ကျွန်တော် ဒီအပေါက်ငယ်လေးထဲ စီးဝင်ပုန်းလို့ရပြီပေါ့။
    ဒါနဲ့ ခင်ဗျားက ကျွန်တော့်ကို မေးမယ်။ တကယ်လို့ ရန်သူတွေဟာ ကျွန်တော် မပုန်းရသေးခင် မြင်သွားပြီး ရန်မူပြီဆိုရင်ကော ဘယ်လိုလုပ်မလဲ၊ လွယ်ပါတယ်။ ကျွန်တော့်ခန္ဓာကိုယ်ထဲက အူတွေကို အပြင်ကို ဆွဲထုတ်ပြီး ထားခဲ့လိုက်မယ် ။ဒါဆို ရန်သူဟာ အူတွေကို အံဩတကြီး အာရုံစိုက်မိသွားမယ်လေ။ ဒီအချိန်မှာ ကျွန်တော် ထွက်ပြေးမှာပေါ့။
    “မင်း စိတ်ကူးတွေ ယဉ်ပြီး လျှောက်ပြောနေတာလား” လို့ ခင်ဗျား ကျွန်တော့်ကို မေးမလို့လား။ ဟင့်အင်း၊ ဒါဟာ ကျွန်တော့်ရဲ့ ရန်သူ့ရန်ရှောင်နည်းလမ်း အစစ်အမှန်ကို ပြောပြနေတာပါ။ဘာလို့လဲဆိုရင် ကျွန်တော်က ရေအောက်ထဲက Sea Cucumber ဆိုတဲ့ သတ္တဝါကောင်လေ။
    အရည်ဖြစ်သွားလို့ ခင်ဗျား ကျွန်တော့်ကို စိတ်ပူနေလား၊ စိတ်မပူပါနဲ့ ၊ ကျွန်တော် အလိုရှိတဲ့အချိန်မှာ ချက်ချင်း နဂိုပုံစံဖြစ်အောင် ပြန်လုပ်လို့ရပါတယ်။အူတွေ အပြင်ကို ထုတ်လိုက်လို့ ခင်ဗျား ကျွန်တော့်ကို စိတ်ပူနေလား ၊ စိတ်မပူပါနဲ့ ၊ ၃ပတ်ကနေ ၅ပတ်အတွင်း ကျွန်တော့်ဆီမှာ အူအသစ် ပြန်ဖြစ်တည်လာမှာလေ။
    (Extraordinary Animals: An Encyclopedia of Curious and Unusual AnimalsBy Ross Piper , Pg . 54-55)
    (Sea Cucumbers of British Columbia, Southeast Alaska and Puget Sound By Philip Lambert, Royal British Columbia Museum , Pg 19-20)
    (Encyclopedia Of The Aquatic World Edited by Marshall Cavendish Corporation , Pg 1048)
  • ” NLD အစိုးရမှာ ဘာသာရေးခွဲခြားတာ လုံးဝ မရှိဘူး” လို့ ရှေ့နေကြီး ဦးကိုနီပြော
    ” NLD အစိုးရမှာ ဘာသာရေးခွဲခြားတာ လုံးဝ မရှိဘူး” လို့ ရှေ့နေကြီး ဦးကိုနီပြော
    ဧပြီ ၂၀ ၊ ၂၀၁၆
    M-Media
    သီဟ
    U Ko Ni 2
    ၂၀၁၅ ရွေးကောက်ပွဲတွင်အနိုင်ရ ရှိပြိး တရားရေး မဏ္ဍိုင်၊ အုပ်ချူပ်ရေး မဏ္ဍိုင်တို့မှာ လုပ်ပိုင်ခွင့် အများစု ရရှိထားတဲ့ NLD အစိုးရ အနေနဲ့ ဘာသာရေး ခွဲခြားတာ လုံးဝ မရှိဘူးလို့ NLD ရဲ့ ဥပဒေ အကြံပေး တရားလွှတ်တော် ရှေ့နေကြီး ဦးကိုနီက BBC နဲ့ တွေ့ဆုံ မေးမြန်းခန်း တရပ်မှာ ပြောကြားလိုက်ပါတယ်။
    ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရ တက်လာပြီး  အမှုစစ်ဆေးဆဲ နိုင်ငံရေး အကျဉ်းသား တွေနဲ့ ပြစ်ဒဏ် ချမှတ်ပြီးသား နိုင်ငံရေး အကျဉ်းသားတွေကို အစိုးရသစ်က လွှတ်ပေးခဲ့ပါတယ်။
