နိုဝင်ဘာ ၃၊ ၂၀၁၂
M-Media
သတင်း – ထွန်းတောက်
နိုဝင်ဘာ ၂ (ည ၁၁း၄၅ နာရီ)။ ။ဆင်တမှော်ရောက် မွတ်စလင်မ် ဒုက္ခသည် တစ်ဦး၏ ပြောကြားချက်
ဆင်တမှော် ။ ။ကျောက်ဖြူမြို့မှာ အကြမ်းဖက်သမားများ၏အကြမ်းဖက်မီးရှို့ခံရမှုကနေ ထွက်ပြေးခဲ့ရပြီး ယခုအခါ ဆင်တမှော်မှာ ရောက်ရှိနေတဲ့ မွတ်စလင်မ်ဒုက္ခသည်များနဲ့ ဆက်သွယ်မေးမြန်းတဲ့အခိုက် ကမန်မွတ်စလင်မ် ဒုက္ခသည်တစ်ဦးပြောပြခဲ့တာဖြစ်ပါတယ်။
“ဆင်တမှော်ကို တနေ့ကတော့ နယ်စပ်ရေးရာဝန်ကြီးဦးကိုကိုနဲ့ စီးပွားရေးဝန်ကြီး ဦးမြင့်အောင်တို့ ရောက်လာကြတယ်။ ဒုက္ခသည်တွေနဲ့တွေ့တယ်။ မနက်ဖြန်(၃.၁၁.၁၂)မှာ လ.၀.က က ဒုက္ခသည်တွေကို စစ်မယ်၊ စစ်ပြီး၇င် ကျောက်ဖြူကို ပြန်ပို့မယ်လို့ပြောတယ်။ ကျောက်ဖြူက ဒုက္ခသည်တွေက ကမန်တွေချည်းပဲ။ ဒါပေမယ့် အခုတော့ တချို့မှာ မှတ်ပုံတင်၊ အိမ်ထောင်စုဇယားတွေ မရှိကြတော့ဘူး။ ကျောက်ဖြူကို ပို့မယ်ဆိုတာ ကိုယ့်အိမ်တွေကို မဟုတ်သေးပါဘူး။ ကျောက်ဖြူမှာ ဒုက္ခသည်စခန်းပုံစံမျိုးကို ပို့မယ်ပြောတာပါ။”
“ကျောက်ဖြူက စိတ်ထားကောင်းတဲ့ ရခိုင်တွေကလည်း မွတ်စလင်မ်တွေ အခုလိုဖြစ်တာကို တော်တော်စိတ်မကောင်းဖြစ်ကြတယ်။ သူတို့တွေကလည်း ပြောကြတယ်။ ကျောက်ဖြူက မွတ်စလင်မ်တွေ ဆင်တမှော်မှာ ဒုက္ခရောက်နေကြရတယ်။ ဒါကြောင့် ကျောက်ဖြူကို ပြန်ခေါ်ပါလို့ပြောကြတယ်။ တစ်နေ့က ကျောက်ဖြူက ရခိုင်တွေနဲ့ ကျွန်တော်တို့ဒုက္ခသည်တွေ ဖုန်းပြောဖြစ်တယ်။ သူတို့တွေ ငိုကြတယ်။ ကျောက်ဖြူမှာ မွတ်စလင်မ်တွေ အခုလိုဖြစ်ရတာ ကျောက်ဖြူမြို့ခံထဲက တစ်ယောက်ပဲ အဓိကပါတယ်။ ကျန်တာက တစ်ခြားကရခိုင်တွေ။ ကျောက်ဖြူ အကြမ်းဘက်မှုကို လုပ်သွားတဲ အဓိကလူက ဗလကြီးလို့ခေါ်တယ်။ ကျောက်ဖြူမြို့က သူတယောက်ဘဲပါတယ်။ သူက ကျောက်ဖြူမှာ မီးပေးတယ်။ အစိုးရကပေးတဲ့ လျှပ်စစ်မီးသေသွားတဲ့အခါမှာ ဗလကြီးက မီးပေးလေ့ရှိတယ်။ ကျွန်တော်တို့ မွတ်စလင်မ်တွေလည်း သူ့ဆီက မီးယူရတာပါ။ သူ အခုလို မွတ်စလင်မ်တွေ ဒုက္ခရောက်အောင် လုပ်တာကို ကျောက်ဖြူက စီးပွားရေးသမား ကိုကျော်လင်းဆိုသူကလည်း မကျေနပ်ဘူး။ ဘာလို့လဲဆိုတော့ မွတ်စလင်မ်တွေစက်လှေတွေကို ကိုကျော်လင်းက ငွေထုတ်ပေးထားတာ။ အခုလိုဖြစ်သွားတော့ သူလည်း