    ဒါပေမဲ့ တချို့သူတွေ လွတ်မလာသေးဘဲ ကျန်ရစ်နေကြပါတယ်။ အဲသလို ကျန်တာဟာ ဥပဒေကြောင်းအရ အခက်အခဲရှိလို့လား။
    အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဥပဒေ အကြံပေး ဦးကိုနီကို BBC က ဆက်သွယ် မေးမြန်းခဲ့တာဖြစ်ပါတယ်။
    BBC သတင်းထောက်က မန္တလေး အခြေစိုက် သင့်မြတ်လိုသူများ ဘာသာပေါင်းစုံ  ပရဟိတ အဖွဲ့မှ ကိုဇော်ဇော်လတ်နှင့် မပွင့်ဖြူလတ်တို့ မလွတ်မြောက်သေးတဲ့ အကြောင်းမေးမြန်းခဲ့ရမှာတော့ ဦးကိုနီက အောက်ပါအတိုင်း ဖြေကြားခဲ့တာ ဖြစ်ပါတယ်။
    “သူတို့ကတော့ ပြစ်ဒဏ်ကျခံသွားရပြီ ဖြစ်တဲ့အတွက် ၂၀၄(က) အရ အချိန်မရွေးလွှတ်ပေးလို့ ရသွားပြီ ၊ သမ္မတ ရဲ့ လုပ်ပိုင်ခွင့်ထဲကို ရောက်သွားပြီ ၊ အမှုရုပ်သိမ်းစရာ မလိုတော့ဘူး။ ဒါတွေဟာ နောက်တသုတ်မှာမှ ပါလာလိမ့်မယ်လို့ တူပါတယ်။ စီစစ်ဆဲ လို့ ကျနော်ယူဆတယ်။ တချို့တော်တော်များများက တော့ အွန်လိုင်းမှာ ပြောနေကြတယ်။ မွတ်စလင်မို့လို့ ဆိုပြီး .. ဒါတော့ လုံးဝ မဟုတ်ဘူးလို့ ကျနော်ပြောရဲပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီ NLD အစိုးရမှာ ဘာသာရေး ခွဲခြားတာ လုံးဝ မရှိဘူး။ အဲဒါတော့ ကျနော်ကိုယ်တိုင် မွတ်စလင်မ် တယောက် ၊ ကျနော်ကိုယ်တိုင် ပါတီမှာ ထဲထဲ ဝင်ဝင်လုပ်နေတဲ့ အတွက် ကျနော်သိပါတယ်။ ”
  • ဝန်ကြီးချူပ်ထံ စာပို့ရန် လက်မှတ်ကောက်ခံသည့် အွန်လိုင်း လှုပ်ရှားမှု ပြုလုပ်
    ဝန်ကြီးချူပ်ထံ စာပို့ရန် လက်မှတ်ကောက်ခံသည့် အွန်လိုင်း လှုပ်ရှားမှု ပြုလုပ်
    ဧပြီ ၂၀၊ ၂၀၁၆
    M-Media
    မိုးစက်
    .Petition · Thet Swe Win
    ရန်ကုန်။    ။ ယခုရက်ပိုင်းအတွင်း ဗုဒ္ဓဘာသာ အဆောက်အအုံများ အနီးတွင် ဈေးများရောင်းချနေသည့် အစ္စလာမ်ဘာသာဝင် ဈေးသည်များကို ဘုန်းတော်ကြီးများက ခြိမ်းခြောက်ပြီး ပစ္စည်းများ သိမ်းယူသည့် ကိစ္စများ ဖြစ်ပွားလျှက် ရှိနေပါတယ်။
    .
    အဆိုပါ ဖြစ်စဉ်များကို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းထံသို့ တိုင်ကြားစာ တစ်စောင် ပေးပို့သွားမည်ဖြစ်ပြီး အွန်လိုင်းတွင် အမှန်တရားနှင့် ငြိမ်းချမ်းရေးကို လိုလားသူများ မည်သူမဆို ပူးပေါင်းပါဝင် လတ်မှတ်ရေးထိုးနိုင်ကြောင်း ဦးဆောင်လှုပ်ရှားသူ  မြန်မာလူငယ်ကွန်ဂရက်(National Youth Congress – Republic of the Union of Myanmar) တွဲဘက် အထွေထွေအတွင်းရေးမှူး ကိုသက်ဆွေဝင်း ရဲ့ လူမှုကွန်ယက် စာမျက်နှာပေါ်မှာ တွေ့ရပါတယ်။
    .