စီးပွားရေးထိခိုက်တာပေါ့။ ကိုကျော်လင်းကို ထောက်ခံတဲ့ နောက်တစ်ယောက်ကတော့ ဦးအောင်ဘစောဆိုတဲ့တစ်ယောက်ပါ။ သူကလည်း ကျောက်ဖြူမှာနေပါတယ်။ ရန်ကုန်မှာတော့ အိုလမာရုံးချုပ်နဲ့ မျက်နှာချင်းဆိုင်မှာ ဖွင့်ထားတဲ့ မြတ်မင်္ဂလာ ရွှေဆိုင် ပိုင်ရှင်လို့သိရတယ်။ သူကလည်း ကိုကျော်လင်းကိုထောက်ခံတယ်။ အခုတော့ ဗလကြီးလည်း ကျောက်ဖြူမှာ မရှိတော့ဘူး ရန်ကုန်ရောက်နေတယ်လို့ကြားတယ်။”
“လွန်ခဲ့တဲ့ ၃-၄ရက်ကတော့ ဒုက္ခသည်တွေအတွက် ဆန်အိတ်(၁၅၀)၊ ပဲအိတ်(၇)အိတ် လာပေးသွားတယ်။ ဒုက္ခသည်က ၄၀၀၀ ကျော်ရှိပါတယ်။ အခုတော့ ကမ်းမှာ စက်လှေ (၂)စီးကပ်ထားတယ်။ ရိက္ခာအတွက်လို့ပဲထင်တယ်။ အဲဒီစက်လှေ (၂)စီးကပ်မယ်ဆိုတော့ ကျွန်တော်တို့ရဲ့ လှေတွေကို ဘေးကို ဆွဲပေးထားရတယ်။ အခုတော့ မှောင်နေပြီဆိုတော့ စက်လှေပေါ်ကို ဘာမှ မမြင်ရဘူး။ ဒီမှာ ဘာမီးမှ မရှိဘူး။ မှောင်မည်းနေတာ။”
“လွန်ခဲ့တဲ့ ၃-ရက်လောက်ကပဲ သတင်းထောက်တွေ လာသွားတယ်ဗျ။ နယူးဇီလန်က(၁)ယောက်၊ သြစတြီးယားက(၁)ယောက်၊ လက်ဘနွန်က(၁)ယောက် စုစုပေါင်း(၃)ယောက် ရွာထဲမှာ ၃-နာရီလောက်ကြာတယ်။ ဗီဒီယိုလည်း လှည့်ရိုက်တယ်။ အင်တာဗျူးလည်းလုပ်သွားတယ်။ ကြားထဲက စကားပြန်ပါတယ်။ စကားပြန်ကလည်း အမှန်အတိုင်းတော့ ပြန်ပေးပါတယ်။ သတင်းထောက်တစ်ယောက်က မေးတာရှိတယ်။ နိုင်ငံတော်အစိုးရက ရိုဟင်ဂျာတွေရယ် ကမန်တွေရယ်ကို ပေါင်းပြီး ဘင်္ဂါလီလို့ပြောရင် လက်ခံမလားတဲ့။ ကျွန်တော်တို့တွေ ဖြေတယ်။ လက်မခံနိုင်ပါဘူး။ ကမန်တွေဟာ တိုင်းရင်းသားအဖြစ် အသိအမှတ်ပြုထားခံရတာတောင် အခုလို လုပ်ခံရတာ ဒါကြောင့် လက်မခံနိုင်ပါဘူးလို့ပြောလိုက်တယ်။ ကျောက်ဖြူကို ပြန်ချင်တယ်။”လို့ ပြောကြတော့။ သတင်းထောက်က ပြောတယ် လုံခြုံပါ့မလားတဲ့။ ကျွန်တော်တို့တွေလည်း ပြောလိုက်တယ်။ အဲဒါတွေအတွက်က နိုင်ငံတော်အစိုးရမှာသာ တာဝန်ရှိပါတယ်’လို့ နောက် ပြည်တွင်းက သတင်းထောက် တစ်ယောက်လည်းပါတယ်။ ဘယ်ကလဲ နာမည်ဘယ်သူလဲတော့ မသိဘူး။ အယ်လ်ဂျဇီးဒါး ဦးထုတ်တော့ ဆောင်းထားတယ်ဗျ။ ကျွန်တော်တို့ အေးချမ်းချင်လှပါပြီ” လို့ သူကြုံတွေ့သိထားသမျှရယ် သူ့ခံစားချက်ရယ်ကို M-Media ကို ပြောပြလာပါတယ်။
Leave a Reply
You must be logged in to post a comment.