    အဆိုပါ အွန်လိုင်းလှုပ်ရှားမှုတွင် ပြည်သူများရဲ့ လတ်မှတ်များကို ကောက်ခံပြီး မနက်ဖြန် (၂၁ ရက်)မနက်တွင် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ထံကို ပေးပို့သွားမှာ ဖြစ်တယ် လို့ သိရပါတယ်။
    .
    တိုင်ကြားစာ အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။
    .
    သို့
    ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့
    ရက်စွဲ။ ။ ၂၀၊၄၊၂၀၁၆
    အကြောင်းအရာ ။ ။ ရွှေတိဂုံဘုရား အရှေ့ဘက်မုဒ် ဗဟန်းဈေးအနီး ဈေးရောင်းချနေသည့် အစ္စလာမ် ဘာသာဝင် ဈေးသည်များအား ဘုန်းတော်ကြီးများက ရိုက်နှက် ခြိမ်းခြောက်ပြီး ပစ္စည်းများ သိမ်းယူသည့်ကိစ္စ ။
    ၁ ။ ။ ၁၇၊၄၊၂၀၁၆ (မြန်မာနှစ်ဆန်းတစ်ရက်နေ့) နံနက် ၉း၃၀ အချိန်ခန့်က ရွှေတိဂုံဘုရား အရှေ့ဘက်မုဒ် ဗဟန်းဈေးအနီးတွင် ခါးပတ်များရောင်းချနေသည့် ရဲကိုကို (ခ) အဒွတ်ကာသင် အမည်ရှိ အစ္စလာမ်ဘာသာဝင် ပျံကျဈေးသည်တစ်ဦးအား ဘုန်းတော်ကြီး ခြောက်ပါးက လာရောက်၍ ခြိမ်းခြောက် ရိုက်နှက်ပြီး ကျပ်ငွေ လေးသိန်းဖိုးခန့် တန်ဖိုးရှိသည့် ရောင်းချပစ္စည်းများအား သိမ်းယူမှုတစ်ခု ဖြစ်ပွားခဲ့ပါသည်။
    ၂ ။ ။ ယင်းနေ့ နေ့လည် ၁း၃၀ အချိန်ခန့်ကလည်း ဗဟန်း ၃လမ်း ကားမှတ်တိုင်းအနီးတွင် တယ်လီဖုန်းနှင့် ဖုန်းအပိုပစ္စည်းများ ရောင်းချနေသည့် ဗုဒ္ဒဘာသာဝင် ပျံကျဈေးသည်တစ်ဦးနှင့် အစ္စလာမ် ဘာသာဝင် ပျံကျဈေးသည်တို့အား ဘုန်းတော်ကြီး ဆယ်ပါးခန့်က လာရောက် ခြိမ်းခြောက်၍ ကျပ်ငွေ ဆယ်သိန်းဖိုးခန့် တန်ဖိုးရှိသည့် ရောင်းချပစ္စည်းများအား သိမ်းယူမှု တစ်မှုလည်း ထပ်မံဖြစ်ပွားခဲ့ပါသည်။
    ၃ ။ ။ ထို့အတူ ယင်းနေ့ နေ့လည်ကလည်း မဟာဝိဇယစေတီအနီး Happy World ကစားကွင်းဘေးတွင် ဒန်ပေါက်ရောင်းချနေသည့် အစ္စလာမ်ဘာသာဝင်မိသားစု တစ်စုအားလည်း ဘုန်းတော်ကြီးများက ခြိမ်းခြောက်၍ ဒန်ပေါက်ရောင်းသည့် ဒန်အိုးများအား သိမ်းယူမှုတစ်ခုလည်း ဖြစ်ပွားခဲ့ပါသည်။
    ၄ ။ ။ ထို့အပြင် ယမန်နှစ်ကလည်း ရွှေတိဂုံစေတီတော်၊ မိုးကောင်းဘုရား၊ တောင်ဥက္ကလာပဘုရား၊ မယ်လမုဘုရား စသည့်နေရာများတွင် ရောင်းချနေသည့် အစ္စလာမ်ဘာသာဝင်ပိုင် ဈေးဆိုင်များကိုလည်း ဘုန်းတော်ကြီးများက ခြိမ်းခြောက် သိမ်းဆည်းခြင်းများ ဖြစ်ပွားခဲ့ပါသည်။
    ၅ ။ ။ အဆိုပါ သိမ်းဆည်းခံပစ္စည်းများအား ပြန်လည်ရယူလိုပါက ရပ်ကွက်ထောက်ခံစာ၊ ရဲစခန်းထောက်ခံစာ၊ ဗလီထောက်ခံစာ၊ နောက်နောင် ၄င်းနေရာတွင် ဈေးလာမရောင်းတော့ပါဟု ကိုယ်တိုင်ရေးခံဝန် စသည်များယူပြီး လာပြန်ရွေးဖို့ ဘုန်းတော်ကြီးများက ပြောကြားခဲ့ပါသည်။
    ၆ ။ ။ ယင်းဖြစ်စဉ်များအနက်မှ ရဲကိုကို(ခ) အဒွတ်ကာသင် ၏ ဖြစ်စဉ်ကို ၀ီရမျိုးဆက် ဆိုသည့် Facebook စာမျက်နှာတွင် တင်ထားပြီး ၄င်းကိုယ်တိုင် ရဲကိုကို(ခ) အဒွတ်ကာသင်အား ရိုက်နှက်ခဲ့ကြောင်း ၄င်းfacebook စာမျက်နှာတွင် ရေးသားထားသည်ကို တွေ့ရပါသည်။ အဆိုပါ Facebook account သည် ယခင်ကလည်း လူမျိုးရေး၊ ဘာသာရေး မုန်းတီးမှုများကို ဖြန့်ဝေနေသည့် account ဖြစ်ပါသည်။ ၀ီရမျိုးဆက် account နှင့် ဆက်စပ်account များသည် profile အတုများဖြစ်ကြပြီး ၄င်းစာမျက်နှာများတွင် ဘာသာရေး လူမျိုးရေး မုန်းတီးမှုကိုဖြစ်ပေါ်စေသည့် စာများ၊ ပုံများကို ဖြန့်ဝေထားပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ပိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတော် သမ္မတကြီးအား ညစ်ညမ်းစွာ ရေးသားထားသည့် စာများ၊ ပုံများကိုလည်း ဖြန့်ဝေထားသည်ကို တွေ့ရှိရပါသည်။
    ၇ ။ ။ အခြေခံဥပဒေ အခန်း(၈) ပုဒ်မ ၃၅၇ တွင် နိုင်ငံတော်သည် နိုင်ငံသားများ၏ နေအိမ် ဥပစာလုံခြုံရေး၊ ပစ္စည်းလုံခြုံရေးအတွက် အကာအကွယ်ပေးရမည်။ ပုဒ်မ ၃၇၀(က) တွင် နိုင်ငံတော်အတွင်း စီးပွားရေး လုပ်ငန်းများကို လွတ်လပ်စွာလုပ်ကိုင်နိုင်သည် ဟုဖော်ပြထားပြီး ယခုဖြစ်စဉ်များသည် ဖော်ပြပါ နိုင်ငံသားအခွင့်အရေးများအား တိုက်ရိုက် ချိုးဖောက်နေသည့်အပြင် ရိုက်နှက်မှု၊ ခြိမ်းခြောက် လုယက်မှုများ အဖြစ်လည်း ပြစ်မှုမြောက်ပါသည်။ သာသနာတော်ညှိုးနွမ်းစေမှုလည်း ဖြစ်ပါသည်။ နိုင်ငံတော် အကြည်ငြိုပျက်စေမှုလည်းဖြစ်ပါသည်။
    ၈ ။ ။ ယခုအဖြစ်အပျက်များသည် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများကို ဦးတည်သွားစေနိုင်သည့်အပြင် အသွင်ကူးပြောင်းစ မြန်မာ့ဒီမိုကရေစီအရေးကို များစွာထိခိုက်စေနိုင်ပြီး ဘာသာပေါင်းစုံ ချစ်ကြည် ညီညွတ်ရေးကို ပျက်ပြားစေနိုင်ပါသဖြင့် ထိထိရောက်ရောက် အရေးယူပေးပါရန် တိုင်ကြားအပ်ပါသည်။
    ၉ ။ ။ ဖြစ်စဉ်အသေးစိတ်ကို ပူးတွဲတင်ပြထားပါသည်။
    လေးစားစွာဖြင့်
    တရားဥပဒေစိုးမိုးရေးကို လိုလားသူများကိုယ်စား
    မိတ္တူကို –
    ၁ ။ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး
    အွန်လိုင်းမှ ပါဝင် လက်မှတ်ထိုးနိုင်သည့် Link
    ———————————————
    http://tinyurl.com/zvsq6ks